ချီတက်အမိန့် ကဗျာကို ငွေတာရီ ရေးစပ်ခဲ့သည်။ ကဗျာအမျိုးအစားမှာ ခေတ်စမ်းလင်္ကာ ဖြစ်သည်။

အများနှစ်ခြိုက်၊ အိပ်စဉ်ခိုက်ဝယ်
မျဉ်းငိုက်ရန်ပင်၊ စိတ်မထင်ဘဲ
တောဝင် တောင်သက်၊ ငါချီတက်၏။

မတောက် တတောက်
ကြယ်ပြောက်ပြောက်လည်း
ကွေ့ကောက်လိမ်ဖည်
လမ်းသွယ်သွယ်ကို
မြင်ဖွယ်အတွက်၊ ရောင်ခြည်တက်၏။

ဖြိုးဖြိုးဖြောက်ဖြောက်၊ ဆီးနှင်းပေါက်ကား
မိုးလောက်ပြင်းထန်၊ အာကာယံမှ
ခုန်ပျံဆင်းလျက်၊ မြေသို့သက်၏။

ငါတို့ချီရာ၊ ဤဒေသကား
ညီညာမရှိ၊ ချောက်အပြည့်နှင့်
အတိမှောင်မိုက်၊ ခလုတ်တိုက်၍
မောဟိုက်ပင့်သက်၊ ခရီးခက်၏။

သေနတ်ကိုဆွဲ၊ လှံစွပ်စွဲ၍
နှင်းထဲသို့တိုး၊ ခလုတ်ဆိုးနှင့်၊
ထုပ်ပိုးအပြည့်၊ တအိအိကြောင့်
မချိငါ့မှာ၊ မောလေပါလည်း
"ဗမာအကျိုး၊ ပြည်အကျိုး" ဟု
မညှိုးစေရ၊ စိတ်ကိုဆွ၏။

"ရှေ့ကချီတက်"၊ မိန့်မှာမြွက်သည့်
ချီတက်အမိန့်၊ နားတွင်ငြိမ့်၍
နှစ်သိမ့်ကြည်စွာ၊ ရှေ့သို့သာလျှင်
ခိုင်မာစိတ်သွင်း၊ ဇွဲနှင့်ရင်းသည်
အားတင်းကာပင်၊ တက်တော့၏။

ခက်ဆစ်

၁။ မျဥ်းငိုက် = အိပ်၍ မပျော့်တပျော်ရှိသည်။

၂။ ပြောက်ပြောက် = ပြောက်တိပြောက်ကျား။ ကျိုးတိုးကျဲတဲ။

၃။ ဖြိုးဖြိုးဖြောက်ဖြောက် = အနည်းအပါးကွက်ကျား၊ကျိုးကျဲအားဖြင့်။

၄။ ဒေသာ = ဒေသ။အရပ်။

၅။ အတိ = များပြားစွာ။ထူပြောစွာ။

၆။ လှံစွပ် = ရိုင်ဖယ်သေနတ်ပြောင်းတံအဖျားတွင်အရှင်တပ်ဆင်၍အသုံးပြုရသောလှံသွားတို။

၇။ တအိအိ = တဖြည်းဖြည်း။တရွေ့ရွေ့။

  1. မြန်မာကဗျာလက်ရွေးစင် − အဋ္ဌမတန်း