ခေါပျဉ် သည် ကောက်ညှင်းနှင့် လုပ်ထားသော မြန်မာမုန့် တစ်မျိုးဖြစ်သည်။

ပြုလုပ်ပုံ ပြင်ဆင်ရန်

ပထမ ကောက်ညှင်းဆန်ကို ရေနှင့် စင်အောင်ဆေး၍ ပေါင်းအိုးတွင် ထည့်ပြီး ပေါင်းရသည်။ နူးနပ်သောအခါ ပေါင်းအိုးမှ ကောက်ညှင်းကို ယူ၍ အသင့်ဆေးထားသော မောင်းဆုံ(သို့) လက်ဆုံတွင် ထည့်ပြီးညက်အောင် ထောင်းပေးရသည်။ ညက်၍စေးလာသောအခါ ဆုံတွင်းမှ တစ်ဖန်ယူပြီး သန့်ရှင်းစွာ ဆေးထားသော ဇကာများတွင် ထည့်၍ အထူလက်မဝက် သာသာမျှ ရှိသော အပြားဖြစ်စေရန် လက်(သို့)ဒလိမ့်တုံးဖြင့် ဖိပေးရသည်။ တစ်ခါတစ်ရံ အပေါ်ယံ၌ နှမ်းလုံးကလေးများကို ဖြူး၍လည်း ခေါပျဉ်မုန့်များကို လုပ်လေ့ရှိသည်။ ထို့နောက် ကတ်ကျေးဖြင့် အလိုရှိသော ပုံစံအချိုးအစား အတိုင်း ဖြတ်တောက်ရသည်။

စားသောအခါတွင် အုန်းသီးမှုန့်၊ နှမ်းထောင်းများဖြင့် ရော၍ စားလေ့ရှိကြသည်။ ပို၍အရသာ ရှိစေရန် နှမ်းဆီအစိမ်းဆမ်း၍လည်း စားကြသည်။ ခေါပျဉ်တွင် ချိုဆိမ့်သော အရသာရှိသည်။

ရှမ်းလူမျိုးတို့သည် ခေါပျဉ်ကို နေဖြင့် အခြောက်လှန်း၍ စားလိုသောအခါ ဆီဖြင့် ကြော်စား၏။ သို့မဟုတ် မီးကင်၍လည်းစားသည်။ ထိုခေါပျဉ်ခြောက်များကို ခေါပုပ် ဟုလည်းခေါ်သည်။ ထိုသို့ခေါ်ခြင်းသည် ပုပ်သောအနံ့ရှိခြင်းကြောင့်မဟုတ်၊ အချိန်ကြာရှည်၍ ရက်ပုပ်ခံနိုင်သောကြောင့်သာ ဖြစ်တန်ရာသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာစွယ်စုံကျမ်း၊ အတွဲ(၂)အပိုင်း(ခ)