ခရုခွံဆိုရာ၌ ခရု၊ ကမာ၊ ရှပ်၊ ယောက်သွား စသော ခရုမျိုးဝင် တိရစ္ဆာန်အမျိုးမျိုးတို့၏ အခွံအားလုံးကို ဆိုလိုသည်။ ခရုအခွံသည် ခရုကောင်၏ ခန္ဓာကိုယ်ထက်ကြီးကာ အပြင်ဘက်၌တည်ရှိ၍ အကာအကွယ်အလို့ငှာဖြစ်သည်။ သို့သော် ပက်ကျိ၊ ကင်းမွန်၊ ဘဝဲ စသောအကောင်များတွင် အခွံသည် ခန္ဓာကိုယ်အတွင်း၌ တည်ရှိတတ်သည်။ ထိုအခွံမျိုးသည် များသောအားဖြင့် သေးငယ်တတ်သည်။ အချို့ခရုမျိုး၌ကား အခွံဟူ၍ လုံးဝမပါရှိချေ။ ခရုခွံများကို ပင်လယ်ကမ်းခြေ၌ တွေ့ရဖန်များတတ်သည်။ သို့သော် ပင်လယ်ထဲ၌လည်း အနှံ့အပြား ရှိသည်။ အချို့မှာ ပင်လယ်ကမ်းရိုးတန်းရှိ ရွံ့နွံများအောက်၌ နစ်မြုပ်နေ၍၊ အချို့မှာ ပင်လယ်အောက်သို့ ကျနေတတ်သည်။ တခါတရံ ကမ်းမှ မိုင်ပေါင်းများစွာကွာသည့် ပင်လယ်ရေပြင်၌ ပေါလောမျောနေသည့် ခရုခွံများလည်း ရှိသည်။ ရေငန်ရပ်တွင်သာမဟုတ် ရေချိုရပ်၌လည်း ခရုခွံအများကို တွေ့နိုင်သည်။ လွန်လေပြီးသောအခါက ပေါ်ပေါက်ခဲ့သော ပင်လယ်သမုဒ္ဒရာတို့သည် နှောင်းကာလ၌ တိမ်ကောသွားတတ်သည်။ ထိုအခါ ပင်လယ်အောက်ရှိ မြေသည် ပေါ်လာပြီးလျှင် မြင့်မားသော ကုန်းမြင့်တောင်တန်းဖြစ်လာတတ်သည်။ ထိုဒေများ၌ ခရုခွံတို့၏ ကျောက်ဖြစ်ရုပ်ကြွင်းများကို တစ်ခါတစ်ရံ တူးဖော်ရရှိတတ်သည်။

အမြင်လေးမျိုးဖြင့် ကုန်းခရုခွံ
အတွင်းပိုင်း ဖွဲ့စည်းပုံကို ပြသရန်အတွက် ပျက်စီးနေသော ကုန်းခရုခွံတစ်ခု

ဖြစ်ပေါ်လာပုံ

ပြင်ဆင်ရန်

ခရုကိုယ်၏ ကျောမှ စိမ့်၍ထွက်လာသော အရည်သည် စစ်၍ ခြောက်သွားသောအခါ ခရုခွံဖြစ်လာသည်။ ထိုအခွံများတွင် အဓိက ပါဝင်သော ပစ္စည်းတို့မှာ ထုံးကျောက်၊ မြေဖြူ၊ စကျင်ကျောက် စသည်တို့၏ အရင်းခံပစ္စည်းဖြစ်သော ကယ်လဆီယမ် ကာဗွန်နိတ်ပင် ဖြစ်သည်။ ထို့ကြောင့် ခရုခွံများကို မီးပြင်းတိုက်လျှင် ထုံးရစမြဲဖြစ်၏။ ခရုကောင်ကြီးမားလာလေလေ၊ အခွံလည်း ထူလာလေလေဖြစ်သည်။

ခရုခွံတွင် အလွှာသုံးလွှာရှိသည်။ အပြင်ဘက်ဆုံးအလွှာသည် ချိုသားဖြစ်၍ ထုံးဓာတ်မပါဝင်ချေ။ ထိုအောက်ရှိ ဒုတိယအလွှာ၌ ကယ်လဆိုက်ဓာတ်ဖြင့် ပြီးသော သေးငယ်သည့် ပရစ်ဇမ်ပုံ ပစ္စည်းကလေးများ ပါရှိသည်။ အောက်ဆုံးအလွှာမှာ ပုလဲရောင်ထ၍ ချောမွေ့ပြောင်လက်နေသော ကနုကမာအလွှာဖြစ်သည်။ ထိုအလွှာတွင် ထုံးဓာတ်ပါဝင်သော ပစ္စည်နှင့် ချိုသားပါဝင်သော ပစ္စည်းတို့သည် တစ်လွှာပေါ်တစ်လွှာဆင့်၍ တည်နေကြသည်။ ထိုသို့ အလွှားလွှားထပ်နေသော အဆင့်တို့၌ လွတ်နေသော အစွန်းများ ရှိသည်။ ထိုအစွန်းများသို့ အလင်းရောင်ဖြတ်သွားသည့်အခါ အလင်းရောင်သည် ယိုင်သွားပြီးလျှင် စိမ်း၊ နီ၊ ဝါ၊ ပြာ စသော သက်တံရောက်များသည် ဖြစ်ပေါ်လာလေသည်။ ထို့ကြောင့် ကနုကမာအထပ်သည် အများက နှစ်သက် တန်ဖိုးထားရလောက်အောင် တောက်ပြောင်လှပလေသည်။ အပြင်ဘက်ရှိ ခရုခွံ၏ အရောင်သည် အမျိုးမျိုးရှိသည်။ သို့သော် အစိမ်းရောင်ချည်းသော်လည်းကောင်း၊ အပြာရောင်ချည်းသော်လည်းကောင်းမရှိချေ။ အရောင်အမျိုးမျိုး ဒွေးရောယှက်တင် ရှိတက်သည်။ အပူပိုင်း ဒေသများတွင် တွေ့ရသော ခရုခွံများသည် သမပိုင်းဇုန်တွင် တွေ့ရသော ခရုခွံများထက် ပို၍ လှပတောက်ပြောင်သည်။

အမျိုးအစား ခွဲခြားခြင်းနှင့် တွေ့ရှိရသော နေရာများ

ပြင်ဆင်ရန်

ခရုခွံများတွင် ပုံသဏ္ဌာန် အမျိုးမျိုး ရှိကြသော်လည်း အကြမ်းအားဖြင့် နှစ်မျိုးနှစ်သား ခွဲခြားထားသည်။ တစ်မျိုးမှာ ခရုလုံး၊ ခရုစေတီ တို့ကဲ့သို့ အခွံတစ်ခုတည်းသာ ရှိ၍ ယင်းကို အခွံထီးဟု ခေါ်သည်။ အခြားတစ်မျိုးမှာ ရှပ်၊ ကမာ၊ ယောက်သွားတို့ကဲ့သို့ တစ်နေရာတွင် ပတ္တာသဘောဖြင့် ဆက်နေသော အခွံနှစ်ခုရှိ၍၊ ယင်းကို အခွံမများသာ ဖြစ်ကြ၍၊ ရေခရုမျိုးတို့၏ အခွံများတွင် အခွံထီးရော အခွံစုံပါ နှစ်မျိုးစလုံး တွေ့ရသည်။ ယနေ့အထိ အကြီးဆုံးသော ခရုခွံများကို အိန္ဒိယနှင့် ပစိဖိတ်သမုဒ္ဒရာတို့တွင် တွေ့ရသည်။ ထိုအခွံများမှ ကမာခွံ အကြီးစားမျိုးနှင့် သဏ္ဌာန်တူ၍ အချင်း ၂ပေမှ၊ ၃ ပေ အထိ ရှိပြီးလျှင် အလေးချိန်မှာ တစ်ခါတစ်ရံ ပေါင် ၄၀၀ ပင် ကျော်တတ်ပေသေးသည်။ ထိုအခွံကြီးများသည် အလွန်မာသောကြောင့် ကယ်ရိုလိုင်းကျွန်းများရှိ တိုင်းရင်းသားတို့သည် ယင်းအခွံများကို ပုဆိန်များပြုလုပ်၍ သုံးစွဲကြသည်။ ပုလဲနှင့် ရေမြှုပ်ငုပ်သမားများသည် ပင်လယ်အောက်၌ တစ်ခါတစ်ရံ ထိုအကောင်ကြီးမျိုး အညှပ်ခံရသဖြင့် ရေနှစ်သေဆုံးကြရသည်။ တစ်ခါတစ်ရံလည်း အညှပ်ခံရသော ခြေလက်ကို ပိုင်းဖြတ်၍ ကိုယ်လွတ်ရုန်းခဲ့ရဘူးသည်ဟု ဆိုလေသည်။

 
ဓာတ်မှန်ရိုက်ယူထားသော ပင်လယ်ခရုခွံပုံ

အသုံးပြုပုံ

ပြင်ဆင်ရန်

ခရုခွံများ၏ ကနုကမာအလွှာမှ ရင်ထို၊ ကြယ်သီး၊ လည်ဆွဲ စသောပစ္စည်းများကို ပြုလုပ် ရောင်းချလေ့ရှိသည်။ ဆေးလိပ်ခွက်၊ ပြပန်းကန်၊ အစရှိသော စားပွဲတင် အသုံးအဆောင်များလည်း ပြုလုပ်ကြသည်။ ရှေးကျသည့် လူမျိုးအချို့သည် ခရုခွံများကို ကြေးငွေပိုက်ဆံအဖြစ်ဖြင့် အသုံးပြုကြ၏။ အိန္ဒိယနှင့် ပစိဖိတ် သမုဒ္ဒရာအတွင်းရှိ ကျွန်းနေ တိုင်းရင်းသားအချို့သည် လည်းကောင်း၊ အာဖရိကတိုက် အတွင်းပိုင်းရှိ တိုင်းရင်းသား အချို့သည်လည်းကောင်း၊ ခရုခွံများကို ယနေ့တိုင်အောင် ငွေကြေးအဖြစ် အသုံးပြုလျက် ရှိသေးကြောင်း သိရလေသည်။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အပိုင်း-၂၊ အတွဲ-ခ။