ဒါရိုက်တာ ဦးချန်ထွန်း
(၁၉ဝ၈ ၁၉၃၈)
မွေးသက္ကရာဇ်
အမည်ရင်း ချန်ထွန်း
မိဘအမည် ဦးညွန့် + ဒေါ်ဖွားသစ်
မွေးဖွားရာဒေသ
နိုင်ငံသား
လူမျိုး
ကိုးကွယ်သည့်ဘာသာ
ပညာအရည်အချင်း စက်မှုလက်မှုသိပ္ပံကျောင်း
အလုပ်အကိုင် ဒါရိုက်တာ
ကြင်ဖော် ဒေါ်ယဉ်ယဉ်လှ
သားသမီး
ထင်ပေါ်ကျော်ကြားမှု
ထင်ရှားသည့်လက်ရာများ
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ
ကွယ်လွန်ရက် ၁၉၈၃ ခုနှစ် မေလ
ကွယ်လွန်ရာဒေသ မေမြို့၊ ပြင်ဦးလွင်
လက်မှတ် [[Image:|100px]]
ကွန်ယက်


ချန်ထွန်း၊ ဦး (၁၉ဝ၈ ၁၉၃၈) ပြင်ဆင်ရန်

စစ်ကြိုခေတ် မြန်မာရုပ်ရှင်လောကတွင် ရှေ့ဆောင်ဒါရိုက် တာ တစ်ဦးအဖြစ် ထင်ရှားခဲ့သော ဒါရိုက်တာ ဦးချန်ထွန်းကို အဘ ဦးညွန့် (ဗြိတိသျှဘားမားရုပ်ရှင်၊ ယခု ညွန့်မြန်မာရုပ်ရှင် နှင့် ဟံသာဝတီသတင်းစာတိုက်ပိုင်ရှင်)နှင့် အမိ ဒေါ်ဖွားသစ်တို့ က မွေးဖွားသည်။ မွေးချင်းမောင်နှမ ငါးယောက်အနက် ဒုတိယ မြောက်သားဖြစ်သည်။


ဦးချန်ထွန်းသည် စစ်ကြိုခေတ်က အင်းစိန်စက်မှုလက်မှုသိပ္ပံ ကျောင်းသို့ တက်ရောက်ပညာသင်ကြားခဲ့ပြီး အိုဗာစီယာ (လမ်း ဗိုလ်) အဖြစ် ခေတ္တ အလုပ်ဝင်လုပ်ခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် ဒါရိုက်တာဆရာခန့် ရိုက်ကူး၍ မင်းသား မောင်မောင်အေး၊ မင်းသမီး ခင်မေကြီးတို့ပါဝင်သော အပျို့လင်ဇာတ်ကားအတွက် ဇာတ်ညွှန်း ရေးသားပေးခဲ့သည်။


ထိုနောက် ဦးချန်ထွန်းသည် ၁၉၃၆ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ သွားရောက်၍ ရုပ်ရှင်ပညာကို လေ့လာဆည်းပူးခဲ့ပြီး ယင်းနှစ် အတွင်းမှာပင် ဒါရိုက်တာအဖြစ် ပန်းစေတီအသံထွက် ရုပ်ရှင် ကားကို ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီအတွက် ရိုက်ကူးပေးခဲ့ သည်။ ပန်းစေတီဇာတ်ကားတွင် မင်းသား မောင်မောင်အုန်း (နောင်တွင် မိုးဗြဲရေကာတာ တည်ဆောက်ရေး အင်ဂျင်နီယာ ချုပ် ဦးအုန်း)၊ မောင်မောင်အေး၊ မင်းသမီး မေမေဝင်းနှင့် ခင်ခင်ရီတို့ ပါဝင်သည်။


ဒါရိုက်တာ ဦးချန်ထွန်းသည် မင်းသား ခင်မောင်ရင်၊ ဘတင့်နှင့် မင်းသမီး မေမေဝင်းတို့ ပါဝင်သော သူဇာရုပ်ရှင် (၁၉၃၇၊ မင်းသား ဘတင့်၊ မေမေဝင်းတို့ပါဝင်သော အချစ်ဆုံး ရုပ်ရှင်(၁၉၃၉)၊ မင်းသား မောင်မောင်အေး၊ မင်းသမီး ခင်ခင်ရီ တို့ပါဝင်သော မမေ့နိုင် ရုပ်ရှင်(၁၉၄ဝ)၊ မင်းသား ချစ်ဆွေ၊ သောင်းရွှေနှင့် မင်းသမီး ခင်ခင်ရီတို့ပါဝင်သော ဘုန်းတော်ရှင် အသံတိတ်ရုပ်ရှင်(၁၉၄၁) စသည့် နာမည်ကျော် ရုပ်ရှင်ကား များကို ရိုက်ကူးခဲ့သည်။


ဦချန်ထွန်းသည် ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆ ခုနှစ်တွင် အင်္ဂလန်၊ ပြင်သစ်၊ အိန္ဒိယနှင့် တရုတ် စသည့်နိုင်ငံများသို့ မြန်မာရုပ်ရှင် တိုးတက်ရေးအတွက် လေ့လာရန် သွားရောက် ခဲ့သည်။ ထိုနောက် ဗြိတိသျှ ဘားမားရုပ်ရှင်မှ မင်းသား တင်ဆွေ၊ မင်းသမီး ခင်ခင်ရီတို့ပါဝင်သော ဂုဏ်ရုပ်ရှင်ကား (၁၉၄၆)၊ မင်းသား ဇေယျ၊ ဘဆွေနှင့် မင်းသမီး မုဒုံမယ် တင်တင်မူတို့ ပါဝင်သော လင်နဲ့အပျိုဇာတ်ကား (၁၉၄၈)၊ မင်းသား အေဝမ်းညွှန့်မောင်နှင့် မင်းသမီး မေမြင့်တို့ပါဝင်သော သူချစ်(၁၉၅၁)နှင့် မင်းသား မျိုးမြင့်၊ မင်းသမီး ထိပ်တင်ထွေး တို့ ပါဝင်သော ချစ်၍ခေါ်ရာ(၁၉၅၃) စသည့် ရုပ်ရှင်ကားများ ကို အဆက်မပြတ် ရိုက်ကူးခဲ့လေသည်။


ဒါရိုက်တာ ဦးချန်ထွန်း ရိုက်ကူးသော ရုပ်ရှင်ကားများ အနက် သူဇာနှင့် သူချစ် ရုပ်ရှင်ကားများမှာ ထူးချွန် ပြောင် မြောက်ခဲ့သည်။ ဂုဏ်ဇာတ်ကားလည်း အောင်မြင်ကျော်ကြား လူကြိုက်များခဲ့သည်။ သူချစ် ဇာတ်ကားသည် ထိုခေတ်က အောင်မြင်သော တောင်သူလယ်သမားတို့ဘဝ သရုပ်ဖော်ထား သောကြောင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူ၍ တရုတ် အသံဖလှယ်ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံတစ်ဝန်းလုံးတွင် ပြခဲ့ရသော ရုပ်ရှင်ကားဖြစ်သည်။


ဒါရိုက်တာ ဦးချန်ထွန်းသည် ၁၉၃၉ ခုနှစ်က ၎င်းရိုက်ကူး ခဲ့သော အချစ်ဆုံးဇာတ်ကားအတွက် အထက်လွှတ်တော်ဥက္ကဋ္ဌ ဦးမောင်ကြီး ချီးမြှင့်သော ဒါရိုက်တာ ရွှေတံဆိပ်ဆုကို ရရှိခဲ့ သည်။ မြန်မာရုပ်ရှင်နှင့် လူမှုဝန်ထမ်း ကိစ္စများတွင် ထူးခြားစွာ ဆောင်ရွက်ခဲ့သည့်အတွက် ဝဏ္ဏကျော်ထင်ဘွဲ့ဖြင့် နိုင်ငံတော်က ချီးမြှင့်ခဲ့သည်။


ဒါရိုက်တာ ဦးချန်ထွန်းသည် ချစ်၍ခေါ်ရာ ရုပ်ရှင် ဇာတ် ကား ရိုက်ကူးပြီးနောက် ဗြိတိသျှဘားမား ရုပ်ရှင် ကုမ္ပဏီတွင် အုပ်ချုပ်မှု ဒါရိုက်တာလူကြီးအဖြစ် အတန်ကြာသည်အထိ တာဝန်ယူခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ရုပ်ရှင်လုပ်ငန်းမှ လုံးဝ အနားယူကာ မေမြို့တွင် သွားရောက် အခြေချနေထိုင်သည်။ ဒါရိုက်တာ ဦးချန်ထွန်းသည် ၁၉၈၃ ခုနှစ် မေလတွင် မေမြို့နေအိမ်၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ယဉ်ယဉ်လှနှင့် သားသမီးရှစ်ယောက်၊ ယခင်အိမ်ထောင်နှင့် သားသမီးလေးယောက် ကျန်ရစ်ခဲ့သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၈၄)