ခိုင်းကျွဲ၊ ခိုင်းနွား အာမခံ

လယ်ယာလုပ်ငန်းတွင် မရှိမဖြစ်သည့် ကျွဲနွားများ သေဆုံး ပါက တောင်သူလယ်သမားများသည် ကျွဲနွားများကို အစားထိုး ဝယ်ယူ၍ လယ်ယာလုပ်ငန်းကို အဟန့်အတားမရှိ စဉ်ဆက် မပြတ် ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ မြန်မာ့အာမခံ လုပ် ငန်း ကော်ပိုရေးရှင်းက ခိုင်းကျွဲ၊ ခိုင်းနွား အာမခံလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့လေသည်။

ဤအာမခံစံနစ်သည် ကျေးရွာများတွင် ကျွဲအုပ်စု၊ နွားအုပ်စု သီးခြားစုစည်း၍ အုပ်စုအလိုက် အာမခံ ထားသည့်စနစ် ဖြစ် သည်။ အာမခံထားသော ငွေကို ကျပ် ၁၀၀၀ မှ ကျပ် ၁၅၀၀ ထိ သတ်မှတ်ထားသည်။ အာမခံကြေးနှုန်းထားမှာ အာမခံထား ငွေ ကျပ် ၁၀၀ ကျပ် တစ်နှစ်အတွက် တစ်ကျပ်ဖြစ်၍ တစ်နှစ် အာမခံထားရှိ ပြီးသည့် ကျွဲ၊ နွားများကို ဆက်လက်၍ အာမခံ ထားရှိမည် ဆိုပါက ကျွဲနွားအတွက် ကျသင့်သည့် အာမခံကြေး မှ နှစ်ကျပ်လျော့၍ ပေးသွင်းခွင့်ပြုထားသည်။ ဥပမာ အာမခံ ထားငွေကျပ် ၁၀၀၀ ဖြစ်ပါက တစ်နှစ်အတွက် ၁၀ ကျပ် ပေးသွင်းရမည့်အစား ရှစ်ကျပ်သာ ပေးသွင်းရန် ဖြစ်သည်။ အာမခံခွင့်ပြုထားသည့် ကျွဲနွား၏ အသက်သည် လေးနှစ်မှ ၁၂ နှစ်အတွင်းရှိရမည် ဖြစ်သည်။

အာမခံထားသည့် ကျွဲနွားများသည် ကပ်ရောဂါ ကာကွယ် ဆေးထိုးပြီး ဖြစ်ရမည်။ အာမခံထားလိုသောကျွဲနွား၏ အသက်၊ ကျွဲနွားတွင်ရှိသည့် အမှတ်အသား၊ အရောင်၊ လိင် စသည့် အချက်များကို ဖော်ပြရသည်။

အာမခံထားသည့် ကျွဲနွားများကို အာမခံထားပြီးကြောင်း အရေးပြားပေါ်တွင် မှတ်ပုံတင်တံဆိပ်အမှတ် ရိုက်နှိပ်သည်။ အာမခံထားရန် အဆိုပြုပြီး စိစစ်ရေးအဖွဲ့မှ လက်ခံသည်နှင့် တစ်ပြိုင်နက် ကျသင့်သည့် အာမခံကြေးငွေကို ပေးသွင်းရသည့် အာမခံစာချုပ်ကို ကျေးရွာများရှိ ကျွဲအုပ်စု၊ နွားအုပ်စုအလိုက် ကျေးရွာ တောင်သူလယ်သမား အစည်းအရုံးအမည်ဖြင့် ထုတ် ပေးသည်။

အာမခံထားသည့် ကျွဲ၊ နွားများကို မရိုးမဖြောင့်သော ရည်ရွယ်ချက်ဖြင့် သေစေခြင်းမှအပ အာမခံထားသော ကျွဲနွား များ မည်သည့်အကြောင်းကြောင့် သေဆုံးသည်ဖြစ်စေ အာမခံ ထားသူသည် အကျိုးခံစားခွင့် ရရှိသည်။

ခိုင်းကျွဲ၊ ခိုင်းနွား အာမခံလုပ်ငန်းကို ပြည်နယ်နှင့်တိုင်း ခုနစ်ခုရှိ မြို့နယ်ပေါင်း ၁၃၉ မြို့နယ်တွင် စတင် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည်။ စစ်ကိုင်းတိုင်းတွင် ၂၃ မြို့ နယ်၊ ပဲခူးတိုင်းတွင် ၂၈ မြို့နယ်၊ မကွေးတိုင်းတွင် ၁၅ မြို့ နယ်၊ မန္တလေးတိုင်းတွင် ၂၃ မြို့နယ်၊ မွန်ပြည်နယ်တွင် ၁၀ မြို့နယ်၊ ရန်ကုန်တိုင်း တွင် ၁၄ မြို့နယ်၊ ဧရာဝတီတိုင်းတွင် ၂၆ မြို့နယ် ဖြစ်သည်။

အာမခံထားရှိပြီးသော ကျွဲ၊ နွား ပိုင်ရှင်သည် အပြောင်း အလဲ ရှိသော်လည်း အကောင်အထည်ဖော်ထားသည့် နယ်မြေ အတွင်းဖြစ်ခဲ့လျှင် အာမခံသည် ဆက်လက် တည်မြဲခွင့်ရှိသည်။ ထိုနယ်မြေများမှ ကျော်လွန်၍ ရောင်းချပြောင်းလဲခဲ့လျှင် အာမခံ ပျက်ပြယ်သည်။ မူလပိုင်ရှင်သည် ကျွဲ၊ နွားကို လက်ပြောင်း လက်လွှဲ ပြုလုပ်ပြီးသောအခါ တိုင်းအာမခံ ကွင်းဆင်းတာဝန်ခံ ကို အကြောင်းကြားရမည် ဖြစ်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)