ပြည်ထောင်စုမြန်မာနိုင်ငံ တိုင်းရင်းသားများဖြစ်ကြသော မွန်၊ ပလောင်၊ ဝတို့နှင့် ပြောဆို သော ဘာသာစကား၌ လည်း ကောင်း၊ မျိုးရိုးဇာတိ၌လည်းကောင်း အလွန်တူညီကြသည့် ပြည်ထောင်စုအပနေ လူမျိုးတစ်မျိုးမှာ ခါစီလူမျိုး ဖြစ်သည်။ ခါစီတို့သည် မွန်၊ ပလောင်တို့ကဲ့သို့ပင် မွန်ခမာအစုခွဲဝင် ဘာသာစကားကို ပြောဆိုကြ၍ လူမျိုးအားဖြင့် မွန်ဂိုအနွယ်ဝင် များ ဖြစ်ကြသည်။ ယင်းတို့သည် အိန္ဒိယနိုင်ငံ အာသံပြည် တွင် အနောက်ဘက် ဂါရိုတောင်များနှင့် အရှေ့ဘက် ကပီလီ မြစ်တို့ စပ်ကြားရှိ (ကမ္ဘာပေါ်တွင် မိုးအများဆုံး ရွာသွန်း သော) ချယ်ရာပွန်ဂျီမြို့နှင့် ရှိလောင်မြို့တို့ကို ဗဟိုပြုသည့် ခါစီနှင့် ဂျိန်းတိယတောင်တန်း ခရိုင်များတွင် နေထိုင်ကြသည်။ လူဦရေမှာ ၂ဝဝဝဝဝ ကျော်မျှ ရှိလေသည်။ အာသံပြည်ရှိ တိုင်းရင်းသားများမှာ တိဗက်မြန်မာအစုဝင် ဘာသာစကားများကို ပြောဆိုကြသည်။ သို့သော် ခါစီတို့မှာ တိဗက်မြန်မာအစုဝင် ဘာသာစကားကို ပြောဆိုလေ့ရှိသော လူမျိုးများအကြားဝယ် ထီးတည်းဖြစ်နေသော မွန်ခမာများပင် ဖြစ်လေသည်။ အာသံပြည်တွင် မွန်ခမာစကားကို ခါစီတို့သာ ယခုအခါ ပြောဆိုနေကြသော်လည်း တိဗက်မြန်မာ အစုဝင် ဘာသာစကားကို ပြောဆိုသူတို့နှင့် အင်ဒိုအာရီယန်လူမျိုးတို့ မရောက်မီအခါက မွန်ခမာစကားကို ပြောဆိုသူများသည် အိန္ဒိယနိုင်ငံတွင် တောင်ဘက်ချိုတာနဂ္ဂပူကုန်းမြင့်အထိ မြောက် မြားစွာ ပျံ့နှံ့နေထိုင်ခဲ့သည်ဟု ယူဆနိုင်သည်။ မွန်ခမာစကားကို ပြောသောမွန်ဒလူမျိုးများကို ယခုတိုင်အောင် ချိုတာနဂ္ဂပူ ကုန်းမြင့်၌ တွေ့ရသေး၏။


ခါစီတို့မှာ အလွန်ရှေးကျသော အယူဝါဒနှင့် ယဉ်ကျေး မှုများကို ယနေ့တိုင် လက်ခံကျင့်သုံးနေကြသည်။ သေဆုံးသူ များကို အမှတ်တရဖြစ်စေရန်သော်လည်းကောင်း၊ တိုက်ပွဲများ၊ အမဲလိုက်ခြင်းများ၊ အရေးကြီးသော ရွာအတွင်း အဖြစ်အပျက် များကို အမှတ်တရဖြစ်စေရန်လည်းကောင်း၊ ကျောက်တုံး၊ ကျောက်တိုင်ကြီးများကို စိုက်ထူထားကြ၏။ အခြားယဉ်ကျေးမှု အသစ် မည်သို့ပင် ရောက်လာစေကာမူ ခါစီတို့သည် မိမိတို့၏ မူရင်းယဉ်ကျေးမှုကို မစွန့်လွှတ်ဘဲ နေလာခဲ့သူများ ဖြစ်ကြ သည်။


ဂျိန်းတိယတောင်တွင် နေကြသော ခါစီတို့ကို စင်တင်ဟု ခေါ်သည်။ ယင်းတို့မှာ ဂျိန်းတိယမဟာရာဇာ တို့၏ လက် အောက်ခံ ဖြစ်ခဲ့ကြသည်။ ခါစီတို့မှာ မည်သည့်အချိန်ကမှ အုပ်ချုပ်ရေးဖွဲ့စည်းမှုတစ်ခုတည်း အတွင်းတွင် နေထိုင်ခဲ့ကြ သည် မရှိ။ သူတို့၏ သဘာဝသည် အစုငယ်ကလေးများ အနေဖြင့် တကွဲတပြားစီ လွတ်လပ်စွာ နေထိုင်ကြ၏။ တစ်ခါ တစ်ရံ စွန့်စားလိုသော ခေါင်းဆောင်များ ပေါ်ပေါက်၍ နီးစပ်ရာ အစုငယ်များကို ပူးပေါင်းကာ အနည်းငယ် ကျယ်ပြန့် သော အုပ်ချုပ်မှုမျိုးကို ပေးနိုင်ခဲ့သော်လည်း ထိုအုပ်ချုပ်မှုမှာ မကြာမတင်ပင် ပျက်ပြားကာ အစုငယ်များအဖြစ် ထပ်မံ၍ ကွဲပြားပြန်လေသည်။ မည်သို့ပင်ဖြစ်စေ ခါစီတို့သည် မိမိတို့ အစုနှင့် မိမိတို့ လွတ်လပ်စွာ နေထိုင်ခဲ့ကြသူများ ဖြစ်၏။ အလွန်ရှေးကျသော အချိန်က အမျိုးသမီးတစ်ဦးတည်းက ခင်ပွန်းသည်အများကိုယူသော အိမ်ထောင် စံနစ်မျိုး ရှိခဲ့ဘူး ဟန်တူသည်။ ခါစီတို့၏ လူနေထိုင်မှု ဖွဲ့စည်းပုံမှာ ထူးခြား၏။ အမျိုးသမီးတို့တွင် ဘခင် ဦးစီးသည့် အိမ်ထောင်စုစံနစ်များ ရှိသော်လည်း ခါစီတို့အတွက်မူ မိခင်ဦးစီးသည့် အိမ်ထောင်စု စံနစ်သာ ရှိ၏။ ထိုစံနစ်မှာလည်း သာမန်မဟုတ်ဘဲ စည်းကမ်း ဥပဒေများဖြင့် ဆီလျော်ကျနစွာ ပေါ်ပေါက်တိုးတက်လာသည့် စံနစ်ဖြစ်သည်။ မိခင်သည် အိမ်ထောင်၏ ဦးစီးသာမက အိမ်ထောင်ကို ပိုင်ဆိုင်သူလည်း ဖြစ်သည်။ အိမ်ထောင်စုကို မိခင်က စုစည်းထား၏။ အချို့ဒေသများတွင် မိခင်သာလျှင် အိမ်ထောင်ပစ္စည်းများကို ပိုင်၏။ သူကသာလျှင် အမွေခွဲဝေ ပေးနိုင်သည်။ မွေးဖွားသည့်ကလေးတို့မှာ မိခင်၏ လူမျိုးစုဝင် များ ဖြစ်သည်။ ဖခင်နှင့် မသက်ဆိုင်ပေ။ ဖခင်လုပ်သူ ရှာဖွေ ရရှိသည့်ပစ္စည်းတို့သည် သူ့မိခင်၏ လူမျိုးစုအတွက် ဖြစ်သည်။ သေဆုံးလျှင်ပင် သူ၏အရိုးများကို မိခင်၏ ဆွေမျိုးများအတွက် စိုက်ထူထားသော ကျောက်တိုင် အဝိုင်းများသို့ ပို့ရသည်။ အချို့ ဒေသ၌သော်ကား လင်သည် မယားနှင့်အတူမနေ၊ အတူမစား၊ မိုးချုပ်ခါမှ ဇနီးရှိရာသို့ လာလေ့ရှိသည်။ ခါစီတို့သည် ရှေးဖိုး ဖွားစဉ်ဆက်ကို ကိုးကွယ်ယုံကြည်သူများ ဖြစ်သည်။ ကွယ် လွန်သော ရှေးဆွေစဉ်မျိုးဆက်ကို အမှတ်တရဖြစ်စေရန် တောင် ကုန်း တောင်ထိပ်တို့၌ စိုက်ထူသော ကျောက်တိုင်ဝိုင်းများကို ပင်လျှင် ထိုလူစု၏ ကိုယ်စားဖြစ်သော မိန်းမအကြီးအကဲ၏ အမည်နှင့် ပညတ်ခေါ်ဝေါ်ကြသည်။ မိခင်ဦးစီးသော စံနစ်မှ ပေါက်ဖွားလာသည့် အကြီးအကဲတစ်ဦး သေဆုံးသောအခါ သူ၏နေရာကို သူ၏သားက မဆက်ခံရချေ။ သူ၏နှမ သို့မဟုတ် အမ၏သားကသာ ဆက်ခံရသည်။ အယူဝါဒရေး ဆိုင်ရာ၌လည်း မိန်းမတို့ပင် ခေါင်းဆောင်ကြ၏။ ယောက်ျား တို့မှာ နောက်လိုက်မျှသာ ဖြစ်သည်။ အိမ်စောင့်နတ်များနှင့် နာမှုသေမှုကို အစိုးရသည်ဟု ယူဆထားသော နတ်များမှာလည်း နတ်သမီးများသာ ဖြစ်သည်။ အချို့နေရာများတွင် မိန်းမတို့မှာ နယ်၏ ဦးစီးခေါင်းဆောင်ဖြစ်သည်သာမက အယူဝါဒဦးစီး ခေါင်းဆောင်လည်း ဖြစ်သည်။


ခါစီဘာသာစကားသည် ပြည့်စုံကုံလုံသော သဒ္ဒါရှိသည့် ဘာသာစကား ဖြစ်၏။ ၁၈၄၂ ခုနှစ်တွင် ချယ်ရာပွန်ဂျီမြို့၌ ဗြိတိန်နိုင်ငံ ဝေလနယ်မှ ကယ်လဗင်မက်သဒစ် သာသနာပြု အဖွဲ့ အခြေစိုက်၍ ခါစီဘာသာ စကားကို လေ့လာပြီးလျှင် ရောမအက္ခရာတို့ဖြင့် ခါစီစာကို တီထွင်ပေးခဲ့၏။ ထို့နောက် သော် ခါစီသူငယ် တန်း ဖတ်စာများ၊ ခါစီ သဒ္ဒါစာအုပ်များ၊ အဘိဓာန်များ ပေါ်ပေါက်လာ၍ ၁၉ ရာစုနှစ်ကုန်လုနီးသော် ခါစီဂျာနယ် ၂ စောင်ပင် ပေါ်ထွက်လာခဲ့လေသည်။ ယခုအခါ၌ အယူဝါဒရေးသာမက လောကီရေးဆိုင်ရာ ခါစီ စာပေအများ အပြား ပေါ်ထွက်နေပြီ ဖြစ်၏။ ခါစီတို့သည် အထက်၌ဆိုခဲ့သည့်အတိုင်း မိဖကိုလည်း ကောင်း၊ တောတောင်ရေမြေတို့ကို ကိုယ်စားပြုသော နတ်တို့ကို လည်းကောင်း ကိုးကွယ်ကြသည်။ ထူးခြားသော အလေ့အထ တစ်ခုမှာ အရေးကြီးကိစ္စတစ်ခု ဆောင်ရွက်ရန် ပေါ်ပေါက်လျှင် ရှေ့ရေးကိုသိစေရန် ကြက်ဥကိုခွဲ၍ ရှေးဖြစ်ဟောသည့်ဓလေ့ ဖြစ် သည်။ ယခုအခါ၌ ခရစ်ယန်အယူဝါဒကို သက်ဝင်ယုံကြည်သူ များ ရှိနေပေပြီ။ ခါစီတို့သည် ကျန်းမာတောင့်တင်း သန်စွမ်းသူများဖြစ်၏။ လူများစုမှာ လယ်ယာဖြင့် အသက်မွေးကြသည်။ စပါး၊ အာ လူး၊ လိမ္မော်၊ ကွမ်းသီးနှင့် ကွမ်းပင်များကို စိုက်ပျိုးကြသည်။ အချို့မှာ ကူလီအလုပ်ဖြင့် အသက်မွေးကြ၏။ တောင်ကုန်း ထူထပ်၍ လမ်းပန်းမသာယာသောကြောင့် ပစ္စည်းများကို လူဖြင့် သာ သယ်ယူကြသည်။ အချို့မှာ လမ်းကူလီလုပ်ငန်းများကို လုပ်ကြသည်။ မိမိတို့ဆင်မြန်းရန် အဝတ်အထည်ရက်လုပ်ခြင်း၊ ပျားမွေးခြင်း၊ တိရစ္ဆာန်မွေးမြူခြင်းများကိုလည်း ပြုလုပ်ကြ၏။ ပထမအင်္ဂလန်မြန်မာ နယ်ချဲ့စစ် မဖြစ်မီက ခါစီတို့မှာ ဗြိတိသျှတို့၏ ဩဇာခံမဟုတ်ဘဲ လွတ်လပ်စွာ နေထိုင်ခဲ့ကြ သည်။ ထိုစစ်ပြီးသည့်နောက် ၁၈၂၆ ခုနှစ်က စ၍ ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီက ခါစီတို့၏နယ်တွင် ဝင်ရောက်ခြယ် လှယ်ခဲ့ကြ၏။ ၁၈၂၇ ခုနှစ်တွင် စီလဟက်မှ ခါစီနယ်ကို ဖြတ်၍ ဂေါဟတ်သို့ လမ်းဖောက်ရန် မစ္စတာဒေးဗစ်စကော့ ဆိုသူ စတင်ဆောင်ရွက်ရာမှ အစပြု၍ ခါစီတို့သည် ဗြိတိသျှ တို့ကို လက်နက်ကိုင်ကာ တော်လှန်တိုက်ခိုက်ခဲ့ကြရာ ၁၈၃၃ ခုနှစ်မှ အရှုံးနှင့် ပြီးဆုံးခဲ့လေသည်။ ထိုအချိန်မှစ၍ နိုင်ငံရေး ကိုယ်စားလှယ်အဖြစ် ရှေးဦးစွာ ဆောင်ရွက်ရသူမှာ ဗိုလ်ကြီး လစ္စတာ ဖြစ်၏။ ခါစီနယ်တွင် နယ်ငယ်ကလေးပေါင်း ၂၅ နယ် ရှိသည်။ ၁၅ နယ်မှာ စီယင်ခေါ်သော ခါစီအကြီးအကဲတို့က အုပ်ချုပ် ၏။ စီယင်တို့မှာ မိသားတစ်စုတည်းကပင် ဖြစ်သော်လည်း အများသဘောတူ ရွေးကောက်တင်မြှောက်ခြင်း ခံရသူများ ဖြစ်၏။ နယ်တစ်နယ်မှာ နယ်ကလေးများကို စုပေါင်းထား၍ ရွေးချယ်တင် မြှောက်သော အရာရှိများက အုပ်ချုပ်ရသော နယ်ဖြစ်သည်။ ကျန်နယ် ၉ နယ်မှာလည်း အများသဘောတူ ရွေးကောက်တင်မြှောက်သော အကြီးအကဲတို့က အုပ်ချုပ်သော နယ်များ ဖြစ်၏။ ရွေးကောက်တင်မြှောက်သည် ဆိုစေကာမူ ဗြိတိသျှအစိုးရ၏ သဘောတူညီချက်ရမှသာ အတည်ဖြစ်သည်။ ယခုအခါ ခါစီတို့မှာ လွတ်လပ် သော အိန္ဒိယ သမ္မတနိုင်ငံ၏ အာသံပြည်နယ်တွင် ငြိမ်းချမ်းသာယာစွာ နေထိုင်လျက်ရှိကြ ပေသည်။ []

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)