ကောသလမင်း၏ ဒီဃီတိ မည်သော မိဘုရားကြီးမှာ ကိုယ်ဝန်ရှိတဲ့အခါ ဒီလို ချင်ခြင်းတောင့်တဖြစ်လာပါတယ်။ နေထွက်သောအခါ ညီညွတ်သော မြေအပြင်မှာ ရပ်ပြီး ချပ်မိန်ညိုကို ဝတ်ထားတဲ့ အင်္ဂါ လေးပါးရှိတဲ့ စစ်သည်ကို ကြည့်ရှုချင်တာရယ် ၊ သန်လျက်ဆေးရေကို သောက်ချင်တာရယ် (၂)မျိုးရှိလာတယ်လို့ ဆိုပါတယ်။ ဇာတ်လမ်းကိုတော့ ကြားဖူးကြမယ်ထင်ပါတယ်။ သူ့မိဘကို ဒုက္ခပေးနှိပ်စက်တဲ့ ကာသိမင်းကို သတ်ဖို့ အခွင့်ကြုံနေပေမယ့် ဖခင်မှာခဲ့တဲ့ စကား ချစ်သား ဒီဃာဝု အရှည်ကို မကြည့်လင့် ၊ အတိုကိုလဲ မကြည့်လင့် ၊ ရန်တုံ့မူသဖြင့် ရန်တို့သည် မငြိမ်းကုန် ၊ ရန်မတုံ့မူမှသာ ရန်တို့သည် ငြိမ်းကုန်၏ ..ဟူသောစကားကို လိုက်နာပြီး ရန်သူဘုရားကို မသတ်ခဲ့ဘူး။ ဒါကြောင့် နောက်ဆုံးမှာ ဘုရင်က သမီးနဲ့ လက်ဆက်ပေးပြီး ထီးနန်းပေးတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဒီမှာ မူရင်းပါဠိကတော့ တသာ ဧဝရူပေါ ဒေဟဠော ဟောတိ စသဖြင့် ပါရှိပါတယ်။

ဒီပါဠိတော် အကျယ်ရှင်းတမ်းမှာ ဘုန်းကံရှိသော (ဝါ) ထူးခြားသော သားတော်ကို ကိုယ်ဝန်ရှိတဲ့ အခါ မိခင်လောင်းမှာ ချင်ခြင်းဖြစ်တတ်တယ် ။ ဒီချင်ခြင်းကို ဖြည့်ဆည်းပေးရင် သားတော် မှာ ပြည့်စုံသော ဘုန်းကံရမယ်။ မလုပ်ပေးရင်တော့ ကိုယ်လက်အင်္ဂါမစုံတဲ့ အဖြစ်အထိရောက်သွားနိုင်တယ် ဆိုပါတယ် ။

နောက် နာကြားဖူးတဲ့ အထဲက ကိုးကားတင်ပြချင်တာ တစ်ခုကတော့ သီတဂူဆရာတော်ကြီးဟောတဲ့ တရားထဲက ပါပဲ ။ ဗုဒ္ဓ ရတနာ့ ဂုဏ်ရည်တရားတွဲ မှာ ဒီချင်ခြင်း အကြောင်းကို ဆရာတော် တော်တော်ကို အသေးစိတ် ဟောထားပါတယ်။ ချင်ခြင်းဟာ တကယ်တော့ မိခင်လောင်းရဲ့ ဆန္ဒမဟုတ်ဘဲ အဲဒီ့ သားလောင်းရဲ့ ဆန္ဒဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ဆန္ဒကို မိခင်ဆီက တဆင့် တောင်းတာလို့ ဆိုပါတယ်။ ဆရာတော် ပေးတဲ့ ဥပမာတွေမှာတော့ အဇာတသတ်မင်းသားလောင်း ကို ကိုယ်ဝန်ရစဉ် မိခင် မိဘုရားကြီးမှာ ဖြစ်တဲ့ ချင်ခြင်းက ဖခင်ဘုရင် ဗိမ္ဗိသာရ မင်းကြီးရဲ့ လက်မောင်းသွေးကို သောက်ချင်တဲ့ ချင်ခြင်းဖြစ်ပါတယ်။ နိမိတ်ဖတ်ကြတော့ အဖကို သတ်မယ့် သားလို့ ဆိုကြပါတယ်။ ဒါကြောင့် မိဘုရားကြီးက ဒီကိုယ်ဝန်ကို ဖျက်ချဖို့ အကြိမ်ကြိမ်ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။