ချားလ် မိုရီးစ် တာလေရန်း ပေရီဂေါ
ရှားလ် မိုရီးစ် ဒါ တာလေရန်း ပေရီဂေါ (ပြင်သစ်။ Charles Maurice de Talleyrand-Périgord; ၁၇၅၄-၁၈၃၈) သည် ပထမ နပိုလီယန် ဘုရင် လက်ထက် ပြင်သစ် မင်းညီမင်းသား နိုင်ငံရေး ခေါင်းဆောင် ဖြစ်သည်။ ဥရောပ နိုင်ငံရေးတွင် နပိုလီယန်မှလွဲလျှင် ဦးစီးခေါင်းဆောင် ပြု နိုင်ခဲ့သူ ဖြစ်လေသည်။
တာလေရန်း ပေရီဂေါ ပါရီမြို့ တွင် ၁၇၅၄ ခုနှစ်၌ မွေးဖွားသည်။ ငယ်စဉ်က မတော်တဆ ထိခိုက်ဒဏ်ရာ ရသဖြင့် ခြေမသန်စွမ်းချေ။ အားလုံးသော ကိုယ်လက်အင်္ဂါတို့ အများနည်းတူ သန်စွမ်းပါမူ၊ တာလေရန်း ပေရီဂေါသည် စစ်သည်တစ်ဦး ဖြစ်လာနိုင်သည်။ သို့ရာတွင် မိဖတို့က သူ့အား ခရစ် ယာန်သာသနာ့ဘောင်သို့ ဝင်စေရန် ရည်စူးပညာသင်ကြားပေးသည်။ ထိုကြောင့် ခရစ် ၁၇၇၅ ခုနှစ်တွင် သာသနာ့ဘောင်သို့ ဝင်ရောက် ခဲ့သည်။ ခရစ် ၁၇၈ဝ ပြည့်နှစ်တွင် ပြင်သစ်နိုင်ငံ သိက္ခာတင် ခရစ်ယာန် သံဃာ့ ကိုယ်စားလှယ် အဖြစ်ဖြင့် ရွေးချယ် ခြင်းခံရ၍၊ နောက်ကိုးနှစ်ကြာသောအခါ ဂိုဏ်းအုပ်ဖြစ်လာလေသည်။ ထိုနောက် ပြင်သစ် တော်လှန်ရေး စတင်ဖြစ်ပွားသောနှစ်တွင် ပြင်သစ်ပါလီမန် ပြည်သူ့ကိုယ်စားလှယ်ဖြစ်လာလေသည်။
ထိုအခါ နိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲသောအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်ဖြင့် ပါဝင် ဆောင်ရွက်၍၊ နိုင်ငံတော်၏ အာဏာသည် ခရစ်ယန်သံဃာအဖွဲ့ကို လွှမ်းမိုးသည် ဟူသော နိုင်ငံရေးအယူအဆကို လက်ခံပြီးလျှင်၊ ခရစ်ယာန် သံဃာအဖွဲ့ပိုင် ပစ္စည်းတို့ကို နိုင်ငံတော်က သိမ်းပိုက်ရမည်ဟူ၍ တောင်းဆိုခဲ့လေ သည်။ ဤအချက်ကြောင့် ၁၇၉၁ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး တာလေရန်းကို ကြဉ်လိုက်ကြလေသည်။
ထိုကြောင့် တာလေရန်းသည် ဂိုဏ်းအုပ်အဖြစ်မှ နုတ်ထွက်၍ နိုင်ငံရေးထဲသို့ ဝင်ရောက်လာခဲ့လေသည်။ နိုင်ငံရေးဆောင်ရွက် သည့်အခါ တာလေရန်းသည် ပြင်သစ်အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဖြစ်လာခဲ့သည်။ သို့သော် ၁၇၉၂ခုနှစ်တွင် သံတမန်အဖြစ် ဖြင့် အင်္ဂလန်ပြည်တွင် အမှုထမ်းစဉ်၊ သူ့အား မင်းညီမင်းသားတို့ကို ထောက်ခံသူဟု ယူဆ၍၊ တော်လှန်ရေးသမားတို့က ပြည်နှင်ဒဏ်ပေးခဲ့ရာ၊ အင်္ဂလန်ပြည်တွင် နှစ်နှစ်ခန့်မျှ ခိုဝင်နေထိုင်ခဲ့ရသည်။
၁၇၉၆ ခုနှစ်တွင် ပြင်သစ်တော်လှန်ရေးမှာ ပွဲပြီး မီးသေသဘောသို့ ရောက်ခဲ့ရသဖြင့်၊ တာလေရန်းလည်း ပြင်သစ်နိုင်ငံသို့ ပြန်လာနိုင်ပြီးလျှင်၊ နိုင်ငံခြားရေးဝန် ဖြစ်လာလေသည်။ ထိုအခါ နပိုလီယန်သည် တန်ခိုးကြီးစ ပြုလာပြီ ဖြစ်၍၊ တာလေရန်းသည် နပိုလီယန်နှင့် အဆက်အသွယ်ပြုကာ နပိုလီယန်၏ အကြံအစည်တို့ကို ကူညီအားပေးခဲ့လေသည်။
ဤအတွက်ကြောင့် နပိုလီယန် အထွတ်အထပ်သို့ရောက်သော အခါ၊ တာလေရန်းလည်း ဘုရင့်ဘဏ္ဍာတော်ဝန်ကြီးဖြစ်လာ လေသည်။ သို့ရာတွင် ၁၈ဝ၇ ခုနှစ်တွင် နပိုလီယန်သည် ရုရှနှင့်စစ်ပြေငြိမ်းရပြီးလျှင်၊ တဖြည်းဖြည်းတန်ခိုးမှေးမှိန်လာ သောအခါ၊ တာလေရန်းသည် နပိုလီယန်နှင့် ဆန့်ကျင်ဖက်ဖြစ်သော ဂိုဏ်းသားတို့၏ခေါင်းဆောင်ဖြစ်လာပြန်သည်။ ထိုအခါ နပိုလီယန်လည်း တာလေရန်းကိုများစွာ စက်ဆုပ်ရွံရှာ၍လာ သော်လည်း၊ သူ၏အရည်အခြင်းကို အသုံးမပြုဘဲ မနေနိုင်ခဲ့ချေ။ နောက်ဆုံးတွင် နပိုလီယန် နန်းကျသောအခါ၊ တာလေရန်းပင်လျှင် နန်းကျဘုရင်အတွက် စည်းကမ်းချက်တို့ကို ရေးဆွဲခဲ့သည်။ စင်စစ်တာလေရန်း၏ သံတမန် အဆက်အသွယ် ပရိယာယ် လိမ်မာမှုကြောင့် ဗီယင်းနားကွန်ဂရက်က ပြင်သစ် နိုင်ငံအတွက် သက်ညှာစွာ စည်းကမ်းသတ်မှတ် ခဲ့လေသည်။
အြာရသမ လူဝီဘုရင်လက်ထက်သို့ရောက်သော်၊ တာလေရန်းသည် နိုင်ငံရေးရာတို့တွင် ပါဝင်ဆောင်ရွက်ခြင်းမရှိချေ။ လူဝီဘုရင်ကလည်း တာလေရန်းကို ပယ်ထားလေသည်။ သို့ရာတွင် ခရစ် ၁၈၃ဝ ပြည့်နှစ်တွင် တော်လှန်ရေးကြောင့် လူဝီ ဘုရင် နန်းကျ၍၊ လူဝီဖိလစ် နန်းတက်သောအခါ၊ တာလေရန်းသည် အင်္ဂလန်ပြည်အတွက် ပြင်သစ်သံအမတ် ဖြစ်လာပြီးလျှင် ပြင်သစ်၊ ဗြိတိန်၊ စပိန်နှင့် ပေါ်တူဂီနိုင်ငံတို့ မဟာမိတ် ဖွဲ့စည်းရန် စေ့စပ်ရာ၌ အထမြောက်အောင်မြင်ခဲ့သည်။ ဤကား ဥရောပ နိုင်ငံရေးတွင် တာလေရန်း နောက်ဆုံးဆောင်ရွက်ခဲ့သောအချက် ဖြစ်သည်။ ထိုနောက် တာလေရန်းသည် ခရစ်ယန်သံဃာအဖွဲ့သို့ ပြန်ဝင်ပြီးလျှင်၊ နောက်ဆုံး၌ ကွယ်လွန်အနိစ္စရောက်လေသည်။
တာလေရန်း၏ နိုင်ငံရေးလမ်းစဉ်ကို ကြည့်လျှင်၊ ပရိယာယ် ဝေဝုစ်ကြွယ်ဝသည်ကို မြင်နိုင်သော်လည်း၊ ပြင်သစ်နိုင်ငံအဖို့ နိုင်ငံကို နာလှန်ထူအောင် နိုင်ငံချစ်စိတ်ဓာတ်နှင့် လွတ်လပ်ရေးမြတ်နိုးသော စိတ်ဓာတ်တို့ကိုအရင်းခံ၍ ဆောင်ရွက်သွား သောကြောင့်၊ သူ့အား ပြင်သစ်နိုင်ငံ၏ မျိုးချစ်ခေါင်းဆောင်ဟု အများက အသိအမှတ်ပြုကြရလေသည်။
ကိုးကား
ပြင်ဆင်ရန်မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)