ဦးချစ်ဖွယ် သည် မြန်မာနိုင်ငံသား ကျော်ကြားသော အငြိမ့်လူရွှင်တော် တစ်ဦးဖြစ်သည်။

ဘဝဖြစ်စဉ်

ပြင်ဆင်ရန်

အငြိမ့်သဘင်တွင် လူရွှင်တော်အဖြစ်နှင့် အမည်ကျော်ကြား ရုံမျှသာမက အငြိမ့်၏အနုပညာ အဆင့်အတန်းကိုပါ မြှင့်တင် ပေးခဲ့သော ပညာရှင်အနေနှင့် နှောင်းလူတို့၏ လေးစားခြင်း ခံရသည့် ဦးချစ်ဖွယ်ကို မန္တလေးမြို့ ယိုးဒယားဈေးအုတ် ဝန်မင်းဝင်းအတွင်း၌ အဖဦးဖိုး(ဦးဖ)၊ အမိ ဒေါ်မယ်တို့မှ ၁၂၃၄ ခု ပြာသိုလတွင် ဖွားမြင်သည်။ ငယ်မည်မှာ မောင်ချစ်ဖော်ဟူ၏။ ဖခင်ဦးဖိုးသည် ယိုးဒယားမျိုးရိုး ဖြစ်သည်။ စစ်သုံ့ပန်း တစ်ဦးအဖြစ်နှင့် မန္တလေးသို့ ရောက်ရှိလာခဲ့သည်။ ယိုးဒယား ရာမဇာတ်ကို ကပြရာ၌ အမြဲပင် ကြီးကြပ်စီမံပေးခဲ့ရသည်။ ဦးချစ်ဖွယ်မှာ ငယ်စဉ်က ကျောက်သွေးလုပ်ငန်းကို သက်မွေး ဝမ်းကျောင်းအဖြစ်ဖြင့် လုပ်ကိုင်ခဲ့သော်လည်း ဖခင်စီမံသော ရာမဇာတ်တော်ကြီး ကပြတိုင်း ဟနုမန်မျောက်အဖြစ်ဖြင့် ပါဝင် ကပြခဲ့ရသည်။

အငြိမ့်သဘင်လောကသို့ ဝင်ရောက်ခြင်းနှင့် လုပ်ငန်းဘဝ

ပြင်ဆင်ရန်

အသက် ၂ဝ အရွယ်သို့ရောက်သောအခါ မန္တလေးမြို့ တရုတ်တန်းရပ်ရှိ အငြိမ့်ဆရာ ဦးလေးတာနှင့် ဦးလေးဖာတို့၏ တိုက်တွန်းချက်အရ အငြိမ့်မင်းသမီး မစိန်ကျော့နှင့် တွဲဖက်၍ လူရွှင်တော်အဖြစ် ပါဝင်ကပြခဲ့ရာမှ သဘင်လောကထဲသို့ ရောက်လာခဲ့လေသည်။ဤသည်တွင် မစိန်ကျော့နှင့် အကြောင်း ပါခဲ့သည်။ သို့သော် မစိန်ကျော့မှာ မကြာမီ ကွယ်လွန်ခဲ့လေ သည်။ ထို့နောက် ရန်ကုန်မြို့၌ ရေကျော်မစိန်ပု၏အငြိမ့်ကို တည်ထောင်သည်။ ထို့နောက်၌ကား ဦးချစ်ဖွယ်သည် မိမိနှင့် အလားတူ နာမည်ကျော်ကြားသည့် အငြိမ့်မင်းသမီးကြီး မစိန်သုံနှင့် အကြောင်းပါပြီးလျှင် မစိန်သုံအငြိမ့်အဖွဲ့တွင် ပါဝင်ခဲ့လေသည်။

ကြိုးပမ်းချက်များ

ပြင်ဆင်ရန်

ဦးချစ်ဖွယ်သည် တီထွင်ဉာဏ် ကောင်းသူတစ်ဦးဖြစ်သည်။ အငြိမ့်လောကထဲသို့ ဦးချစ်ဖွယ် ဝင်ရောက် ချိန်က မြန်မာနိုင်ငံ တွင် အငြိမ့်ပွဲများကို ပတ္တလားဝိုင်းများဖြင့်သာ ကပြလေ့ရှိ သည်။ သို့သော် ဦးချစ်ဖွယ်၏ ကြိုးစားချက်ကြောင့် စန္ဒရား ဝိုင်းနှင့် တွဲဖက်သော အငြိမ့်အဖွဲ့များ ပေါ်ပေါက်လာခဲ့သည်။ စန္ဒရားပါသော အငြိမ့်ကို လူကြိုက်များလာသည့်အလျောက် စန္ဒရားမမြရီ၊ စန္ဒရားမမကြီး စသည်ဖြင့် အငြိမ့်မင်းသမီးများ အမည်ရှေ့တွင် စန္ဒရားဆိုသော စကားလုံးကို ထည့်သွင်းသုံးစွဲ ခဲ့ကြသည်။

အငြိမ့်သဘင်၏ သဘောမှာ ငြိမ့်ငြောင်းသာယာသော ဂီတ နှင့် ပန်တျာသဘောဖြစ်သည်။ သို့သော် အငြိမ့်ခေတ်စားလာချိန် အတွင်းတွင် ရုန့်ရင်းသောရသကို ပေါ်စေသည့်အဆို၊ အကနှင့် ပျက်လုံးတို့သည် အနုပညာသဘောကို အတော်ပင် အနှောင့် အယှက်ပြုခဲ့သည်။ ဤအချက်ကို ဦးချစ်ဖွယ်သည် ပြုပြင် ပေးခဲ့ရာ ချစ်ဖွယ်စိန်သုံဟူသောအမည်မှာ လူကြီးပိုင်း၊ လူလတ် ပိုင်း၊ လူငယ်ပိုင်းအားလုံးတို့၏ မြတ်နိုးခြင်းကို ခံရသောအမည် ဖြစ်လာခဲ့သည်။ ဤအချက်သည် ဦးချစ်ဖွယ်က အငြိမ့်သဘင် အနုပညာကို မြှင့်တင်ပေးခဲ့သော အချက်ဖြစ်သည်။

အရည်အချင်းနှင် သီဆိုခဲ့မှုများ

ပြင်ဆင်ရန်

ဦးချစ်ဖွယ် သည် လူရွှင်တော်တစ်ဦးဖြစ်သည် ဆိုငြားသော်လည်း သာမည မဟုတ်ချေ။ အားလပ်ချိန်များ၌ အဝေးရောက်မင်းနှင့် ဝက်မစွတ်ဝန်ထောက်မင်းတို့ထံ၌ မြန်မာသုခုမအနုပညာနှင့် စာပေများကို သွားရောက်ဆည်းပူးလေ့ရှိသည်။ ထို့ကြောင့် ပရိသတ်ကို ယဉ်ကျေးဖွယ်ရာသော ပျက်လုံးများနှင့် ဖြေဖျော် နိုင်စွမ်းရှိရုံမျှသာမက ရတု၊ ရကန်၊ အဲ၊ အန်၊ တေးချင်း၊ သီချင်းကြီး၊ သီချင်းခန့်တို့ဖြင့်လည်း နားထောင်၍မငြီးအောင် သီဆို၍ အသုံးတော်ခံနိုင်စွမ်း ရှိပေသည်။ ထို့ပြင် ပရိသတ် တို့အား ခေတ်ကိုမျက်မှောက်ပြု၍ အသိဉာဏ်ပွားစေရန် စာပေ ဗဟုသုတများကို ပျက်လုံး၌ အကွက်ဆိုက်အောင် ထည့်သွင်း တတ်သူ ဖြစ်သည်။ အငြိမ့်စင်ပေါ်မှနေ၍ ပွဲကြည့်ပရိသတ်များ စွဲမြဲနာယူလောက်သော လင်္ကာများကို ကြည်လင်ပြတ်သားစွာ ရွတ်ဆိုနိုင်သူတစ်ဦးလည်း ဖြစ်သည်။ ထိုသို့ အချက်ကျကျ အဆိုပိုင်ပိုင် ပြောဆိုနိုင်သဖြင့်လည်း နာမည်ကျော်မင်းသမီး မစိန်သုံနှင့် ရေစက်ဆုံခဲ့ခြင်း ဖြစ်သည်။ လက်ထပ်မင်္ဂလာပွဲ၊ ရဟန်းခံရှင်ပြုပွဲ စသော သုမင်္ဂလအခမ်းအနားများတွင် ကာလ ဒေသ ပယောဂနှင့်လိုက်လျောညီစွာ ကဗျာ လင်္ကာနှင့် နဘေ ထပ်များကို ပရိသတ်စွဲလောက်အောင် ရွတ်ဆိုနိုင်သဖြင့် သုမင်္ဂလအခမ်းအနားများအတွက် ဦးချစ်ဖွယ်ပါဝင်သော အငြိမ့်ကို မရအရ ငှားရမ်းလေ့ရှိကြသည်။

ဦးချစ်ဖွယ် ရွတ်ဆိုလေ့ရှိသော နဘေထပ်လင်္ကာများအနက် ချွေတာရေးကို ရည်ညွှန်းထားသော ငွေစက္ကူ လင်္ကာ၊ ထန်းရေ အရက်သောက်စား၍ မှောက်မှားသောလင်္ကာ၊ အမျိုးသား ကျောင်းဘွဲ့လင်္ကာများ ပါဝင်သည်။ ထိုလင်္ကာများသည် ပွဲကြည့် ပရိသတ်တို့အား ကိုယ်ကျင့်ကောင်းမွန်စေရန် တိုက်တွန်း နှိုးဆော်ပေးသည်သာမက ခေတ်နှင့်တစ်ပြေးတည်း ပေါ်ပေါက် နေသော အမျိုးသားရေးစိတ်ဓာတ်ကိုပါ သရုပ်ဖော်ပြလေသည်။ သာဓကပြရလျှင် ငွေစက္ကူလင်္ကာတွင် 'ကျွန်ုပ်တို့ မြန်မာ ပြည်ကြီး သတိတွေပေးခဲ့သည်။ ပရိယေသနအရေးနှင့် အဖြောင့်တစ်မျိုးရှာကြသော်လဲ၊ တစ်ထောင့်ကိုးရာနှစ်ဆယ့် တစ်ခုနှစ်မှာလှ၊ တကယ့်အမှုဖြစ်၍ ကြီးမားတဲ့ အခင်းစရိုက်၊ စီးပွားအတင်းလိုက်တော့ ငွေအကုန်၊ မီးရထားနှစ်စင်းတိုက်၍ မြေပတုံအောင်၊ သေရပုံ အလွန်ရိုင်းပါသဖြင့်၊ မွန်တလိုင်း မြန်မာ ဒဏ်ရာအညီများတဲ့အပြင်၊ ပန်ချာပီကုလားတွေ ဘေး အကုန်ပေါက်ပြီး၊ ဟံသာဝတီတစ်လွှားက၊ ဆေးရုံရောက်ရသည်၊ သူဌေးတို့ လုံလောက်၍ စိန်ကျောက်ကောင်းဝယ်သော်လည်း၊ ပုသိမ်အနောက်ချောင်းနယ် ယခင်တစ်နှစ်က၊ ငါးဝန်မြစ် မြေတာတစ်ခြမ်းကျိုးလျက်၊ ရေဟာလွှမ်းမိုး၍ လှိုင်းအပေါင်း လာသဖြင့်၊ ငါးသိုင်းချောင်းရွာ အထင်ကရမြုပ်တဲ့ပြင်၊ တဇင်လှ အသုတ်နှင့် အင်းရဲကျုံပျော် ခိုက်ကရော၊ ဆင်းရဲတာဂုဏ် ဖော်ထိုက်ပါရဲ့'ဟူ၍ ထိုခေတ်က ဖြစ်ပျက်သောအခြင်းအရာ တို့ကို မှတ်တမ်းတင်ခဲ့သည်။

ငွေစက္ကူလင်္ကာ၌ပင်လျှင်၊ ငွေတည်းဟူသော ဓနအကြောင်း ဖောက်ပြန်တတ်ပုံကို ဋီကာဖွင့်ယင်း မြန်မာတို့ ခေါင်းပေါင်းစ ထောင်နိုင့်မည့်ခေတ်ကို မြော်ကြည့်ခဲ့သည်။ 'နံနက်စောစော နေထွက်တပြူ၊ ငွေစက္ကူကြောင့် အလှူပေး၊ ငွေစက္ကူကြောင့် အပူမအေး၊ ငွေစက္ကူကြောင့် ပြည်ပေါ်တစ်ခွင်ချစ်၊ ငွေစက္ကူ ကြောင့် အီဆော်လွင်ဖြစ်၊ ငွေစက္ကူကြောင့် စိတ်တွေတလျှမ်း လျှမ်း၊ ငွေစက္ကူကြောင့် အိမ်တွေဝရမ်းဖမ်း၊ ငွေစက္ကူကြောင့် တစ်မျိုးအလှကြိုက်၊ ငွေစက္ကူကြောင့် သူခိုးဓမြတိုက်၊ ငွေစက္ကူ ကြောင့် ကြည်ညိုလို့ မယားကပြုံး၊ ငွေစက္ကူကြောင့် ညီအစ်ကို သားအဖမုန်း၊ ငွေစက္ကူကြောင့် အထူးဖြစ်၊ ငွေစက္ကူကြောင့် အရူးဖြစ်၊ ကူးခဲ့တဲ့ သက္ကရာဇ်တာမရှည်ခင်က၊ ကမာကြည်စပါး နက်ဆန်စားလျက်၊ မြန်မာပြည်တစ်သက် အမှန်မရှားနိုင်ပါဘူး -- ဗျာ့၊ အထက်နဘန်ကြားအောင် ဝေယံလယ်က၊ ရေနံသယ် မြန်မာပြည်ခေါင်းပေါင်းစထောင်ပါလိမ့်'ဟု သီဆိုခဲ့သည်။ အမျိုးသားစိတ်ဓာတ်ရှိသူတစ်ဦး ဖြစ်သည့်အားလျော်စွာ၊ ဦးချစ်ဖွယ်သည် ပင်နီဖျင် ရင်ဖုံးအကျီကို အမြဲဝတ်ဆင်ကာ အငြိမ့်ကပြလေ့ ရှိသည်။ အမျိုးသားကျောင်းများ ပေါ်ပေါက် လာပုံနှင့် စပ်လျဉ်း၍ 'တို့မြန်မာတို့ ချစ်ခင်၊ ဘဝတစ်ကမ္ဘာ မမုန်းဘဲ၊ ဓနအသပြာဖြုန်း၍ အရိုင်းမသင်ကြနှင့်၊ လသာတုန်း ဗိုင်းငင် ဆိုတာလို၊ တလိုင်း ကချင် မွန် မြန်မာတစ်စုတို့က၊ ဝံသာနုအထူးခေတ် တကယ်ကြုံကြပေါ့၊ ဦးချစ်ဖွယ်က၊ အစုံစုံ အခါ ထူးကောင်းတာမို့၊ ဗမာစကူးကျောင်း ပညာဆွယ်ကြလျှင်၊ အင်္ဂါကြယ်၊ လက်လှမ်းလို့မှီလိမ့်' စသည်ဖြင့် အမျိုးသား စိတ် ဓာတ်များကို လှုံ့ဆော်ပေးသည့် တေးဂီတတို့ကို သီဆိုခဲ့ လေသည်။

ထို့ပြင် ဦးချစ်ဖွယ်သည် ရှေးမြန်မာဇာတ်လောကကို သရုပ်ဖော်သော-

  • ၁။ 'အကြွားဒြဗ်ကားဇာတ်လောက်ငွေမကုန်၊ အလှိုင်းအဝါ

ဆိုင်းမပါ ဒုံဒုံသဘော ဗုံရှည်လိုပတ်တောရယ်နှင့် ဟော. ဟော. ဟောကလို့ခုန်။ တော.တောကျတဲ့ဗုံ ဗေ့ပိန်ဘုံ။ ဟပ်ချိုး ဟပ်ချိုး ပတ်ပလာလို့ ပိန့်ဘုံ ဗေ့ပိန်းဘုံ။

  • ၂။ ပုဆိုးထမီ ပုဝါကမကုန်၊ သပြာရရုံ၊ တစ်မျိုး အထည်

ဘာဗျ အစုံ၊ ဒါကတစ်ဖုံ၊ စောင်ကြမ်းပိုက်စီး၊ နမလိုက်ကြီး ကိုခြုံ၊ ပလုံမောင်ရို လေးလေး၊ ဗေ့ပိန့်ဘုံ။

  • ၃။ ထည့်ကာ ထည့်ကာ ယကွင်းမှာတဲ့ အမှင်းတွေပုံ၊

ဟင်းတွေပုံ။ ထည့်ကာထည့်ကာ ယကွင်းမှာတဲ့ အမှင်းတွေပုံ၊ ဟင်းတွေပုံ။ နှိုက်လူကုန်၊ နှိုက်လူကုန်၊ နှိုက်ကြလူကုန်၊ ဇာတ် ဆရာအနုံ၊ ဖက်ချောက်လိပ်မပေး နိုင်လို့၊ ဆေးရွက်ကြီးကိုငုံ၊ ဗေ့ပိန်ဘုံ။

  • ၄။ မင်းသမီး မင်းသား သစ္စာထားပုံ၊ သစ္စာထားပုံ။

မလေးခင်ဖြူဖြူနှစ်၊ ချစ်လိုက်ပါတဲ့အာရုံ၊ အာရုံ၊ ရွှေမြင့်မို တစ်တောင်လုံး တုံးမှတ်ပါလို့ခုန်၊ ဗေ့ပိန်ဘုံ။

  • ၅။ လေးကောက်ကြီးနှင့် သူ့ဟန်သွင်ပုံ၊ ကိန်းကျပ်ကျပ်နုံ

ဗိန်းပတ်ပတ်ဘုံ၊ အတီးသမားတွေက၊ မင်းသမီးရဲ့ ထမိန်ပေါက်၊ လေးကောက်ကြီးနှင့် ချိတ်ခါဆွဲတော့၊ တစ်ပွဲလုံးဆူလို့ တစ်ပွဲလုံးညံလို့ တစ်ပွဲလုံးဆူလို့ သိမ့်သိမ့်တုန်၊ မင်းသမီး ပေါင်နား မင်းသားကပ်တော့၊ အရင်းအဖျားမှတ်သတဲ့၊ (ဝါ၊ မင်းသမီးအနား မင်းသားကပ်တော့ အစဉ်းစားကြပ်သတဲ့၊) ပတ်ပလာလို့ ပိန်ဘုံ'ကို မကြာခဏ ရွတ်ဆိုကပြလေ့ရှိ၏။ ထိုဗုံရှည်သီချင်းမှာ ၁၉ဝ၇ ခုနှစ်လောက်၌ ငါးပတ်ဦးချမ်းအေး (ဗုံရှည်မင်းသားဟောင်း)က မအူပင်မြို့မှ မင်းသမီး ကျော်ဗလ နှင့် တွဲ၍ မလက်တိုအလှူရုပ်သေးစင်တွင် သီဆိုသည်ဟု အမှတ်အသားရှိသည်။

သီချင်းရေးဆရာများနှင့် ခေတ်ပြိုင် လူရွှင်တော်များ

ပြင်ဆင်ရန်

ဦးချစ်ဖွယ်အတွက် သီချင်းကဗျာများ ရေးစပ်ပေးသူများမှာ မန္တလေးရှမ်းပွဲဦးဖိုးဒင်၊ ဆရာကြည်၊ ဆရာထာနှင့် နန်းတော်ရှေ့ ဆရာတင်တို့ ဖြစ်၏။ ဦးချစ်ဖွယ်နှင့် ခေတ်ပြိုင်ပေါ်သော လူရွှင်တော်များမှာ ဦးချစ်စရာ၊ ဦးရွှေဒင်္ဂါး၊ ဦးလောကဓာတ်၊ ဦးရွှေဗျိုင်းနှင့် ဦးတက်တိုးတို့ ဖြစ်ကြသည်။ ဦးချစ်ဖွယ်ကို အငြိမ့် ဆရာဦးချစ်ဖွယ်ဟူ၍လည်းကောင်း ဦးချစ်ဖွယ်ကြီးဟူ၍လည်းကောင်း ခေါ်ကြသည်။

ဘဝနိဂုံး

ပြင်ဆင်ရန်

ဦးချစ်ဖွယ်သည် ၁၃ဝ၆ ခုနှစ်၌ အဆုတ် အအေးမိသောရောဂါဖြင့် မန္တလေးမြို့ ကျောက်သွေးတန်းရပ်၌ ကွယ်လွန်ခဲ့လေသည်။ []

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)