ခုံညင်းပင်ကို ရုက္ခဗေဒ အလိုအားဖြင့် အင်တဒါစကင်ဒမ် ဟု ခေါ်၏။ ထိုအပင်သည် အပူပိုင်းဇုန်တွင် ပေါက်သော နွယ်ပင်တစ်မျိုးဖြစ်ပြီး မြင့်မားသောအပင်ကြီးများကို နွယ်၍ ပေါက်တတ်သည်။ အရှည် ၂ ပေမှ ၃ ပေအထိရှိသော ပဲသီး ကဲ့သို့ သီးတောင့်ကြီးများကို သီး၏။ သီးတောင့်များအတွင်း၌ အစေ့ကြီးများရှိသည်။ အစေ့ပေါင်း ၁ဝ စေ့မှ ၁၂ စေ့အထိ ရှိ၏။ ထိုအတောင့်ကြီးများသည် တဖြည်းဖြည်း ရင့်၍ ခြောက် လာသောအခါ မြေသို့ ကြွေကျ၏။ ထိုအတောင့်ကြီးများကို ထုခွဲ၍ အထဲမှအစေ့များကို ထုတ်ယူကြသည်။ အစေ့၏ အချင်း သည် ၁ မှ ၂ ၁/၂ လက်မခန့်ရှိ၍ လက်မဝက်ခန့် ထူသည်။ ခုံညင်းစေ့ ကို ဒိုးထိုးကစားလေ့ရှိကြသဖြင့် ခုံညင်းဒိုးဟုခေါ်လေ့ ရှိသည်။ ခုံညင်းစေ့တွင် အညိုပုပ်ရောင်ရှိသော အခွံမာရှိ၍ အတွင်း၌ ဆင်စွယ်ရောင်ရှိသော အဆန်ရှိသည်။

အများအားဖြင့် ခုံညင်းဒိုးများကို ဘယဆေးဆိုင်များတွင် ရောင်းလေ့ရှိသည်။ မြန်မာတို့သည် ခုံညင်းကို လိမ်းဆေးအဖြစ် ဖြင့် လည်းကောင်း၊ သောက်ဆေးအဖြစ်ဖြင့်လည်းကောင်း အသုံးပြုကြ၏။ အနာများ ပြည်ပေါက်စေလိုလျှင် ခုံညင်းကို ကျောက်ပျဉ်တွင်သွေး၍ လိမ်းပေးလေ့ရှိ၏။ တစ်ခါတစ်ရံ အဖျားဖြတ်ဆေးအဖြစ်လည်း အသုံးပြုကြသည်။ ခုံညင်းဆန်ကို ပါးပါးလှီး၍ ထန်းလျက်နှင့်လည်း ယိုထိုးစားလေ့ရှိကြ၏။ ထို ခုံညင်းယိုကို ဒိုးယိုဟုလည်း ခေါ်သည်။ အရသာမှာ ခါးသက် သက် နေ၏။ မြန်မာဆေးကျမ်းအရ ဒိုးယိုသည် မီးယပ်ရောဂါ အတွက် ကောင်းသည်ဟု ဆိုသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)