ခေါင်းလောင်း
တရုတ်နိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၄ဝဝဝ လောက် က ခေါင်းလောင်းများ စတင် ပေါ်ပေါက်ခဲ့သည်ဟု အဆိုရှိ သည်။ သို့ရာတွင် ခိုင်လုံသော အထောက်အထားများကား မရှိ ချေ။ အနောက် နိုင်ငံများတွင်မူ ရောမလူမျိုးတို့ အုပ်ချုပ်သည့် တိုင်းပြည်များ၌ ခရစ်ယန်အယူဝါဒကို အတည်တကျ ကိုးကွယ် လာကြသော ၅ ရာစုနှစ် ၆ ရာစုနှစ်လောက်ကမှ အစပြု၍ ခရစ်ယန်ဘုရားရှိခိုးကျောင်းများတွင် ခေါင်းလောင်းများကို ထားရှိလာခဲ့ကြသည်။ ပထမတွင် သေးငယ်သော ခေါင်းလောင်း များကိုသာ ပြုလုပ်ကြ၍ နောင်သော် တဖြည်းဖြည်း ကြီးသော ခေါင်းလောင်းများကို လုပ်လာနိုင်ကြသည်။ ထိုခေါင်းလောင်း များကို မြို့ တွင်းမှ အားလုံးကြားနိုင်စိမ့်ငှာ မျှော်စင်များပေါ်၌ ချိတ်ဆွဲထားလေ့ ရှိကြသည်။ အများအားဖြင့် ခေါင်းလောင်းစင် များကို ဘုရားရှိခိုးကျောင်းများနှင့် တစ်ဆက်တည်း ထားလေ့ရှိ ကြသည်။ အချို့နေရာများတွင် သီးခြားအဆောက်အအုံများဖြင့် ထားတတ်ကြလေသည်။
ခေါင်းလောင်းကို လူတို့သည် သာသနာရေးနှင့် ဆက်စပ်
၍ အသုံးပြုလာခဲ့ကြသည့်အတိုင်း၊ မြန်မာနှင့်တကွ ဗုဒ္ဓအယူ
ဝါဒီ နိုင်ငံများတွင်လည်း ခေါင်းလောင်းကြီးငယ်များကို စေတီ
ပုထိုး၊ သိမ်၊ ကျောင်း စသည်များ၌ ထားရှိပြီးလျှင် ကုသိုလ်
ကောင်းမှုတစ်ခုခု ပြီးသောအခါ၊ ခေါင်းလောင်းထိုး၍ အမျှ
အတန်း ပေးဝေလေ့ ရှိကြသည်။ ရွှေတိဂုံစေတီ ရင်ပြင်တော်
ပေါ်၌လည်းကောင်း၊ အခြားထင်ရှားကျော်ကြားသော တန်ခိုးကြီး
ဘုရားများ၌လည်းကောင်း၊ အရွယ်အမျိုးမျိုးရှိသော ခေါင်း
လောင်းပေါင်း အမြောက်အမြားကို တွေ့နိုင်ပေသည်။ စေတီ
တော်၏ ထီးတစ်ဝိုက်၌ ခြံရံချိတ်ဆွဲထားသော ရွှေဆည်းလည်း၊
ငွေဆည်းလည်း၊ ကြေးဆည်းလည်းတို့သည်လည်း ခေါင်း
လောင်း အသေးစားများပင် ဖြစ်ကြရာ၊ လေတိုက်ခတ်သော
အခါများ၌ ကြားရသောအသံတို့ သည် သာယာနာပျော်ဖွယ်
ကောင်းလှပေသည်။
ခေါင်းလောင်းသံကို နိုင်ငံအသီးသီး၌ ကိစ္စအမျိုးမျိုး အတွက် အသုံးပြုကြလေသည်။ သာသနာရေးကိစ္စ များမှအပ၊ နန်းတက်ပွဲ၊ လက်ထပ်ပွဲ စသော မင်္ဂလာအခမ်းအနားများ၌ လည်း ခေါင်းလောင်းကို ထိုးတတ်ကြသည်။ စစ်ကြီးပြီးဆုံး သည့်အခါ၊ နိုင်ငံလွတ်လပ်သည့်အခါများ၌လည်း ဝမ်းမြောက် သော အထိမ်းအမှတ်ဖြင့် ခေါင်းလောင်းများကို ထိုးတတ်ကြ သည်။ ဘုရင်နတ်ရွာစံသည့်အခါ၌လည်း ဝမ်းနည်းသော အထိမ်းအမှတ်ဖြင့် ကြေကွဲဖွယ်ဖြစ်အောင် ထိုးတတ်ကြသည်။ ထိုမှတစ်ပါး အစည်းအဝေးခေါ်သည့် ခေါင်းလောင်း၊ ကျောင်း တက်ကျောင်းဆင်းချိန်၌ ထိုးသော ခေါင်းလောင်းများအပြင်၊ နှိုးစက်ပါသောနာရီ၌ တပ်ဆင်ထားသည့် ခေါင်းလောင်း၊ အိမ်၊ ရုံး၊ ဟိုတယ်စသည်တို့၌ တပ်ဆင်အသုံးပြုသည့် လူခေါ် ခေါင်းလောင်းများလည်း ရှိပေသေးသည်။ ခေါင်းလောင်းတွင် လက်ဖြင့်ထိုးရသော ခေါင်းလောင်း၊ ကြိုးဖြင့် ဆွဲရသော ခေါင်းလောင်း၊ စက်တပ်ထားသော ခေါင်းလောင်းဟူ၍ အမျိုး မျိုးရှိသည်။ သံစုံထိုးနိုင်လောက်အောင် အသံအမျိုးမျိုးထွက် သော ခေါင်းလောင်းအများ တပ်ဆင်ထား သည့်နေရာများ လည်း ရှိ၏။
အင်္ဂလန်ပြည် ဗဲလဖတ်မြို့ရှိ ထင်ရှားသော စိန့်ပက်ထရစ်
ခေါင်းလောင်းသည် ၆ ရာစုနှစ်လောက်က ပြုလုပ်ခဲ့သော
ခေါင်းလောင်းဖြစ်ပေသည်။ ထိုရှေးခေါင်းလောင်းသည် ထောင့်
မှန်စတုဂံပုံဖြစ်၍ သတ္တုပြားများကို စို့များဖြင့် တေ့ဆက်ကာ
ပြုလုပ်ထားသည်။ နောင်သော် သတ္တုကို အရည်ကျို၍ ပုံသွင်း
သည့်အတတ် ထွန်းကားလာသည့်အတိုင်း၊ ယခုအချိန်တွင်
ကမ္ဘာအရပ်ရပ်၌ ခေါင်းလောင်းများကို သွန်းလုပ်ယူလာကြ
သည်။
ကမ္ဘာပေါ်တွင် ထင်ရှားကျော်စောသော ခေါင်းလောင်းကြီး များအနက် ရုရှနိုင်ငံ မောစကိုမြို့မှ 'ဇာကို လိုကော'အမည်ရှိ ခေါင်းလောင်းကြီးမှာ ကမ္ဘာတွင် အကြီးဆုံးဖြစ်၏။ တန်ချိန် ၂ဝဝ ကျော်စီး၍၊ အမြင့် ၁၉ ပေ ၃ လက်မ၊ အဝန်းပေ ၉ဝ၊ ၉ လက်မ၊ အထူ ၂ ပေ ရှိ၏။ ထို ခေါင်းလောင်းကြီးကို ၁၈၃၃ ခုနှစ်တွင် သွန်းလုပ်ခဲ့ရာ ခေါင်းလောင်းတစ်နေရာတွင် ပဲ့သွား၍၊ ထိုပဲ့သွားသည့်အစပင်လျှင် ၇ ပေမြင့်ကာ ၈ ပေ ကျယ်ပြီးလျှင် အလေးချိန် ၁၁ တန်စီးသည်ဟု သိရသည်။ ကမ္ဘာတွင် ဒုတိယအကြီးဆုံးခေါင်းလောင်းသည်လည်း မောစကို မြို့မှာပင် ရှိ၍၊ ထိုခေါင်းလောင်း၏ တန်ချိန်မှာ ၁၂၈ တန် ရှိလေသည်။
မြန်မာနိုင်ငံ၌ ဘိုးတော်ဘုရားလက်ထက်တွင် မင်းကွန်း စေတီတော်ကြီးအနီး၌ မင်းကွန်းခေါင်းလောင်းကြီးကို သွန်းလုပ် ခဲ့လေသည်။ ထိုခေါင်းလောင်းကြီးကို သတ္တုပြားဖုံးထားသော သုံးချောင်းပူးယက်မကြီး၌ ဆွဲထားသည်။ ထိုယက်မကြီးသည် ကျွန်းတိုင်ကြီးများကို ငုံ၍ ဆောက်ထားသော အုတ်တိုင်နှစ်ခု ပေးတွင် တင်ရှိသည်။ ခေါင်းလောင်းကြီးသည် မလွှဲနိုင်ချေ။ ခေါင်းလောင်းကြီးကို ထောင်ထားသည့်တိုင်ကြီးများသည် မြေ ငလျင်၏ဒဏ်ကြောင့် ပျက်စီးယိုယွင်းနေကြသဖြင့် ခေါင်း လောင်းကြီး အောက်သို့ ပြုတ်မကျစေရန် သစ်သားတုံးကြီး များဖြင့် ထောက်ပေးထား ရသည်။ ထိုခေါင်းလောင်းကြီးကို ကြေးညိုနှင့် သွန်းလုပ်သည်။ ရွှေစ ငွေစများကို ခေါင်းလောင်း ကြီး၏ ကြေးသားထဲတွင် မြှုပ်ထားသည်။
ထိုခေါင်းလောင်းကြီး၏ အပြင်ဘက်အချင်းသည် နှုတ်ခမ်းဝ၌ ၁၆ ပေနှင့် ၃ လက်မ ရှိသည်။ အတွင်းဘက် နှုတ်ခမ်းဝ၊ အထက် ၄ ပေနှင့် ၈ လက်မနေရာ၌ အချင်းသည် ၁ဝ ပေ ရှိသည်။ ခေါင်းလောင်းကြီး၏ အတွင်းဘက်အမြင့်သည် ၁၁ ပေနှင့် ၆ လက်မရှိ၍ အပြင်ဘက်အမြင့်သည် ၁၂ ပေ ရှိသည်။ အတွင်းပိုင်း၏ အချင်းသည် ၈ ပေနှင့် ၆ လက်မ ရှိသည်။ ခေါင်းလောင်းကြီး၏ အထူသည် ၆ လက်မမှ ၁၂ လက်မအထိ ရှိ၍ အလေးချိန်မှာ အကြမ်းအားဖြင့် တန်ချိန် ၈ဝ ခန့် ရှိမည်ဟု အင်္ဂလိပ်တို့က ခန့်မှန်းခဲ့ကြသည်။ ထို အလေးချိန်အရ မင်းကွန်းခေါင်းလောင်းကြီးသည် ကမ္ဘာတွင် တတိယအကြီးဆုံးဖြစ်သည်။
ထိုခေါင်းလောင်းကြီးအကြောင်းကို ကုန်းဘောင်ခေတ် မဟာရာဇဝင်တော်ကြီးတွင် ဘိုးတော်ဘုရားသည် သက္ကရာဇ် ၁၁၇ဝ ပြည့်နှစ် ကဆုန်လဆန်း ၅ ရက်နေ့တွင် သွန်းလုပ် သည်ဟု ပါရှိသည်။ ခေါင်းလောင်းကြီး၏ အတိုင်းအတာကို လည်း အဝအချင်း ၃၁ တောင် ၄ သစ်၊ (၁၆ ပေ ၈ ၁/၄ လက်မ) လုံးပတ် ၃၃ တောင် ၁ မိုက် ၄ သစ် (၅ဝ ပေ ၃/၄ လက်မ) စောက် ၁၃ တောင် ၁ မိုက် ၄ သစ် (၂ဝ ပေ၊ ၃ လက်မ)ရှိသည်။ အလေးချိန်မှာ ကြေးအချိန်ပိဿာ ၅၅၅၅၅ ဖြစ်သည်ဟူ၍ ဖော်ပြထားလေသည်။ ထိုပိဿာချိန်ကို တန်ချိန် ဖွဲ့လျှင် ၉ဝ ့၅၂ တန် ရသည်။
တရုတ်နိုင်ငံ ပီကင်းမြို့ရှိ ခေါင်းလောင်းကြီးမှာ ၅၃ တန် အချိန်စီး၍၊ နန်းကင်းမြို့ရှိ ခေါင်းလောင်းမှာ ၂၂ တန် အချိန် စီးသည် ထိုခေါင်းလောင်းများအောက် ငယ်သော ခေါင်းလောင်း များလည်း ကမ္ဘာအရပ်ရပ်၌ အများပင် ရှိသေးသည်ကို တွေ့ရ သည်။
ရှေးလူများ စတင်အသုံးပြုခဲ့သော ခေါင်းလောင်းများမှာ လေးထောင့်ပုံ ခေါင်းလောင်းကလေးများသာ ဖြစ်ကြ၍ အချို့မှာ အလုံပိတ်ဖြစ်သော ခလောက်ကလေးများ ဖြစ်ကြသည်။ အဆိုပါ ခလောက်ကလေးမျိုးကို ခွေးနှင့် ကျွဲနွားတိရစ္ဆာန်တို့၏ လည်ပင်း၌ အလှဆွဲပေးခဲ့ကြသည်။ ထိုစဉ်က ဟီဗြူဘုန်းကြီး အချို့၏ ဝတ်ရုံများ၌လည်း ရွှေဖြင့်လုပ်သော ချူကလေးများကို တပ်ဆင်ခဲ့ကြလေသည်။
မြန်မာနိုင်ငံတွင် ခလောက်ကို ဆင်၊ ကျွဲ၊ နွား စသော တိရစ္ဆာန်များတွင် ဆွဲပေးတတ်ကြသည်။ ထိန်း ကျောင်းရသော တိရစ္ဆာန်များအား ခလောက်ဆွဲထားခြင်းကြောင့် တစ်စိုက်စိုက် လိုက်လံကြည့်ရှုရန် မလိုတော့ချေ။ ခလောက်သံကို နားထောင် ၍ နွားကျောင်းသားသည် ကျွဲ၊ နွားများ မပျောက်အောင် ထိန်း သိမ်းနိုင်လေသည်။ ခလောက်ကို အများအားဖြင့် သစ်သားကို ထွင်းပြီး လုပ်လေ့ရှိသော်လည်း ဆင်စွယ်ခလောက်၊ သတ္တု ခလောက်များလည်း ရှိသည်။
ချူများကိုမူကား အိမ်မွေးတိရစ္ဆာန်များ၏ လည်ပင်းတွင် အလှတပ်ဆင်ပေးတတ်ကြသည်။ ချူမှာကြေးဝါဖြင့်လုပ်ထား သော ခေါင်းပွအလုံးကလေးဖြစ်၍ အထဲတွင် အဆံထည့်ထားပြီး အောက်ဘက်တွင် ကွဲကြောင်း ဖောက်ထားသည်။ ချူများကို သားရေတွင် ဖောက်၍ ချူကုံးပြုလုပ်ကာ လှည်းယဉ်ဆွဲသော နွားများတွင် တပ်ဆင်ပေးတတ်ကြသည်။ ချူသံတချွင်ချွင်နှင့် လှည်းယဉ်များကို တောရွာများ၌ တွေ့ရလေ့ ရှိသည်။ ကုလား လူမျိုးများသည် ချူများကို ကြိုးဖြင့် သီကုံး၍ လက်ကောက် ဝတ်နှင့် ခြေချင်းဝတ်တို့တွင် စည်းပြီးလျှင် စည်းဝါးကျ ချူသံ ပေး၍ ကလေ့ရှိကြသည်။ [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)