ချေးပင်သည် ပေ ၅ဝ ခန့်အထိ မြင့်၍ ယင်းတို့ကို မြန်မာနိုင်ငံ၌ တနင်္သာရီတိုင်း ကမ်းခြေတစ်လျှောက်ရှိ သစ်တောများတွင် တွေ့မြင်နိုင်သည်။

ချေးပင်မှ သစ်စေးအမည်းတစ်မျိုးကို ရရှိ၍ အသီးမှ အနံ့စူးသော အနက်ရောင်ဆီတစ်မျိုးကို ရသည်။ ထိုဆီအနက်ကို ထုံးရည်ကြည်ဖြင့် ရောလိုက်လျှင် အဝတ်အထည်များ၌ ခဝါသည်တို့ မှတ်သားလေ့ ရှိသော ဒိုဘီမင်ခေါ် ဖွတ်လျှော်၍ မပျက်နိုင်သည့် မင်ကို ရသည်။ သစ်စေးဖိုမင်မှာ ချေးပင်အနွယ်ဝင် ဖြစ်၍ ထိုအပင်၏ အသီးမှ လည်း အလားတူမင်မျိုး ဖော်စပ်နိုင်သည်။ ချေးသီးကို ဘယ ဆေးများ ဖော်စပ်ရာတွင် အသုံးပြုကြသည်။ ချေးပင်၏ အစေးမှာ သစ်စေးကဲ့သို့ စက်၍ အနာဖြစ်တတ်လေသည်။ ဤသို့ အနာစက် ဖြစ်ပေါ်လျှင် ကင်ပွန်းချည်ရွက်အကြမ်းကို အရည်ကျို၍ ဖန်ရေဆေးပေးက ရုတ်ခြည်းသက်သာနိုင်သည်။

ချေးပင်၏အသားမှာ အနီရောင်ရှိ၍ ချောမွတ်လာအောင် ပြုပြင်ပေးနိုင်သော လှပသည့်သစ်မျိုး ဖြစ်သဖြင့်၊ ဗီရိုကဲ့သို့ သော အိမ်သုံးပစ္စည်း အကောင်းစားများ ပြုလုပ်ရန်၊ ပန်းပု ထုရန်နှင့် ကြမ်းပြင်အလှခင်းရန် တို့အတွက် အသုံးဝင်သည်။ သို့သော် ထိုသစ်သားကို မြန်မာနိုင်ငံမှ တစ်နှစ်လျှင် တန်ချိန် အနည်းငယ်သာ ရသည်။ သစ်အရောင်းအဝယ်လုပ်ရာတွင်လည်း ချေးသားနှင့် သစ်စေးဖိုသား နှစ်မျိုးစလုံးကို သရက်သစ်စေး သားဟု အမည်တစ်မျိုးတည်းဖြင့် ခေါ်ကြသဖြင့် ခွဲခြားသိရှိရန် မလွယ်ကူချေ။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)