မြန်မာနိုင်ငံတွင် တစ်ဦးတည်းသော ‘သူရ’ဘွဲ့ပိုင်ရှင် အမျိုးသမီး တစ်ဦးဖြစ်သူ သူရမချစ်ပို ကို ၁၉၀၈ ခုနှစ် ဖေဖော်ဝါရီလတွင် ထားဝယ်မြို့တွင် မွေးဖွားခဲ့သည်။

သူရ မချစ်ပို

မောင်လေး တစ်ဦးမှာ ဘီအီးတပ်ထဲသို့ ဝင်သွားသည်ဟု ကြားသိရသဖြင့် လိုက်ရှာရင်း မေမြို့ (ယခုပြင်ဦးလွင်မြို့) ရှိ ဦးကြွယ်၊ ဒေါပုတို့အိမ်တွင် နေဖြစ်သွားသည်။ ထို့နောက် ဦးကြွယ်တို့နှင့် ခင်မင်ရင်းနှီးသော ဘီအီးတပ်မှ တပ်ကြပ်လှမောင်နှင့် အိမ်ထောင်ပြုသည်။ တပ်ကြပ်လှမောင်မှာ တပ်တွင်း၌ စားရေးသောက်ရေးကို တာဝန်ယူရသောကြောင့် ထမင်းချက်လှမောင်ဟု လူသိများသည်။

မချစ်ပိုသည် ထားဝယ်သူပီပီ စကားပြောလျှင် အသံဝဲဝဲလေးနှင့် ချစ်စရာကောင်းလှသည်။ အသားကမဖြူ မညို၊ မျက်နှာက လေးထောင့်စပ်စပ်၊ အရပ်အမောင်းက ငါးပေသုံးလက်မခန့်ရှိသည်။ စကားပြော လျှင် ခပ်ပြတ်ပြတ်ပြောတတ်၍ လုပ်စရာရှိလျှင်လည်း ပြတ်ပြတ်သားသား လုပ်တတ်သည်။ မချစ်ပို၏ ယောက်ျားဖြစ်သူ တပ်ကြပ်လှမောင်သည် ထမင်းချက် တာဝန်ယူထားသော်လည်း အခြေအနေပေးလျှင် တိုက်ခိုက်သည့်အဖွဲ့ထဲ ပါသွားပြန်သည်။

ထိုစဉ်က အင်ဂျင်နီယာ အဖွဲ့များက ဘီအီးကုန်းတွင်အခြေစိုက်ပြီး ကေအင်ဒီအိုတပ်ဖွဲ့များက လေ့ကျင့်ရေး တပ်ကုန်းမှ နေ၍ ရင်ဆိုင်ထားသည်။ မချစ်ပိုသည် ကေအင်ဒီအို များ တပ်စွဲထားသော လေ့ကျင့်ရေး တပ်ကုန်း၊ ဆေးတပ်ကုန်း များသို့ နည်းအမျိုးမျိုးဖြင့် ဝင်ရောက်ကာ ရန်သူသတင်းကို တပ်မတော်သို့ ထောက်လှမ်းပေးခဲ့သည်။ ထို့ပြင် တစ်ခါတစ်ရံ ရန်သူ အဖွဲ့ငယ် သုံးလေးဦးနှင့် တွေ့၍ အခွင့်သာသည့်အခါတွင် လက်ပစ်ဗုံးဖြင့် ထုလာခဲ့သည်။ ထို့နောက် မချစ်ပိုသည် ရဲဘော်များနှင့် အတူပူးပေါင်း၍ ညတိုက်ပွဲများဆင်နွဲခဲ့သည်။

ယင်းနောက် မကြာမီမှာပင် ရန်သူနှင့် အဆက်အသွယ်ရှိသော အမျိုးသမီး တစ်ဦး၏ လက်ထောက်ချမှုကြောင့် မချစ်ပို၏ လှုပ်ရှားများကို ရန်သူအဖွဲ့က သိရှိကာ အဖမ်းခံရသည်။ ထို့နောက် အမျိုးမျိုး စစ်ဆေး၍ ရက်စက်စွာ သတ်ဖြတ် လိုက်ကြသည်။ ဤသို့ဖြင့် မချစ်ပိုသည် ၁၉၄၉ ခုနှစ်၊ ဧပြီလ (၈) ရက်နေ့ အသက် ( ၄၂ )နှစ်အရွယ်တွင် ကျဆုံးသွားခဲ့ရရှာသည်။ မချစ်ပို ကျဆုံးသော နေ့ရက်သည် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်များက မန္တလေးမြို့ ကို ပြန်လည်သိမ်းပိုက်ပြီး ဖြစ်၍ မြို့သိမ်းအောင်ပွဲအခမ်းအနားပြုလုပ်သောနေ့ နှင့် တိုက်ဆိုင်ခဲ့လေသည်။

သူရမချစ်ပို အုတ်ဂူ၊ အာဇာနည်လမ်း၊ ထုံးဘို၊ ရပ်ကွက်ကြီး(၁) ပြင်ဦးလွင်မြို့။

မချစ်ပို ၏ အလောင်းကို သုံးလေးရက် အကြာတွင် ပြန်ဖော်သောအခါ ပုတ်သိုးနံစော်ခြင်းမရှိဟု ဆိုသည်။ ထို့နောက် ၁၉၄၉ ခုနှစ်၊ မေလ (၁၆) ရက်နေ့တွင် မချစ်ပို ၏ ရုပ်အလောင်းကို စစ်အခမ်းအနားဖြင့် ပြင်ဦးလွင် မြို့ ထုံးဘိုရပ်တွင် ဂူသွင်းသဂြိုဟ်ခဲ့ကြသည်။

ဂုဏ်ပြုခြင်း

ပြင်ဆင်ရန်

(၁၉၅၀)ပြည့်နှစ် မြန်မာ့ လွတ်လပ်ရေး ဒုတိယ နှစ်ပတ်လည် (၁၉၅၀ပြည့် ဇန်နဝါရီ ၄ရက်) နေ့တွင် မချစ်ပို ၏ စွမ်းစွမ်းတမံ ဆောင်ရွက်မှု များကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်က သူရ ဘွဲ့ကို ထိုက်တန်စွာ ဂုဏ်ပြု ချီးမြှင့် ခဲ့လေသည်။[] သူရ မချစ်ပို သည် မြန်မာနိုင်ငံတွင် တစ်ဦးတည်းသော သူရဘွဲ့ရ အမျိုးသမီး အဖြစ် ယနေ့တိုင် ရပ်တည်ဆဲ ဖြစ်သည်။ ဒီနေ့ခေတ်တွင် သူရမချစ်ပို၏ အမည်အား သူရဲကောင်းဗိမာန် (နေပြည်တော်)၌ မော်ကွန်းတင်ကမ္ပည်းရေးထိုးထားရှိသည်။

သူမ၏ဇာတိ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သောကြာပြင်ပန်းခြံ၌ သူရမချစ်ပို ရုပ်တု ထွင်းထုထားရှိသည်။[]

မချစ်ပို၏ အာဇာနည်စိတ်ဓာတ်ကို အောက်မေ့သတိရသော အားဖြင့် သူရ မချစ်ပို၏ နှစ် ၁၁၀ ပြည့် အထိမ်းအမှတ် ပွဲကို ပြင်ဦးလွင်မြို့ ၌ ပြင်ဦးလွင် မြို့နယ် စာရေးဆရာ အသင်းက ဦးဆောင်၍ ၂၀၁၈ ဖေဖော်ဝါရီလ တွင် ကျင်းပခဲ့သည်။[]

  1. http://www.fifthwavenews.com/fwn/3319
  2. မော်ကွန်းတင်ပြီးမိတ္တူ။ 14 August 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 October 2018 တွင် ပြန်စစ်ပြီး။
  3. https://burma.irrawaddy.com/news/2018/01/07/149218.html

ခင်မောင်နိုင် (ဘီအီး) ပြင်ဦးလွင် မှ သူရမချစ်ပို မြန်မာ့အလင်း သတင်းစာ (၁၃-၃-၉၅) ၊ စာ-၆