ခဲခြင်း
ခဲခြင်း
ပြင်ဆင်ရန်အရည်တစ်ခုသည် တဖြည်းဖြည်းအပူချိန်လျော့၍ အေးသည်ထက် အေးသွားသောအခါ၊ နောက်ဆုံး၌ အခဲအဖြစ်သို့ ကူးပြောင်းသွားမြဲ ဖြစ်သည်။ ဤသို့ အရည်ဘဝမှ အေးပြီး ခဲသွားသောအပူရှိန်ကို အရည်ခဲချိန် သို့မဟုတ် အရည်ခဲမှတ်ဟု ခေါ်သည်။ အလွန်အေးသော ဒေသတို့၌ ရေခဲခြင်း၊ ဆီးနှင်းကျခြင်း စသည်တို့မှာ ရေခဲလောက်အောင် အပူချိန် လျှော့ကျသွားခြင်းကြောင့်ပင် ဖြစ်သည်။ ရေခဲမှတ် (ရေ၏ခဲချိန်အမှတ်)မှာ စင်တီဂရိတ်ပြဒါးတိုင်အရ ၀°ဖြစ်၍၊ ဖာရင်ဟိုက် ပြဒါးတိုင်အရ ၃၂°ဖြစ်သည်။
ရေဘဝမှ ရေခဲဘဝသို့ ကူးပြောင်းသွားပုံနှင့် ရေခဲမှတ်တို့ကို လက်တွေ့စမ်းသပ်ကြည့်ရှုလိုလျှင် အောက်ပါနည်းဖြင့် စမ်းသပ်နိုင်သည်။ ရေခဲကို အတုံးကလေးများ ဖြစ်အောင် ထုခွဲပြီးနောက် ခွက်ထဲတွင် ဆားလက် နှစ်ဆုပ်စာမျှနှင့် ရောမွှေပြီးထားပါ။ ထို့နောက် ဖန်ပြွန် သို့မဟုတ် သတ္ထုဗူး ခပ်ငယ်ငယ် တစ်ခုတွင် ရေနှင့် ပြဒါးတိုင်တစ်ချောင်းကို ထည့်ပြီးလျှင် ထိုပြွန်ကို အထက်ပါ ရေခဲခွက်ထဲ၌ နှစ်ထားပါ။ ရေခဲ၏ အအေးရှိန်ကြောင့် ပြဒါးတိုင်အမှတ်သည် တဖြည်းဖြည်း လျော့ဆင်းလာပြီးလျှင် စင်တီဂရိတ်ပြဒါးတိုင် ဖြစ်သော် ၀°၊ (ဖာရင်ဟိုက်ပြဒါးတိုင်ဖြစ်သော ၃၂°) အရောက်တွင် ပြွန်ထဲရှိရေသည် ခဲစပြုလာပြီးလျှင် ပြဒါးတိုင် အမှတ်သည် ရေအားလုံး ခဲသွားသည့်တိုင်အောင် မပြောင်းဘဲ တည်နေသည်ကို တွေ့ရလိမ့်မည်။ ရေနည်းတူ အရည်ဘဝမှ အေးပြီးနောက် ခဲသွားနိုင်သော အခြားပစ္စည်းများလည်း အမြောက်အမြားရှိ၏။
ရေဘဝမှ ရေခဲဘဝသို့ ကူးပြောင်းနေချိန်တွင် အပူချိန်သည် အတိုးအလျော့မရှိဘဲ တန့်နေသည်။ ရေခဲဘဝမှ အရည်ပျော်ချိန်တွင်လည်း ရေခဲအားလုံး အရည်ပျော်သည်အထိ အပူချိန်မှာ တသမတ်တည်း တန့်နေသည်။ ဤကဲ့သို့ အရည်ပျော်နေချိန်တွင် ရေခဲသည် ဘေးပတ်ဝန်းကျင်ရှိ အရာဝတ္ထုတို့မှ အပူကို အစဉ်တစ်စိုက် စုတ်ယူလျက်ရှိသည်။ အသီးအနှံ၊ သားငါးမှစ၍ အစားအစာများကို မပုပ်မသိုးအောင် သိုမှီးသော အအေးသေတ္တာ၊ အအေးခန်းများကို ကြံစည်ပြုလုပ်ရာတွင် ဤအပူချိန် တန့်နေတတ်သော သဘောကိုပင် မူတည်၍ ပြုလုပ်ထားခြင်း ဖြစ်သည်။
ဆားရည်သည် ဖာရင်ဟိုက်ပြဒါးတိုင်အရ သုညအောက် ၇°ရောက်မှ ခဲနိုင်သဖြင့် ရေရိုးရိုး၏ ခဲချိန် အမှတ်အောက် ၃၉°လျော့လေသည်။ ထို့ကြောင့် ဆားရောထားသော ရေခဲသည် အပူကို စုတ်ယူယင်း အရည်ပျော်ကာ ဆားရည်ဖြစ်သွားစဉ်တွင်၊ ထိုဆားရည်၌ မိမိကိုယ်တိုင် ခဲသွားလောက်အောင် မအေးသော်လည်း ရေကို ခဲစေနိုင် လောက်အောင်ကား အေး၍နေသည်။ ဤအချက်ကို ထောက်သဖြင့် ရေခဲနှင့် ရေခဲမုန့်များ ပြုလုပ်ရာ၌ ဆားရည် သို့မဟုတ် ဆားရောထားသော ရေခဲအား အသုံးပြုသည့် အဓိပ္ပာယ်ကို သဘောပေါက်နိုင်ပေသည်။
ရေခဲနှင့်တကွ သတ္ထုအများမှာ ခရစ္စတယ်ပွင့်တတ်သော ပစ္စည်းများဖြစ်၍ ထိုပစ္စည်းများတွင် အရည်ခဲမှတ်နှင့် အရည်ပျော်မှတ် (အရည်ပျော်ချိန်အမှတ်) တိသည် အတူတူပင် ဖြစ်သည်။ သံ၊ ဖန်၊ ထောပတ်၊ ဖယောင်းတို့ကဲ့သို့ ခရစ္စတယ် မပွင့်တတ်သော သို့မဟုတ် ပွင့်ပုံမဲ့ပစ္စည်းများတွင်မူ အရည်ခဲမှတ် အရည်ပျော်မှတ် ဟူ၍ အတိအကျ မရှိချေ။ ထိုပစ္စည်းမျိုးကို အပူတိုက်ပေးသောအခါ အခဲဘဝမှ တဖြည်းဖြည်း ပျော့ပျောင်းလာကာ ရှေးဦးစွာ ခဲရာမှ ပျစ်ပြီးလျှင် နောက်ဆုံးတွင် ပျစ်ရာမှ သွက်သွားသည်။
အရာဝတ္ထုတို့၌ များသောအားဖြင့် ပူလျှင် ကားထွက်၍ အေးလျှင် ကျုံ့ဝင်သွားတတ်သော သဘောရှိမြဲ ဖြစ်သည်။ သို့ရာတွင် စင်တီဂရိတ် ၄°အထက်သို့ ပူလာလျှင်ဖြစ်စေ၊ ထိုဒီဂရီအောက်သို့ အေးသွားလျှင် ဖြစ်စေ အရွယ်ပမာဏအားဖြင့် ၁ဝပုံ ၁ပုံနီးပါး ကားထွက်လာသည်။ ထို့ကြောင့် အရွယ်ချင်းတူလျှင် ရေထက် ရေခဲက ပေါ့သည့်အတိုင်း ရေခဲသည် ရေထဲတွင် ပေါလောပေါ်နေနိုင်သည်။ အလွန်အေးသော ဒေသတို့၌ ရေခဲလောက်အောင် အေးသောရာသီတွင် ရေသွယ်ပြွန်(ပိုက်လုံး)များ ကွဲထွက်တတ်ခြင်း မှာလည်း ပြွန်တွင်းရှိ ရေခဲရာတွင် အရွယ်ပမာဏ ကားထွက်လာသည့် ဒဏ်ကြောင့်ပင် ဖြစ်သည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)