ချစ်မောင်၊ သခင် (မြန်အောင်)

သခင်ချစ်မောင်ကို ဟင်္သာတခရိုင် ကြံခင်းမြို့ တွင် သက္ကရာဇ် ၁၉၁၄ ခုနှစ် ဧပြီလ ၁၄ ရက်နေ့၌ မွေးဖွားသည်။ အဘဦးမြဲ၊ အမိဒေါ်ပုတို့၏ သားအငယ်ဆုံး ဖြစ်သည်။ ငယ်စဉ်က ကျီးသဲကျောင်း ဆရာတော် ဦးလက်ပံထံ တွင် ပညာသင်ကြားခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် မြန်အောင်မြို့ အစိုးရအထက်တန်းကျောင်းမှ မြန်မာအင်္ဂလိပ် ၁ဝ တန်းအောင် မြင်ခဲ့သည်။


၁၉၃၅ ခုနှစ်တွင် ကျောင်းမှထွက်၍ နိုင်ငံရေးလောက ထဲသို့ ဝင်ရောက်ခဲ့သည်။ ၁၃ဝဝ ပြည့်နှစ် အရေးတော်ပုံကာလ တွင် တို့ဗမာအစည်းအရုံးဝင်အဖြစ် ပါဝင်ခဲ့သည်။ သခင်အမည် ကိုခံယူပြီး မြန်အောင်မြို့မှစတင်၍နိုင်ငံရေးလှုပ်ရှားခဲ့သောကြောင့် သခင်ချစ်မောင် (မြန်အောင်)ဟူ၍ နိုင်ငံရေးလောကတွင် အမည် တွင်ခဲ့သည်။ အမည်တူ သာယာဝတီမှ သခင်ချစ်မောင်နှင့် မလွဲ မှားစေရန် ရည်ရွယ်မှည့်ခေါ်ခြင်း ဖြစ်သည်ဟုဆိုသည်။


ဂျပန်များ မြန်မာနိုင်ငံကို အုပ်စိုးချိန်တွင် အာရှလူငယ် အစည်းအရုံးဝင် လူငယ်များကိုစည်းရုံးခဲ့သည်။ ထို့နောက်ဟင်္သာ တခရိုင် ဗမာ့တပ်မတော် စစ်သားစုဆောင်ရေးအရာရှိအဖြစ် တာ ဝန်ထမ်းဆောင်ခဲ့သည်။ စစ်အတွင်းကာလ၌ ဗမာ့တပ်မတော်နှင့် လက်တွဲ၍နိုင်ငံရေး စည်းရုံးရေးမှူးအဖြစ် ဆောင်ရွက်ကာ ဖက် ဆစ်ဂျပန်ကို တော်လှန်ခဲ့သည်။


စစ်ပြီးခေတ်တွင် မြန်မာနိုင်ငံ ဆိုရှယ်လစ်ပါတီသို့ ဝင် ရောက်ခဲ့သည်။ ဖဆပလနိုင်ငံရေးအစိုးရ လက်ထက်တွင် ဟင်္သာတ မြောက်ပိုင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် အမတ်အဖြစ်လည်းကောင်း၊ ဗမာနိုင်ငံတောင် သူ လယ်သမားအစည်းအရုံး၊ အလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးအဖြစ်လည်းကောင်း ရွေးချယ်တင်မြှောက်ခြင်း ခံရသည်။

၁၉၄၇ ခုနှစ်တွင် လယ်ယာနှင့် သစ်တောဝန်ကြီးဌာန၌ လည်းကောင်း၊ ၁၉၄၈ ခုနှစ်တွင် ပြည်ထဲ ရေးဝန်ကြီးဌာန၌ လည်းကောင်း ပါလီမန်အတွင်းဝန်အဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံခဲ့ရသည်။

မြန်မာနိုင်ငံအစိုးရလက်ထက်တွင် ရောင်စုံသောင်းကျန်း သူများ ထကြွသည့် အခါတွင် နိုင်ငံရေးစည်း ရုံးရေးမှူးအဖြစ် တပ်မတော်နှင့် လက်တွဲ၍ သောင်းကျန်းသူများကို နှိမ်နင်းတိုက် ခိုက်ရာတွင် တာဝန်ယူခဲ့ရသည်။

၁၉၅၂ ခုနှစ်တွင် ကြံခင်းမြို့ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်အမတ်အဖြစ် အရွေးခံရသည်။ ၁၉၅၂ ခုနှစ် မတ်လ ၃ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာန ပါလီမန်အတွင်းဝန်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။

၁၉၅၄ ခုနှစ်တွင် ပြည်သူ့အိုးအိမ်ဝန်ကြီးဌာန ဝန်ကြီး အဖြစ် လည်းကောင်း၊ ၁၉၅၅ ခုနှစ်တွင်ပြည် သူ့လုပ်ငန်းဝန်ကြီး ဌာနဝန်ကြီးအဖြစ် လည်းကောင်း နိုင်ငံ့တာဝန်များကို ထမ်း ဆောင်ခဲ့လေသည်။

၁၉၅၅ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံမှ ဘုရင့်သရဖူ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်ကို ချီးမြှင့်ခြင်းခံခဲ့ရသည်။ ၁၉၅၆ ခုနှစ်တွင် ကြံခင်းမြို့မဲဆန္ဒနယ်မှပင် ပြည်သူ့ လွှတ်တော်အမတ်အဖြစ် ထပ်မံအရွေးခံရသည်။ ၁၉၅၇ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။

နိုင်ငံတကာနှင့် ဆက်သွယ် ဆောင်ရွက်ရာတွင်လည်း မြန်မာနိုင်ငံအစိုးရ ကိုယ်စားလှယ်အဖြစ်အ မေရိကန်၊ ဆိုဗီယက် ပြည်ထောင်စု၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ ပိုလန်၊ ချက်ကိုဆလို ဗားကီးယား၊ ယူဂိုစ လားဗီးယား၊ အဇ္ဇရီယယ်၊ အာရပ်နိုင်ငံများ၊ ဂျပန်၊ တရုတ်၊ စင်္ကာပူ၊ မလေးရှား၊ အိန္ဒိယနှင့် ထိုင်း စသည့် နိုင်ငံကြီး ငယ်များသို့ သွားရောက်ခဲ့သည်။ ကုလသမဂ္ဂ အဖွဲ့ကြီး သို့လည်း မြန်မာ့ကိုယ်စားလှယ်အဖြစ် အစည်းအဝေးတက်ရောက် ခဲ့သည်။

၁၉၆ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကြီးတွင် ကြံခင်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အမတ်အဖြစ် ထပ်မံအရွေးခံရသည်။ ယင်းနှစ် ဒီဖင်ဘာလတွင်ပင် မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုကာလ အဆင့်သုံးဆင့်စလုံးတွင် နိုင်ငံ တာဝန်ကို ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ခဲ့သဖြင့်လွတ်လပ်ရေး မော် ကွန်းဝင်ပထမဆင့် အပ်နှင်းခြင်းခံခဲ့ရသည်။

တော်လှန်ရေးကောင်စီအစိုးရ လက်ထက်တွင် ပြည်တွင်း ညီညွတ်ရေး အကြံပေးအဖွဲ့ ၃၃ ဦးတွင်အဖွဲ့ဝင် တစ်ဦးအဖြစ်ပါ ဝင် ဆောင်ရွက်ခဲ့သည်။

သခင်ချစ်မောင်သည် နိုင်ငံရေးမှ အနားယူကာ မိသားစု နှင့်အတူ ရန်ကုန်မြို့ အရှေ့မြင်းပြိုင်ကွင်းလမ်း၊အမှတ် ၂၇၆ နေ အိမ်တွင်နေထိုင်ယင်း ၁၉၇၉ ခုနှစ်အောက်တိုဘာလ ၉ ရက်နေ့ တွင် ရန်ကုန် ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။ ဇနီးသည် ဒေါ်မြ ကြည်နှင့်အတူ သားသမီးလေးယောက် ကျန်ရစ်သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)