ချစ်ကြည်ရေးအားကစားပွဲတော်

ချစ်ကြည်ရေးအားကစားပွဲတော် (ပထမအကြိမ်) ပြင်ဆင်ရန်

ကမ္ဘာ့ အိုလင်းပစ်ပြိုင်ပွဲ၊ ကမ္ဘာ့တံခွန်စိုက်ပြိုင်ပွဲစသော အားကစား ပြိုင်ပွဲကြီးကို ပုံမှန်ကျင်းပလျက်ရှိရာ ၁၉၈၆ ခုနှစ်တွင် ဆိုဗီယက် ပြည်ထောင်စု၊ မော်စကိုမြို့၌ ကျင်းပသော ပထမ အကြိမ် ချစ်ကြည်ရေးအားကစားပွဲတော်ကြီးသည် ထူးခြားသော အားကစားပြိုင်ပွဲကြီး တစ်ခုဖြစ်သည်။

ယင်း အားကစားပြိုင်ပွဲကြီးကို အမေရိကန်နိုင်ငံမှ တီဘီအက်စ် ရုပ်မြင်သံကြားကုမ္ပဏီကြီးနှင့် ဆိုဗီယက်ပြည်ထောင်စု တို့က ပူးတွဲတာဝန်ယူ ကျင်းပခြင်းဖြစ်သည်။ အမေရိကန်နှင့် ဆိုဗီယက် အားကစားသမား အကျော်အမော်များသည် ၁၉၇၆ ခုနှစ် မွန်ထရီနယ် အိုလင်းပစ်အားကစားပွဲတော်ကြီးတွင် နောက်ဆုံးယှဉ်ပြိုင်ခဲ့ကြပြီးသည့်နောက် ၁၉၈ဝ ပြည့်နှစ်နှင့် ၁၉၈၄ ခုနှစ် အိုလင်းပစ်ပြိုင်ပွဲကြီး နှစ်ရပ်တွင် တွေ့ဆုံ ယှဉ်ပြိုင်ခြင်း မပြုခဲ့ကြချေ။ သို့ဖြစ်၍ ဆိုဗီယက်နှင့် အမေရိကန်အားကစားသမားများ ပြန်လည်တွေ့ဆုံ ယှဉ်ပြိုင် နိုင်ရေးအတွက် ချစ်ကြည်ရေး အားကစားပွဲတော်ကို ကျင်းပ ခြင်းဖြစ်သည်။

ချစ်ကြည်ရေး အားကစားပွဲတော်ကို မော်စကိုမြို့ လီနင် အားကစားပြိုင်ကွင်းကြီးတွင် ၁၉၈၆ ခုနှစ် ဇူလိုင်လ ၄ ရက် နေ့မှ ၂ဝ ရက်နေ့အထိ အောင်မြင်စွာ ကျင်းပခဲ့သည်။ ချစ်ကြည်ရေး အားကစားပွဲတော်သို့ နိုင်ငံပေါင်း ၈ဝ မှ အားကစားသမားပေါင်း ၃ဝဝဝ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ ကြသည်။

ယင်းအားကစားပြိုင်ပွဲတွင် ဘတ်စကက်ဘော (အမျိုးသမီး)၊ လက်ဝှေ့၊ စက်ဘီး (အမျိုးသား/အမျိုးသမီး)၊ ဝါတာပိုလို၊ ဘော်လီဘော(အမျိုးသား/အမျိုးသမီး)၊ ကျွမ်းဘား (အမျိုးသား/ အမျိုးသမီး)၊ လှေလှော် (အမျိုးသား/အမျိုးသမီး)၊ ဂျူဒို၊ ပြေး ခုန်ပစ် (အမျိုးသား/အမျိုးသမီး)၊ တင်းနစ် (အမျိုးသား/ အမျိုး သမီး)နှင် သရုပ်ပြပွဲများ အဖြစ် ရေခဲပြင်လျှောစီးအကနှင့် မော်တော်ဆိုင်ကယ် ဘောလုံးကစားနည်းတို့ ပါဝင်သည်။ ပြိုင်ပွဲတွင် ကမ္ဘာ့ထိပ်သီး အားကစားသမားများ အားတက် သရော ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ထိုကြောင့်လည်း ကမ္ဘာ့စံချိန် သစ်ခြောက်ခု တင်နိုင်ခဲ့သည်။ ပြေးခုန်ပစ်တွင် နှစ်ခု၊ စက်ဘီး ပြိုင်ပွဲတွင် သုံးခုနှင့် ရေကူးပြိုင်ပွဲတွင် တစ်ခုတို့ဖြစ်သည်။ ဒေသဆိုင်ရာ စံချိန် ရှစ်ခုနှင့် နိုင်ငံအလိုက် အမျိုးသား စံချိန် သစ် ပေါင်း ၉၁ ခုကိုလည်း တင်နိုင်ခဲ့ကြသည်။ ပွဲ့ကြည့် ပရိသတ်ပေါင်း ၁ဝ သိန်းကျော် အားကစားပြိုင်ပွဲ အသီးသီး တွင် ကြည့်ရှု အားပေးခဲ့ကြသည်။

ချစ်ကြည်ရေး အားကစားပွဲတော်တွင် အကောင်းဆုံး ကမ္ဘာ့ အားကစားစံချိန် နှစ်ခုတင်နိုင်ခဲ့ရာ တုတ်ကောက် အမြင့်ခုန် တွင် ဆိုဗီယက်မှ ဆာဂျီဘူကာက ၆ ဒသမ ဝ၁ မီတာခုန်ပြီး စံချိန်သစ် တင်ခဲ့သည်။ အမျိုးသမီး ခုနစ်မျိုးစုံပြိုင်ပွဲတွင် အမေရိကန်မှ ဂျက်ကီ ဂွိုင်နားက အမှတ်ပေါင်း ၇၁၄၈ မှတ် ဖြင့် ကမ္ဘာ့စံချိန်သစ် တင်ခဲ့သည်။ ၎င်းတို့နှစ်ဦးအား အကောင်း ဆုံး အားကစားသမား နှစ်ဦးအဖြစ် ရွေးချယ်ခဲ့သည်။ အထူးဆု ကိုလည်း ကနေဒါနိုင်ငံမှ တာတို အပြေးသမား ဘင်ဂျွန်ဆင်ကို ချီးမြှင့်ခဲ့သည်။ ဘင်ဂျွန်ဆင်သည် မီတာ ၁ဝဝ ပြေးပွဲတွင် ၉ ဒသမ ၉၅ စက္ကန့်ဖြင့် ပြေးကာ ပထမရရှိခဲ့သည်။

ချစ်ကြည်ရေး အားကစားပြိုင်ပွဲကြီးကို လေးနှစ်လျှင် တစ် ကြိမ် ကျင်းပသွားမည်ဖြစ်ရာ ဒုတိယအကြိမ်မြောက် ချစ်ကြည် ရေး အားကစားပြိုင်ပွဲကြီးကို ၁၉၉ဝ ပြည့်နှစ်တွင် အမေရိကန် ပြည်ထောင်စု၌ ကျင်းပမည် ဖြစ်သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာစွယ်စုံကျမ်း၊ အတွဲ(၂)