ရွှေညာမောင် အမည်ခံ စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ၊ ရုပ်ရှင်သရုပ်ဆောင် နှင့် ရုပ်ရှင်ကောင်စီ စည်းရုံးရေးကော်မတီဥက္ကဋ္ဌ အလင်္ကာကျော်စွာ ဦးချင်းစိန်ကို မန္တလေးတိုင်း ညောင်ဦးမြို့တွင် အဖ အထက်တန်းရှေ့နေ ဦးဘိုးကြွင်း အမိ ဒေါ်စောမြိုင်တို့က ၁၉၁၀ ပြည့်နှစ် ဩဂုတ်လ ၈ ရက်နေ့တွင် မွေးဖွားသည်။ သားသမီး ခြောက်ယောက်အနက် အကြီးဆုံးသား ဖြစ်သည်။ ညောင်ဦးမြို့ အေဘီအမ် သာသနာပြု အလယ်တန်းကျောင်းတွင် စတင်ပညာသင်ကြားခဲ့သည်။ ထိုမှ မြင်းခြံမြို့ အေဘီအမ် သာသနာပြုအထက်တန်းကျောင်းသို့ ပြောင်းရွေ့ခဲ့သည်။ ယင်းကျောင်းမှ ၁၀ တန်းအောင်၍ ရန်ကုန်ယူနီဗာစီတီကျောင်း(ရန်ကုန်တက္ကသိုလ်)တွင် အိုင်အေအထိ ဆက်လက် ပညာသင်ကြားခဲ့ သည်။

အလင်္ကာကျော်စွာ
ဦးချင်းစိန်(ရွှေညာမောင်)
ရွှေညာမောင်
မွေးဖွား(1910-08-08)၈ ဩဂုတ်၊ ၁၉၁၀
​ညောင်ဦးမြို့မန္တလေးတိုင်း
ကွယ်လွန်၃ နိုဝင်ဘာ၊ ၁၉၈၅(1985-11-03) (အသက် ၇၅)
ရန်ကုန်မြို့
အလုပ်အကိုင်
  • ရုပ်ရှင်ဒါရိုက်တာ
  • ရုပ်ရှင်သရုပ်​ဆောင်
  • အဆို​တော်
  • စာ​ရေးဆရာ
  • ရုပ်ရှင်ကောင်စီ စည်းရုံးရေးကော်မတီဥက္ကဋ္ဌ 
အိမ်ထောင်ဖက်(များ)​ဒေါ်​​မြသိန်း
သားသမီး(၂)​ယောက်
မိဘ(များ)ဦးဘိုးကြွင်း + ​ဒေါ်​စောမြိုင်
ရရှိသည့်ဆုများ
  • အလင်္ကာကျော်စွာဘွဲ့(၁၉၅၈)
  • အ​ကောင်းဆုံးဒါရိုက်တာဆု(၁၉၅၅)(ကိုယ့်ရင်​​သွေးဇာတ်ကားဖြင့်)


၁၉၃၁ ခုနှစ်တွင် တက္ကသိုလ်မှ ထွက်ပြီး ညောင်ဦးမြို့၌ ညကျောင်းဖွင့်၍ အင်္ဂလိပ်စာ ပြခဲ့သည်။ ရုပ်ရှင်လုပ်ငန်းကို ဝါသနာပါသည့်အလျောက် ၁၉၃၃-၄၂ ခုနှစ်၌ ရန်ကုန်မြို့ အေဝမ်းဖလင် ကုမ္ပဏီနှင့် ဆက်သွယ်မိပြီး ယင်းကုမ္မဏီမှ ရိုက်ကူးသော ရုပ်ရှင်ကားများတွင် ရုပ်ရှင်ဇာတ်ရံ၊ ဇာတ်ပို့သရုပ်ဆောင် အဖြစ် ပါဝင်ခဲ့သည်။ ထိုနောက် အေဝမ်းဖလင်မှ ထုတ်လုပ်သော ကြင်သက်ဝေ ဇာတ်ကားကို ဒါရိုက်တာ ရွှေညာမောင်အမည်ခံလျက် ကိုယ်တိုင် ဇာတ်ညွှန်းရေး၍ ပထမဆုံးရိုက်ကူးခဲ့ရာ အောင်မြင်သဖြင့် မြမျက်ချယ်နှင့် ချစ်သွေးဟုန် ဇာတ်ကားများကို ဒါရိုက်တာအဖြစ် ဆက်လက်ရိုက်ကူးခဲ့သည်။

ဦးချင်းစိန်သည် ထိုခေတ်က ထင်ရှားလူသိများသော ဒဂုန်မဂ္ဂဇင်းအဖွဲ့ဝင် စာရေးဆရာ အယ်ဒီတာတစ်ဦး လည်းဖြစ်သည်။ ထို့ပြင် ရန်ကုန်မြို့ လူငယ်များကြီးပွားရေးအသင်း အကျိုးဆောင်အဖြစ် လုပ်ကိုင်ယင်း အင်္ဂလိပ်နယ်ချဲ့အစိုးရကို ဆန့်ကျင်ဆန္ဒပြသော ၁၃ဝဝ ပြည့်အထွေထွေ သပိတ်ကြီးတွင်လည်း ပါဝင်ခဲ့သူဖြစ် သည်။

ဒုတိယကမ္ဘာစစ်ဖြစ်၍ ဂျပန်တပ်များ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာချိန်၌ ဦးချင်းစိန်သည် ညောင်ဦးမြို့သို့ ပြောင်းရွေ့နေထိုင်ခဲ့ပြီးနောက် မင်းဘူးမြို့သို့ ပြောင်းရွေ့နေထိုင်သည်။ မင်းဘူးမြို့တွင် သခင်များနှင့် ပူးပေါင်းပြီး မြေပေါ် မြေအောက်လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။ ထိုစဉ် ဗိုလ်ချုပ်အောင်ဆန်း၏ တိုက်တွန်းချက်ကြောင့် ဗမာ့လွတ်လပ်ရေး(ဘီ၊ အိုင်၊ အေ)တပ်သို့ ဝင်ပြီး ဗိုလ်မျိုးဒင်အမည်ဖြင့် ညောင်ဦးတွင် စစ်အုပ်ချုပ်ရေးမှူးတာဝန်ယူခဲ့သည်။

၁၉၄၂-၄၈ ခုနှစ် ကာလအတွင်း၌ ဦးချင်းစိန်သည် စစ်ပြီးစ အစိုးရဌာနတွင် ရုပ်ရှင် အထူးအရာရှိ ဖြစ်လာသည်။ ထိုမှ ဗမာ့ခေတ် သတင်းစာတိုက်တွင် မန်နေဂျာအဖြစ် ပြောင်းရွေ့လုပ်ကိုင်နေစဉ် ဗမာ့တပ်မတော်မှ ပြန်လည် ခေါ်ယူသောကြောင့် ပြည်သူ့ဆက်ဆံရေးဌာန၊ ဌာနခွဲမှူး၊ ဗိုလ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဦးချင်းစိန်သည် ၁၉၄၈ ခုနှစ်မှစ၍ အေဝမ်းဖလင် ရုပ်ရှင်ကုမ္ပဏီနှင့် ပြန်လည်ဆက်သွယ်ပြီး အထောက်တော်၊ ချစ်ရဲဘော်၊ ချစ်မမ၊ ကေလာသနှင့် မြဟေဝန်ဇာတ်ကားများကို လည်းကောင်း၊ ဓနသိဒ္ဓိရုပ်ရှင်အတွက် ကိုယ့်ရင်သွေးဇာတ်ကားကို လည်းကောင်း၊ ဘီသုံးလုံးရုပ်ရှင်အတွက် ဗိုလ်မြဒင်ဇာတ်ကားကိုလည်းကောင်း ဇမ္ဗူအေးရုပ်ရှင်အတွက် ကောလိပ်ဂျင်ဇာတ်ကားကို လည်းကောင်း ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သည်။

ဦးချင်းစိန်သည် ကိုယ့်ရင်သွေး ဇာတ်ကားဖြင့် အကောင်းဆုံး ဒါရိုက်တာဆုကို ၁၉၅၅ ခုနှစ်တွင် ရရှိခဲ့သည်။ ၁၉၅၉ ခုနှစ်မှစ၍ ကိုယ်ပိုင်ရွှေညာမောင်ရုပ်ရှင် တည်ထောင်၍ အိမ်ထောင်စု၊ စိုးပိုင်၊ ဘုံဓမ္မတာ ဇာတ်ကား များကို ကိုယ်တိုင် ရိုက်ကူးသည်။

၁၉၄၉-၅၀ ပြည့်နှစ်တွင် အင်းစိန်တိုက်ပွဲဖြစ်ပွားရာ ဦးချင်းစိန်သည် မြန်မာနိုင်ငံ ရုပ်ရှင်နှင့် ပြဇာတ် အစည်းအရုံး အတွင်းရေးမှူး တာဝန်ယူ၍ ရှေ့တန်းစစ်မျက်နှာသို့ ဖျော်ဖြေရေးအဖွဲ့ဝင်များ စေလွှတ်ခဲ့သည်။ ဦးချင်းစိန်သည် ရုပ်ရှင် ဒါရိုက်တာ၊ စာရေးဆရာနှင့် ရုပ်ရှင်သရုပ်ဆောင် ဖြစ်သည်သာမက ခေတ်ဆန်းချိန်၊ အာဇာနည်၊ ချစ်ရဲဘော်စသော တိုင်းပြည်ပြုသီချင်းများနှင့် ရွှေပုပ္ပါး၊ ရှုတိုင်းယဉ်၊ ချစ်ချင်တယ်စသော သီချင်းများကို သီဆိုခဲ့သော အဆိုကျော်တစ်ဦး လည်းဖြစ်သည်။ ၁၉၅၂ ခုနှစ်တွင် ဆိုဗီယက် မြန်မာယဉ်ကျေးမှုကိုယ်စားလှယ်အဖြစ် ဆိုဗီယက်နိုင်ငံသို့ သွားရောက်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် အလင်္ကာကျော်စွာဘွဲ့ ရရှိသည်။

၁၉၆၂-၆၅ ကာလအတွင်း ဦးချင်းစိန်သည် ရန်ကုန်တိုင်းလုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီအဖွဲ့ဝင်၊ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ပါတီညီလာခံများသို့ ရွေးချယ်စေလွှတ်သော ညီလာခံကိုယ်စားလှယ်၊ ရန်ကုန်တိုင်းပြည်သူ့ကောင်စီ တရားစီရင်ရေးအဖွဲ့၊ အမြတ်ခွန်နှင့် အယူခံအဖွဲ့တို့၌ အချိန်ပိုင်းအဖွဲ့ဝင်စသည်ဖြင့် ဆောင်ရွက်ခဲ့သည်။

ထို့ပြင် ကလေးဆေးရုံ ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ရုပ်ရှင်ကောင်စီစည်းရုံးရေးကော်မတီဥက္ကဋ္ဌ၊ ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲရန်ကုန်တိုင်းကော်မရှင်အဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲ ရန်ကုန်တိုင်းကော်မရှင်အဖွဲ့ဝင်အဖြစ်လည်း တာဝန်ယူဆောင်ရွက်ခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ညောင်ဦးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ရွေးချယ်ခံရ သည်။ ဦးချင်းစိန်သည် ၁၉၈၅ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့ တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်မြသိန်းနှင့် သားသမီးနှစ်ယောက် ကျန်ရစ်သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)