ချစ်သန်း၊ ဦး (သိုင်းဆရာကြီး)

သိုင်းဆရာကြီး ဦးချစ်သန်း

ချစ်သန်း၊ ဦး (သိုင်းဆရာကြီး) (၁၉၂၁-၁၉၉ဝ) ပြင်ဆင်ရန်

မြန်မာ့သိုင်းပညာရှင်ဆရာကြီးဦးချစ်သန်းကို ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင်အဘဦးဘအောင်၊ အမိဒေါ်ငွေတင်တို့က ၁၉၂၁ ခုနှစ်မေလ ၃ဝ ရက်နေ့တွင် ဖွားမြင်သည်။ သိုင်းပညာကို ငယ်စဉ်ကပင် နိုင်ငံကျော် သိုင်းဆရာကြီး ဦးပြည်သိမ်းထံမှ သင်ယူခဲ့သည်။ ခရစ်သက္ကရာဇ် ၁၉၃၈ ခုနှစ်တွင်အင်းစိန် အစိုးရအထက်တန်းကျောင်းမှ (၁ဝ) တန်းအောင်မြင်ခဲ့သည်။

ဂျပန်ခေတ်တွင် အာရှလူငယ်အစည်းအရုံး ဗဟိုအမှုဆောင်ဖြစ်ခဲ့သည်။ သိုင်းဌာနတွင် ဆရာကြီးဦးပြည်သိမ်းနှင့် တွဲဖက်တာဝန်ယူခဲ့သည်။ မြစ်ဝကျွန်းပေါ်ဒေသ၊ မြေလတ်ပိုင်းနှင့်မန္တလေး၊ စစ်ကိုင်းတိုင်းတို့တွင် သိုင်းပညာပြန့်ပွားရန် ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ရဲအတတ်သင်ကျောင်းသားများနှင့် ရဲအမျိုးသမီးများကို သိုင်း၊ ဗန်တို၊ ဗန်ရှည်ပညာများ သင်ကြားပေးခဲ့သည်။

ဖ·ဆ·ပ·လ ခေတ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်များအစည်းအရုံး၊ ဗဟိုအလုပ်အမှုဆောင် တစ်ဦးဖြစ်ခဲ့သည်။ မေမြို့သိုင်းလေ့ကျင့်ရေးနှင့် ဖြည့်တင်းရေးတပ်တွင်လည်းကောင်း၊ စစ်တက္ကသိုလ် ဗိုလ်လောင်းများအားလည်းကောင်း၊ သိုင်းသင်တန်းများ ပေးခဲ့သည်။ ရန်ကုန်တက္ကသိုလ် ပညာရေး မဟာဌာနတွင် ဆရာဖြစ်သင်တန်းသားများအား သိုင်းပညာများ သင်ကြား ပေးခဲ့သည်။

တပ်မတော်တပ်ထိန်းသင်တန်းများ၊ တပ်မတော်ထောက်လှမ်းရေးသင်တန်းများ၊ တပ်မတော်(ရေ) သင်တန်းများ စံပြဗဟိုထောင်မှူး၊ ထောင်ကြပ်များ၏ သင်တန်းများတွင် သိုင်းပညာသင်ကြားပို့ချပေးခဲ့သည်။ တော်လှန်ရေးအစိုး ရခေတ်တွင် ပညာရေးဌာန၊ လူငယ်ရေးရာဌာနခွဲတွင် သိုင်းပညာနှင့် ပတ်သက်၍ တစ်နိုင်ငံလုံးရှိလူငယ်များအား သိုင်းပညာဖြန့်ဖြူးသင်ကြား ပေးခဲ့သည်။ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်၏ (၁၉၆၅·၆ရ) အတွင်းရေးမှူးအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။

ဗန်တိုလူလေးနှင့် သူဇာ ဇာတ်ကားတွင် မင်းသားညွှန့်ဝင်းသည် ဆရာကြီး၏ သိုင်းကွက်အနုပညာဖြင့် အကယ်ဒမီ ဆွတ်ခူးရရှိခဲ့သည်။ ၁၉၈၅ ခုနှစ် စက်တင်ဘာလတွင် ပြင်သစ်နိုင်ငံမှ ထုတ်ဝေသည့် (L’Artaublic du Bando) ကရာတေး မဂ္ဂဇင်းတွင် မြန်မာနိုင်ငံမှသိုင်း ဆရာကြီးများ ဖြစ်ကြသောဦးပြည်သိမ်းနှင့် ဦးချစ်သန်းတို့၏ ဗန်တိုဗန်ရှည်ပညာအကြောင်းနှင့် ၎င်းတို့၏တပည့်များဖြစ် ကြသော မင်းယက္ခ၊ မောင်ကျော်တင့်တို့၏အကြောင်းကို ဓာတ်ပုံများနှင့်တကွ တခမ်းတနားဖော်ပြခဲ့သည်။ သိုင်းပညာနှင့် ပတ်သက်၍ ဦးချစ်သန်းရေးသား ထုတ်ဝေသော စာအုပ်များမှာ ရှောင်လင်ကွန်ဖူး(သိုင်းငါးမျိုး) ဘရုစ်လီ တိုက်ခိုက်နည်းများ၊ ပြိုင်ပွဲဝင်ထိုင်းလက်ဝှေ့ကွန်ဖူး၊ အကွက်သား၊ လျှို့ဝှက်သော ဗန်တို·ဗန်ရှည်စသည့်စာအုပ်များဖြစ်သည်။ မြန်မာ့သိုင်းဆရာ ကြီး ဦးချစ်သန်းသည် ၁၉၉ဝ ပြည့်နှစ်မေလ ၄ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ဇနီး ဒေါ်မြရင်ကျန်ခဲ့သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)