ခေတ်ပြိုင်သတင်းဂျာနယ်ကို ဇန်နဝါရီလ (၁) ရက် ၁၉၉၃ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့သည်။ “စစ်ကိုနိုင် ခေတ်ကိုပြိုင်မယ့် ခေတ်ပြိုင်” ဟု မှတ်တမ်းတင်ထားခဲ့သူ ရဟန်းပျိုသမဂ္ဂဥက္ကဋ္ဌကြီး အရှင်ခေမာစာရ၏စကားအတိုင်း ၁၉၉၂ ခုနှစ် နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ဦးတင်မောင်ဝင်း (ကွယ်လွန်) က စာပေအနုပညာရှင်များလည်းဖြစ်၊ စာနယ်ဇင်းအတွေ့အကြုံများသူတွေ လည်းဖြစ်သော ရှုဒေါင့်ဂျာနယ် အယ်ဒီတာဟောင်း ဦးဝင်းခက်၊ စာရေးဆရာ မြဝတီရဲခေါင်၊ သတင်းစာပုံစံနဲ့ စာလုံးဒီဇိုင်းဘက်မှာ ကျွမ်းကျင်သူ မစ္စတာဘားမား (ဝင်းထွန်း)၊ စာရေးဆရာ မောင်စင်ကြယ် (ဦးမန်းညွန့်မောင်) စသည့် ကလောင်စွမ်းအားကို ယုံကြည်သူ ပုဂ္ဂိုလ်တစု၏ အကူအညီကို တောင်းခံခဲ့ရာမှ မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ရရှိရေးနှင့် ငြိမ်းချမ်းရေးအတွက် ထိန်းသိမ်းရပ်တည်ပေးမည့် “ခေတ်ပြိုင်” သန္ဓေတည်ခဲ့ရသည်။

သတင်းစာထွက်လာချိန်တွင် ဦးဝင်းခက်က အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်းတွင် သတင်းစာဆရာကြီးဦးသောင်း (ကြေးမုံ) က အယ်ဒီတာချုပ်အဖြစ် ကွယ်လွန်ချိန်အထိ ဆက်လက် တာဝန်ယူ လုပ်ဆောင်ခဲ့သည်။

“သတင်းဂျာနယ်အမည်ဆိုသည်မှာ စာလုံးလည်းနည်းရမယ်၊ ကျစ်လည်းကျစ်ရမယ်၊ မှတ်မိလည်း လွယ်ရမယ်၊ ခေတ်ပြိုင်ဆိုတော့ သူတို့အုပ်စုနဲ့အပြိုင်ပေါ့” ဟု အမည်နဲ့ပတ်သက်လို့ အကြံပြုသူ တဦးဖြစ်သည့် ဦးဝင်းခက်က တင်ပြသည်ကို အများကလက်ခံကြသည့်အတွက် ခေတ်ပြိုင်၏ ရည်မှန်းချက်နှင့် မူဝါဒကို ခေတ်ပြိုင် ဦးစီးတည်ထောင်သူ ဦးတင်မောင်ဝင်းက အောက်ပါအတိုင်း ချမှတ်ခဲ့သည်။

ခေတ်ပြိုင်၏ အခြေခံမူ (၄) ရပ်မှာ -

(၁) ခေတ်ပြိုင်ဂျာနယ်သည် ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထုတ်ကြိုးပမ်းနေသော သတင်းဂျာနယ်ဖြစ်သည်။

(၂) စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်နေသော ဒီမိုကရေစီ တော်လှန်ရေး သတင်းဂျာနယ်တစောင်ဖြစ်သည်။

(၃) ပြည်သူ့ဘက်မှ ခိုင်မာစွာရပ်တည်၍ အမှန်တရားကို ဖော်ထုတ်ရေးသားမြှင့်တင်အားပေးနေသော သတင်းဂျာနယ်ဖြစ်သည်။

(၄) မြန်မာ့ဒီမိုကရေစီအင်အားစုများ၏ တပ်ပေါင်းစုအလံကို ကိုင်စွဲပြီး တိုင်းရင်းသားလူမျိုးစု ပေါင်းစုံ၏ ဆန္ဒနှင့် ခံစားချက်များကိုဖော်ပြသော သတင်းဂျာနယ်ဖြစ်သည်။

သို့သော် ခေတ်ပြိုင်သည် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်း၏ ဩဇာခံမှမဟုတ်ဘဲ လွတ်လပ်စွာရေးသားထုတ်ဝေသော သတင်းစာကျင့်ဝတ် သိက္ခာခံယူချက်ကို ထာဝစဉ် ဆုပ်ကိုင်သွားမည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသား လူမျိုးစုများနှင့် နအဖတို့ ဆွေးနွေးအဖြေရှာမှသာ နိုင်ငံသူ နိုင်ငံသားအပေါင်းတို့ စည်ပင်အေးငြိမ်းသော ဒီမိုကရေစီလူ့ဘောင်တွင် စိုးရိမ်ကြောင့်ကြမှုကင်းရှင်းစွာ နေထိုင်လုပ်ကိုင် စားသောက်နိုင်မည်ဟု ယတိပြတ် ယုံကြည်သော ခေတ်ပြိုင်က ဒီမိုကရေစီမဏ္ဍိုင်ပီသစွာ အမှန်တရားများကို စွမ်းအားရှိသရွေ့ ဆက်လက်တင်ပြသွားပါမည်ဟု ခေတ်ပြိုင်က ရေးသားဖော်ပြထားသည်။

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်

ခေတ်ပြိုင် Archived 4 May 2009 at the Wayback Machine.