ခုရပ္ပဇာတ်
တိကနိပါတ် - ၂။ ပဒုမဝဂ် -(၂၆၅) ခုရပ္ပဇာတ်။ ။ ခိုးသားငါးရာတို့အား မြင်းခွာကဲ့သို့ အနှောင့်ရှိသော မြားဖြင့် လေ၏အဟုန်နှင့်တူစွာ ပစ်ခတ်ရာ အနိုင်ရရှိသော တော်အုပ်စောင့် ဗိုလ်မှူးအကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
ပြင်ဆင်ရန်ဝီရိယမဆုတ် ကျိုးမယုတ်
ပြင်ဆင်ရန်နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် လုံ့လဝီရိယ ယုတ်လျော့သော ရဟန်းတစ်ပါး ရှိလေ၏။
ရဟန်းတို့သည် ထိုရဟန်းကို မြတ်စွာဘုရားထံ ဆောင်ယူ၍ ထိုအကြောင်းကို လျှောက်ထားကြရာ မြတ်စွာဘုရား သိတော်မူလျှင် ချစ်သားရဟန်း ... သင်သည် ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော ငါဘုရား၏ သာသနာတော်၌ ရဟန်းပြုပါလျက် အဘယ်ကြောင့် လုံ့လဝီရိယ ယုတ်လျော့ဘိသနည်း၊ ပညာရှိတို့သည် ဝဋ်ဆင်းရဲမှ ထွက်မြောက်စေသောအရာ၌ လုံ့လဝီရိယကို ပြုကြကုန်ပြီဟု - မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
ပြင်ဆင်ရန်အခကြေးယူ တောစောင့်သူ
ပြင်ဆင်ရန်လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော ဘုရားလောင်းသည် တောအုပ်စောင့်အမျိုး၌ဖြစ်၍ အရွယ်သိုပရောက်လတ်သော် အခြံအရံငါးရာရှိသည်ဖြစ်၍ တောအုပ်စောင့်တို့တွင် အကြီးအကဲဖြစ်၍ တောအုပ် တစ်ခုသောရွာ၌ နေလေ၏။ ထိုတောအုပ်စောင့်တို့သည် အဖိုးအခယူကြ၍ ခရီးသွားလုလင်တိုင်းကို တောအုပ်မှ ကျော်လွန်အောင် ပို့ဆောင်ကြရ၏။
တစ်နေ့သ၌ ဗာရာဏသီပြည်၌နေသော လှည်းကုန်သည်သားသည် လှည်းငါးရာဖြင့်လာခဲ့ရာ ထိုရွာသို့ရောက်၍ တောအုပ်စောင့်အား - အဆွေ ... အသပြာတစ်ထောင်ပေးပါမည်။ ငါတို့ကို တောအုပ်မှ ကျော်လွန်အောင် ပို့ဆောင်ပါဟု ပြောလေ၏။ တောအုပ်စောင့်သည် ကောင်းပြီဟု ဝန်ခံ၍ အသပြာတစ်ထောင်ကိုယူကာ အသက်ကိုစွန့်ပြီးလျှင် ပို့ဆောင်လေ၏။
ဝီရိယခိုင် ခိုးသူနိုင်
ပြင်ဆင်ရန်တောအုပ်သို့ဝင်လျှင် သူခိုးငါးရာတို့သည် လုယက်သတ်ဖြတ်ရန် လာကြကုန်၏။ သူခိုးတို့ လာသည်ကိုမြင်လျှင် တောအုပ်စောင့်အကြီးမှ ကြွင်းကုန်သောသူတို့သည် သေဘေးမှ ကြောက်သဖြင့် မြေကြီးတွင် ပြားပြားဝပ်ကြကုန်၏။ တောအုပ်စောင့်အကြီးကား တစ်ယောက်တည်းသာလျှင် ဟစ်ကြွေး ကြော်ငြာလျက် ပစ်လွှင့်တိုက်ခိုက်သော် သူခိုးငါးရာတို့သည် မခံမရပ်နိုင်ဘဲ ပြေးကြရကုန်၏။ လှည်းကုန်သည်တို့လည်း ချမ်းသာစွာ ကန္တရာသို့ ကျော်လွန်ကြစေကုန်၏။
သက်စွန့်ကြိုးပမ်း အောင်မြင်လမ်း
ပြင်ဆင်ရန်လှည်းကုန်သည်သားသည် ကန္တာရတစ်ဘက်တွင် လှည်းတို့ကို ရပ်နားစေ၍ တောအုပ်စောင့်အကြီးအား မွန်မြတ်သော အထူးထူးသော ဘောဇဉ်တို့ကို စားစေ၍ မိမိကိုယ်ိတုင်လည်း နံနက်စာ စားပြီးလျှင် ချမ်းသာစွာလျေက် တောအုပ်စောင့်မှူးအား -
“အဆွေ ... လေးအဟုန်ဖြင့် ပစ်လွှတ်အပ်ကုန်သော စဉ်းသွားတို့ကို လည်းကောင်း၊ ဆီဖြင့်ဆေး၍ ထက်စွာသွေးလျက် ကိုင်ဆောင်အပ်ကုန်သော သန်လျက်တို့ကို လည်းကောင်း မြင်၍ ကြောက်မက်ဖွယ် ရှိသော သေခြင်းသည် ထင်ရှားလာပါလျက် အဘယ်ကြောင့် သင့်အား တုန်လှုပ်ထိတ်လန့်ခြင်း မဖြစ်သနည်း” –
ဟု မေးမြန်းလေ၏။ ထိုစကားကိုကြားလျှင် တောအုပ်စောင့်အကြီးသည် လှည်းကုန်သည်သားအား -
“အဆွေ ... ငါသည် လေးအဟုတ်ဖြင့် ပစ်လွှတ်အပ်ကုန်သော စဉ်းသွားတို့ကို လည်းကောင်း၊ ဆီဖြင့်ဆေး၍ ထက်စွာသွေးလျက်ကိုင်ဆောင်အပ်ကုန်သော သန်လျက်တို့ကိုလည်းကောင်း မြင်၍ ကြောက်မက်ဖွယ်ရှိသော သေခြင်းသည် ထင်ရှားလာသည်ရှိသော် များမြတ်သော နှစ်သက်ဝမ်းမြောက်ခြင်းကို ရရှိပေ၏။”
“အဆွေ ... များမြတ်သော နှစ်သက်ဝမ်းမြောက်ခြင်းရှိသော ငါသည် ရန်သူတို့ကို လွှမ်းမိုးနိုင်ခဲ့ပြီ၊ ရှေးမဆွကပင် ငါသည် အသက်ကိုစွန့်အပ်ပြီ၊ အမှန်အားဖြင့် အသက်၌ တပ်စွန်း ခင်တွယ်နေသော သူရဲကောင်းသည် တစ်ရံတစ်ဆစ်မျှ သူရဲကောင်းတို့ ပြုလုပ်ရမည့်ကိစ္စကို မပြုလုပ်နိုင်ရာ”
ဟု ပြောဆိုလေ၏။ ဤသို့လျှင် တောအုပ်စောင့်အကြီးသည် သူတစ်ပါးတို့အား စွန့်လွှတ်အပ်သော အသက်၌ တပ်စွန်း ခင်တွယ်ခြင်းမရှိသဖြင့် မိမိ၏သူရဲကောင်းတို့ကိစ္စ ပြုလုပ်နိုင်သည်ကို သိစေလျက် လှည်းကုန်သည်တို့ကို လွှတ်လိုက်၍ မိမိနေရာသို့ပြန်ပြီးလျှင် ဒါန သီလ စသော ကုသိုလ်ကောင်းမှုတို့ကို ပြုစုအားထုတ်ကာ သေလွန်သောအခါ ကံအားလျော်စွာ လားလေ၏။
ဤဒေသနာတော်၏အဆုံး၌ လုံ့လဝီရိယ ယုတ်လျော့သောရဟန်းသည် အရဟတ္တဖိုလ်၌ တည်လေ၏။
ဇာတ်ပေါင်း
ပြင်ဆင်ရန်ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ တောအုပ်စောင့်အကြီးသည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
ပြင်ဆင်ရန်(၁) ဘေး, လက်နက်လဲ၊ မှတ်မစွဲ၊ သူရဲကိစ္စတည်။
(၂) အသက်စွန့်ထား၊ လွန်ကြိုးစား၊ မမှားရန်အောင်မည်။
ခုရပ္ပဇာတ် ပြီး၏။
ကိုးကား
ပြင်ဆင်ရန်- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။