နီကီတာ ခရုရှော့

ဆိုဗီယက်ခေါင်းဆောင်တစ်ဦး
(ခရူးရှော့ဗ် နီကီတာ မှ ပြန်ညွှန်းထားသည်)

နီကီတာကရုရှော့ကို ၁၈၉၄ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် ရုရှနိုင်ငံ ယူကရိန်းပြည်နယ် ကူးစခရိုင်ရှိ ကာလင့်နော့ကာ ရွာတွင် ဖွားမြင်သည်။ ကရုရှော့၏ ဖခင်မှာ သတ္တုတွင်း လုပ်သားတစ်ဦး ဖြစ်သည်။

နီကီတာ ကရုရှော့

ကရုရှော့သည် ဆင်းရဲလွန်းလှသဖြင့် ငယ်စဉ်က ပညာ ထိထိရောက်ရောက် မသင်ခဲ့ရဘဲ သိုးကျောင်းသား ဘဝဖြင့်သာ ကြီးပြင်းလာခဲ့ရသည်။ အသက် ၂၃ နှစ်အရွယ်ထိ အရေးအဖတ် ကိုပင် ကျွမ်းကျွမ်းကျင်ကျင် မတတ်မြောက်သေးဟု အဆို ရှိသည်။

ကရုရှော့ အသက် ၁၅ နှစ်အရွယ် ရောက်သောအခါ ယိုဇော့ကာမြို့မှ ဗိုးစစက်ရုံတွင် သတ္တုတပ်ဆင်ရေး သက်မွေး ပညာကို နှစ်နှစ်တာမျှ သင်ယူခဲ့သည်။ နောင်အခါ ထိုပညာဖြင့် ပြင်သစ်ပိုင် သတ္တုတွင်းများတွင် တပ်ဆင်ရေးလုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ပထမကမ္ဘာစစ်ကြီး ဖြစ်ချိန်တွင် ကရုရှော့သည် ရုရှ တပ်မတော်သို့ ဝင်ရောက် အမှုထမ်းသည်။ စစ်ကြီး ပြီးသော အခါ သိုးကျောင်းသားဘဝနှင့် သော့ပြင်သမား ဘဝဖြင့် သက်မွေး ဝမ်းကျောင်းခဲ့ရသည်။ ၁၉၁၉ ခုနှစ် ပြည်တွင်းစစ် ကာလတွင် ကရုရှော့သည် တပ်နီတော်ရိုင်ဖယ် တပ်သားတစ်ဦး အဖြစ် ရှေ့တန်းမှ ပါဝင်တိုက်ခိုက်ခဲ့သည်။

ထို့နောက် သူသည် ယိုဇော့ကာပါတီ စည်းရုံးရေးအဖွဲ့နှင့် ဆက်သွယ်၍ ပါတီတာဝန်များကို ထမ်းဆောင်သည်။ ပါတီ တာဝန်ကို ထမ်းဆောင်နေရာမှ ခွင့်ပြုချက်တောင်း၍ ယိုဇော့ကာ အလုပ်သမားကျောင်းသို့ တက်ရောက် ပညာသင် သည်။ ကျောင်းမှဆင်းပြီး ၁၉၂၄ ခုနှစ်တွင် ယိုဇော့ကာ ပါတီ စည်းရုံးရေး တာဝန်များကို ပြန်လည်ထမ်းဆောင်သည်။ ၁၉၂၅ ခုနှစ်တွင် မောစကိုမြို့၌ ကျင်းပသော ၁၄ ကြိမ်မြောက် ပြည်ထောင်စုပါတီ ကွန်ဂရက်နှင့် ၁၅ ကြိမ်မြောက် ပါတီကွန်ဂရက်သို့ ကိုယ်စားလှယ် တစ်ဦးအဖြစ် တက်ရောက်ခဲ့ရသည်။ ထိုကွန်ဂရက်မှ ကရုရှော့အား လက်ရှိတာဝန်ထက် ပိုမိုမြင့်မားသော ပါတီတာဝန်များကို အပ်နှင်းခဲ့သည်။ ပါတီတာဝန်များကို မအားမလပ် ထမ်းဆောင်နေရသည့် ကြားမှပင် အထက်လူကြီး များထံမှ ခွင့်ပြုချက်တောင်း၍ ၁၉၂၉ ခုနှစ်တွင် မောစကိုမြို့ရှိ စတာလင် စက်မှုသိပ္ပံကျောင်းသို့ တက်ရောက် ပညာ ဆည်းပူးခဲ့သည်။

၁၉၃ဝ ပြည့်ဝန်းကျင်တွင် နိုင်ငံရေးလောက၌ ကရုရှော့၏ နာမည်မှာ တစ်ဟုန်ထိုး ကျော်ကြားလာခဲ့သည်။ ၁၉၃၁ ခုနှစ်တွင် ဗောမင်ခရိုင် အတွင်းရေးမှူးအဖြစ် ပါတီတာဝန် အပ်နှင်းခံရသည်။ ၁၉၃၂ ခုနှစ်တွင် စက်မှုသိပ္ပံကျောင်းမှ ဘွဲ့ရခဲ့သည်။ ထိုနှစ်တွင်ပင် မောစကိုမြို့တော်ကို ပါတီကော်မတီ၏ ဒုတိယ အတွင်းရေးမှူးအဖြစ် ကာဂါနိုဗစ် လက်အောက်တွင် အမှုထမ်းရသည်။ ၁၉၃၂-၃၃ ခုနှစ်များတွင် မောစကိုမြို့တော် ပြန်လည် တည်ဆောက်ရေးနှင့် မြေအောက် မီးရထားလမ်း ဖောက်လုပ်ရေး တာဝန်များကို တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင်မူ ၁၇ ကြိမ်မြောက် ပြည်ထောင်စုပါတီ ကွန်ဂရက်မှ ကရုရှော့အား ဗဟိုကော်မတီဝင်အဖြစ် ရွေးချယ်လိုက်သည်။ ၁၉၃၅ ခုနှစ် တွင် ကရုရှော့သည် မောစကိုမြို့တော် ကော်မတီနှင့် ဒေသ ပါတီအတွင်းရေးမှူး ဖြစ်လာသည်။ ထို့နောက် ၁၉၃၉ ခုနှစ်တွင် သူသည် ကွန်မြူနစ်ပါတီ ပေါ်လစ်ဗြူရို အမြဲတမ်းအဖွဲ့ဝင် တစ်ဦး ဖြစ်လာခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားသောအခါ ကရုရှော့သည် ယူကရိန်းပြည်နယ်၏ ပါတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက် ရှိသည်။ တစ်ချိန်တည်းတွင် ရုရှတပ်မတော်တွင်လည်း ဗိုလ်ချုပ်အဆင့်ဖြင့် ဂုဏ်ထူးဆောင် တာဝန်ကို ပူးတွဲ ထမ်းဆောင်ရသည်။ သူသည် စစ်ကြီးအတွင်း၌ စတာလင်ဂရက်ခံစစ်နှင့် ပြောက်ကျားစစ်ဆင်ရေးများတွင် ရှေ့တန်းမှ တက်ကြွစွာ ပါဝင်တိုက်ခိုက်ခဲ့သည်။

စစ်ပြီးသောအခါ ယူကရိန်းပြည်နယ် ပါတီခေါင်းဆောင်အဖြစ် ၎င်း၊ မောစကို ပါတီအကြီးအကဲအဖြစ်၎င်း ဆောင်ရွက်ရသည်။ ၁၉၄၃ ခုနှစ်တွင် ပေါ်လစ်ဗြူရိုအဖွဲ့နှင့် စစ်ကောင်စီ အဖွဲ့များတွင် အမြဲတမ်း ကော်မတီဝင်အဖြစ် ထမ်းရွက်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင်စတာလင် ကွယ်လွန်သွားသောအခါ ကရုရှော့သည် ရုရှ ကွန်မြူနစ်ပါတီ၏ အတွင်းရေးမှူး ဖြစ်လာသည်။ ထိုနှစ်တွင် ကေဂျီဘီ (ရုရှလျှို့ဝှက်ရဲအဖွဲ့) ၏ အကြီးအကဲ ဗဲရီးယားအား ကရုရော့က ဦးဆောင်ကာ ရုံးတင်စစ်ဆေး၍ ကွပ်မျက်ခဲ့သည်။ ၁၉၅၆ ခုနှစ် အကြိမ် ၂ဝ မြောက် ပါတီကွန်ဂရက်တွင် ကရုရှော့က ကွယ်လွန်သူ စတာလင်၏ ပြစ်ချက်များကို ထုတ်ဖော် ဝေဖန်လိုက်သည်။ ထို့နောက် ၁၉၅၇ ခုနှစ်တွင် မာလင်ကော့၊ မိုလိုတော့၊ ကာဂါနိုဗစ်နှင့် အပေါင်းပါတို့အား ပါတီဆန့်ကျင်ရေး အဖျက်သမားများအဖြစ် ကရုရှော့က နှိမ်နင်းလိုက်သည်။ ၁၉၅၈ ခုနှစ်တွင် ဝန်ကြီးချုပ် ရာထူးကို ဗူဂနင်လက်မှ ကရုရှော့ ဆက်ခံရယူလိုက်သည်။ တစ်ဖက်မှလည်း ကွန်မြူနစ် ပါတီ အတွင်းရေးမှူး ရာထူးကို ဆက်လက် ရယူထားသည်။ ဝန်ကြီးချုပ်နှင့် ပါတီ အတွင်းရေးမှူးရာထူး နှစ်ရပ်ကို ချုပ်ကိုင် ၍ ကရုရှော့သည် သူ၏ ဝန်ကြီးဘဝ ခြောက်နှစ်တာတွင် ရုရှနိုင်ငံကို စိတ်ကြိုက် အုပ်ချုပ်နိုင်ခဲ့သည်။

၁၉၆၄ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကရုရှော့သည် ရုရှကွန်မြူနစ်ပါတီ အတွင်းရေးမှူးနှင့် ဝန်ကြီးချုပ် ရာထူးများမှ နုတ်ထွက်လိုက်ရသည်။ ကရုရှော့၏ နေရာတွင် လီယိုနစ် ဗရက်ဇညက်ကကွန် မြူနစ်ပါတီ အတွင်းရေးမှူးအဖြစ်၎င်း၊ အလက်ဆီ ကိုဆီဂင်က ဝန်ကြီးချုပ် အဖြစ်၎င်း ဆက်ခံခဲ့ကြသည်။

ကရုရှော့သည် ရာထူးမှ နုတ်ထွက်ပြီးနောက် ကာလရှည်ကြာ မကျန်းမမာ ဖြစ်နေခဲ့ရာမှ ၁၉၇၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် မော်စကိုမြို့၌ ကွယ်လွန်သည်။ []

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)