ခင်လှ၊ ဒေါ် (ဝဏ္ဏကျော်ထင်)
ဒေါ်ခင်လှ (ဝဏ္ဏကျော်ထင်) (ခရစ် ၁၉၁၀-၁၉၆၂)
ပြင်ဆင်ရန်ဝဏ္ဏကျော်ထင်ဘွဲ့ရ ဒေါ်ခင်လှမှာ ဟံသာဝတီခရိုင် နံယောရွာနေ အဖ ဦးဘတင်၊ အမိ ဒေါ်စိန်တို့၏ ဒုတိယသမီးဖြစ်သည်။ ၁၂၇၂ ခုနှစ်၊ တော်သလင်းလဆန်း(၁၂) ရက်(၁၉၁၀ ပြည်နှစ် ၊ စက်တင်ဘာလ ၁၅ ရက်) ကြာသပတေးနေ့တွင် ဖွားမြင်ခဲ့သည်။ အသက် (၇) နှစ်အရွယ်တွင် ရန်ကုန်မြို့ စမ်းချောင်းရပ်သို့ ပြောင်းရွှေ့နေထိုင်ပြီးကြည့်မြင်တိုင် အမျိုးသမီးသမီးအထက်တန်းကျောင်း(၇) တန်းအောင်မြင်သည်။ ဖခင်ဦးဘတင်သည် ဂျီစီဘီအေခေတ်က နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သော မျိုးချစ်ပုဂ်ဂိုလ်တစ်ဦးဖြစ်ပြီး မိခင်ဒေါ်စိန်မှာ ကြည့်မြင်တိုင်မြို့နယ်လုံးဆိုင်ရာ ကုမ္မာရီအမျိုးသမီးအသင်း ဒုတိယဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ၁၃ဝဝပြည့် ရေနံမြေသပိတ်ကြီး ချီတက်လာစဉ် ဒေါ်ခင်လှက စိတ်ရောကိုယ်ပါ အားပေးကူညီခဲ့သည်။ အလုပ်သမားတို့ ၏ ဆင်းရဲပင်ပန်းပုံများကို တွေ့မြင်သည်။ နိုင်ငံရေးနယ်ပယ်တွင် တာဝန်ယူကူညီလုပ်ကိုင်ရန် စိတ်ပိုင်းဖြတ်ခဲ့သူ ဖြစ်သည်။ မကြာမီပင် စမ်းချောင်းရပ်ကွက် အမျိုးသမီးစုကို ဦးဆောင်စည်းရုံးကာ တက်ခေတ်အမျိုးသမီးအစည်းအရုံးကိုတည်ထောင်ပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။ ထိုအချိန်မှာ မြန်မာတစ်ပြည်လုံး မျိုးချစ်စိတ်ဓာတ် ထက်သန်တက်ကြွနေချိန်ဖြစ်သည်။ ဒေါ်ခင်လှဦးစီးသော အမျိုးသမီးအစည်းအရုံးကလည်း အမျိုးသားရေးလှုပ်ရှားမှုများတွင် တတပ်တအား ပါဝင်ခဲ့သည်။ သပိတ်စခန်းများတွင် ငွေအား ၊ လူအားနှင့် အားကြိုးမာန်တက်ကူညီဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။ နယ်ချဲ့ဆန့်ကျင်ရေးကာလတွင် တတပ်တအား ပါဝင်ပြီး လွတ်လပ်ရေးသည် ပထမ၊ အမျိုးသမီးထုအရေးသည် ဒုတိယဟု ခံယူခဲ့ကြသည်။ ထို့ကြောင့် ရန်ကုန်မြို့လုံးကျွတ်အမျိုးသမီးအသင်းအဖွဲ့ပေါင်းစုံတို့အား ဖိတ်ကြားပြီး ရွှေတိဂုံစေတီအလယ်ပစ်စယံတွင် အစည်းအဝေးကြီး ကျင်းပခဲ့သည်။ အဖွဲ့၏ ရည်ရွယ်ချက်အတိုင်း ရွှေတိဂုံစေတီတော် တောင်ဘက်စောင်းတန်း မော်လမြိုင်ဇရပ်တွင် အဖွဲ့၏ အမည်ကို မြန်မာပြည်လွတ်လပ်ရေး အရယူမည်ဟူသော ရည်ရွယ်ချက်အတိုင်း' ဗမာ့လွတ်လပ်ရေးအမျိုးသမီးအဖွဲ့ချုပ်ဟု' အမည်ပေးကာ ဒုတိယဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ ဗမာပြည်လွတ်လပ်ရေးအမျိုးသမီးအဖွဲ့ချုပ်ကို ဖွဲ့စည်းပြီးမကြာမီပင် ၉၁- ဌာနအုပ်ချုပ်ရေး ကန့်ကွက်ပွဲကျင်းပရာ အဖွဲ့ဝင်တပ်ဦးမှ ချီတက်ပါဝင်ခဲ့ကြရာ ရွှေတိဂုံဘုရားမှ မြို့မကျောင်းအထိ ချီတက်ဆင်နွှဲခဲ့ကြသည်။ ထို့နောက် သံဃာတော်တစ်ပါးအား နယ်ချဲ့အစိုးရက အကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင်ပြီး ရေကျော်ဂိတ်တွင်ထားသဖြင့် သွားရောက် စုံစမ်းမေးမြန်းကြရာ ဒေါ်ခင်လှနှင့် အမျိုးသမီးထုက များပြားလှသဖြင့် နယ်ချဲ့အစိုးရက မျက်ရည်ယိုဗုံးကို အသုံးပြုပြီး မြင်းတပ်နှင့်နှိမ်နှင်း ၊ တုတ်နှင့်ရိုက်ခြင်းများပြုလုပ်နှိမ်နင်းခဲ့ရသည်။ ဗမာပြည်လွတ်လပ်ရေး အမျိုးသမီးအဖွဲ့ချုပ်မှ ဆောင်ရွက်ချက်များတွင် မြန်မာအမျိုးသမီးများသည် နိုင်ငံခြားသားများနှင့် လက်ထပ်ပါက လူမျိုးအလိုက် သားသမီးများအား အမွေဆက်ခံခွင့် ရရှိရေးအတွက် (နိုင်ငံခြားသားများနှင့် မြန်မာအမျိုးသမီးများလက်ထပ်ရေးဥပဒေ) အောင်မြင်ရန် ဆောင်ရွက်ခဲ့သည်။ စင်ကာပူတွင် မြန်မာပြည်မှ သွားရောက်အလုပ်လုပ်နေကြသော မြန်မာအမျိုးသမီးလေးများ ဒုက္ခကြုံသောအခါ၊ စစ်တကောင်းတွင် ဒုက္ခရောက်နေကြသော မြန်မာအမျိုးသမီးများ မြန်မာပြည်ပြန်လည်ရောက်ရှိရေး ဆောင်ရွက်သောအခါ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ၁၉၄၅ ခုနှစ် မဟာမိတ်တပ်များ ဝင်ရောက်လာချိန်မှစ၍ ဗမာပြည်လွတ်လပ်ရေး အမျိုးသမီးအဖွဲ့ချုပ်ကြီး၏ လုပ်ငန်းများပြန်လည် ဆောင်ရွက်ခဲ့ကြပြန်သည်။ မြန်မာပြည်အရပ်ရပ်သို့သွားရောက်ကာ ဗမာပြည်လွတ်မြောက်ရေး အမျိုးသမီးအဖွဲ့ကွဲများတည်ထောင်ခဲ့ကြသည်။ နေသူရိန်ဆုံးဖြတ်ချက်ကြီးကို စမ်းချောင်းမြသိန်းတန်ဓမ္မာရုံတွင် ကျင်းပပြီး ထောက်ခံခဲ့ကြသည်။ ဆင်းမလားစီမံကိန်း၊ ရောဘာစာချုပ်တို့ကို အပြင်းအထန်ကန့်ကွက်ခဲ့ကြသည်။ ရန်ကုန်တက္ကသိုလ်ကျောင်းကြီး ပြန်မဖွင့်မီ မဂိုလမ်း၊( ယခု ရွှေဘုံသာလမ်း) ၌ ခေတ္တတက္ကသိုလ်ကျောင်းအဖြစ် ဖွင့်လှစ်ပညာသင်ကြားနေစဉ် ကျောင်းသားများ စည်းလုံးညီညွတ်စွာ နေထိုင်ဆောင်ရွက်နိုင်ကြစေရန်၊ ကျောင်းသားသမဂ္ဂပေါ်ပေါက်လာစေရန် ရန်ပုံငွေများရရှိအောင် ဆောင်ရွက်ပေးခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် မြန်မာတစ်ပြည်လုံးရှိ ဗမာ့လွတ်လပ်ရေး အမျိုးသမီးအဖွဲ့များ၏ နှစ်ပတ်လည်ပြည်လုံးကျွတ်ညီလာခံကြီးကို ရွှေတိဂုံဘုရား အလယ်ပစ္စယံရှိ ရဲပိဋကတ်တိုက်တွင် ကျင်းပပြီး ဒေါ်ခင်လှအား ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာပြည်လွတ်လပ်ရေး အမျိုးသမီးအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။ တိုင်းပြု ပြည်ပြု လွှတ်တော်တွင် ကြည့်မြင်တိုင်တောင်ပိုင်းမှ အမျိုးသမီးအမတ်အဖြစ်ရွေးချယ်ခံရသည်။ မြန်မာပြည်လွတ်လပ်ရေးအတွက် တိုင်းပြုပြည်ပြုလွှတ်တော်အခြေခံဥပဒေ ရေးဆွဲရာတွင်လည်း (ဥပဒေကြမ်းရေးဆွဲကော်မတီ(၁၁၁) ဦးအဖွဲ့တွင်) ပါဝင်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း ၊ ဒီးဒုတ်ဦးဘချိုတို့နှင့်အတူ ဗမာနိုင်ငံရေးတွင် လက်တွဲလုပ်ကိုင်လာခဲ့သော အမျိုးသမီး ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ပါလီမန်အတွင်း အမျိုးသမီးများနှင့် အမျိုးသားများ တန်းတူအခွင့်အရေးရရှိရေးကို ဆောင်ရွက်ခဲ့သည်။ မြန်မာအမျိုးသမီးကလေးများ၏ အားကိုးရာမဲ့ နှိမ့်ကျနေသော အခြေအနေတို့ကို ပိုမိုစိတ်ဝင်စားသည့်အလျောက် - စစ်ဘေးစစ်ဒဏ်နှစ်ခါခံရသော မြန်မာပြည်တွင် အမျိုးသမီးကလေးများ၏ အကျင့်စာရိတ္တပြုပြင်ရေး ၊ကျန်းမာသန်စွမ်းရေး၊ စာပေပညာ ၊ အသက်မွေးဝမ်းကျောင်းပညာသင်ကြားရေးတို့ကို ဆောင်ရွက်ရန် အဖွဲ့အစည်းတစ်ခုဖွဲ့စည်းဖို့ လွတ်လပ်ရေးအမျိုးသမီး အမှုဆောင်အဖွဲ့မှ ဆုံးဖြတ်ချက် ချခဲ့သည်။ ထိုဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန် ၁၉၄၇ ခုနှစ် ၊ စက်တင်ဘာတွင် လွတ်လပ်ရေးအမျိုးသမီးများအစည်းအရုံး ၊ ရဲအမှုထမ်းများအသင်း၊ ဗမာ-မွတ်စလင်အမျိုးသမီးအဖွဲ့ ၊ ဆရာဝန်များသမဂ္ဂမှ ကိုယ်စားလှယ်များပါဝင်ပြီး စိတ်ပါဝင်စားသော ပုဂ္ဂိုလ်များ ၊ သတင်းစာဆရာများ ပါဝင်သော အစည်းအဝေးကြီးတစ်ခု ကျင်းပပြီး ' ဗမာပြည်အမျိုးသမီးများ ကယ်တင်ရေးဌာနချုပ် ဗမာနိုင်ငံ' အမည်ဖြင့် အထက်ပါလူကြီးမင်းများ ပါဝင်သော လူမှုရေးအဖွဲ့တစ်ခုကို တည်ထောင်ခဲ့သည်။ ထိုဌာနချုပ်၏ ဥက္ကဋ္ဌအဖြစ် ဒေါ်ခင်လှကိုပင် ရွေးချယ်တာဝန်ပေးခဲ့ကြသည်။ မကြာမီလွတ်လပ်ရေးရတော့မည့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ ပြန်လှန်ထူထောင်ရေးတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နိုင်သော အမျိုးသမီးများ ပေါ်ထွန်းလာနိုင်ရန် ရည်ရွယ်ခဲ့သော အဖွဲ့ဖြစ်သည်။ လူမျိုးဘာသာမရွေးခိုကိုးရာမဲ့ မိန်းမပျိုလေးများကို ကာကွယ်စောင့်ရှောက်ခဲ့ရာ တိုးတက်အောင်မြင်မှုများ ရရှိခဲ့သည်။ ရုပ်ရှင်များ ဆင်ဆာ အဖွဲ့ဝင်လူကြီး( ၁၉၅၅) ၊ ဗဟိုအကျဉ်းထောင်ကြီး၏ အကြံပေးအဖွဲ့ဝင် ( ၁၉၅၁) ၊ ဒပ်ဖရင်ဆေးရုံကြီး( ယခု ဗဟိုအမျိုးသမီးဆေးရုံ) အကြံပေးကော်မတီအမှုဆောင် ( ၁၉၆၁) အဖြစ်လည်း လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ၁၉၅၁တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယနှစ်ပတ်လည်ပွဲသို့ တက်ရောက်ခဲ့သည်။ ၁၉၅၂ တွင် တရုတ်ပြည်၊ ပီကင်းမြို့တွင်ကျင်းပသည့် အာရှပစိဖိတ်ဒေသရှိ နိုင်ငံများ ငြိမ်းချမ်းရေးပမာဏပြင်ဆင်မှုညီလာခံသို့ တက်ရောက်ခဲ့သည်။ ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ ဘာလင်မြို့ ငြိမ်းချမ်းရေးကောင်စီ အစည်းအဝေးသို့လဲ တက်ရောက်ခဲ့သည်။ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေပင်မြို့တွင် ကျင်းပသည့် ကမ္ဘာ့အမျိုးသမီးညီလာခံသို့ တက်ရောက်ခဲ့သည်။ ၁၉၅၂ ခု ၊ ဩစတြီးယားနိုင်ငံ ဗီရာနာမြို့တွင် ကျင်းပသော ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးညီလာခံသို့ တက်ရောက်ခဲ့သည်။ ၁၉၅၈ ခု ဖေဖော်ဝါရီလတွင် သီဟိုဠ်ကျွန်း( ယခုသီရိလင်္ကာနိုင်ငံ ) ကိုလံဘိုမြို့တွင် ကျင်းပသော ပထမအကြိမ်မြောက် အာရှအာဖရိက အမျိုးသမီးညီလာခံသို့ အဖွဲ့ခေါင်းဆောင်အဖြစ် တက်ရောက်ခဲ့သည်။ ၁၉၅၈ ခု ၊ ဇူလိုင်လတွင် အိန္ဒိယပြည် ကာလကတ္တားမြို့တွင် ကျင်းပသော ကျေးလက်တောရွာပြုပြင်ရေး အမျိုးသမီးညီလာခံသို့လည်း တက်ရောက်ခဲ့သည်။ ထိုခရီးမှတ်တမ်းများက ဒေါ်ခင်လှ၏ လူမှုရေးလုပ်ငန်းဆောင်ရွက်မှု စိတ်ပါဝင်စားမှုတို့ကို ညွန်ပြနေလေသည်။ ထို့ကြောင့်လည်း ၁၉၆၂ ခုနှစ် မြန်မာ့လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဝဏ္ဏကျော်ထင်ဘွဲ့ချီးမြှင့်ခြင်းခံရသည်။ မြန်မာအမျိုးသမီးများ၏ အကျိုးကို ဦးဆောင်ဦးရွက်ပြုကာဆောင်ရွက်ခဲ့သူ၊ ကာကွယ်စောင့်ရှောက်ခဲ့သူ ၊ ဖွံ့ဖြိုးတိုးတက်အောင်အခြေခံပြုပေးခဲ့သူ အမေ ဒေါ်ခင်လှသည် အသက် (၅၂) အရွယ်၊ ၁၉၆၂ ခု ၊ မေလ၊ (၅) ရက်နေ့ ညနေတွင် ရန်ကုန်မြို့ဗဟန်းမြို့နယ် ဝင်္ကပါလမ်း အမှတ် (၁၇) ရှိ ဗမာပြည်အမျိုးသမီးကယ်တင်ရေး အဆောက်အအုံ ၌ပင် ကွယ်လွန်အနိစ္စရောက်ခဲ့လေသည်။
ကျမ်းကိုးစာရင်း
ပြင်ဆင်ရန်၁။ မြန်မာအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ရွှေရတု မဂ္ဂဇင်း( ၁၉၉၇ ၊ နိုဝင်ဘာလ) စာ-၁၈၊ ၂၁။