ခြောက်ထပ်ကြီး ဘုရားကြီးတိုက်ဆရာတော်

ပခုက္ကူစာချနည်း အစဉ်အလာအတိုင်း စာမေးပွဲဦးစားမပေး၊ ပိဋကတ်သုံးသွယ် နိကာယ်ငါးရပ် ကျမ်းပေါက်ရေးကိုသာ ဦးတည်၍ ဝိနည်းနှင့်အညီ ပရိယတ္တိစာပေပို့ချရာ ရန်ကုန်မြို့ ခြောက်ထပ်ကြီး ဘုရားကြီးတိုက်တည် ဆရာတော်အဖြစ် ထင်ရှားပါသည်။ လွတ်လပ်ရေး ခေတ်ဦး သာသနာရေးရှေ့ဆောင် ဆရာတော်တစ်ပါးဖြစ်ရာ နိုင်ငံတော် အစိုးရနှင့် ဗုဒ္ဓသာသနအဖွဲ့က ဆဋ္ဌသင်္ဂါယနာတင်စဉ် သံဃာ့နာယက အဖြစ် ဆောင်ရွက်ရန် လျှောက်ထားခံရသည်။ သို့သော် “ဂုဏဝုဍ္ဎိ ဝယဝုဍ္ဎိ ပြည့်စုံသော ထေရ်ကြီးတစ်ပါးကို တင်မြှောက်လျှင် ပိုကောင်းမည်၊ သံဃာ့ ကိစ္စကို သံဃာက ဆောင်ရွက်ပါလိမ့်မည်” ဟု ပြန်လည် လမ်းညွှန်ခဲ့သည်။ အဂ္ဂမဟာပဏ္ဍိတဘွဲ့ ဆက်ကပ်စဉ်ကလည်း ‘ဘွဲ့တံဆိပ်အလိုမရှိ’ဟု ငြင်းပယ်ခဲ့သည်။ မတတ်သာ၍ လက်ခံရသော် “အဂ္ဂမဟာပဏ္ဍိတ ဘုရားကြီး ဆရာတော်ဟု မခေါ်ဝေါ် မရေးသားရ၊ ဘုရားကြီးတိုက်ဆရာတော်ဟုသာ ရေးသားခေါ်ဝေါ်ရမည်” ဟု မိန့်ဆိုခဲ့သည်။ သံဃာ့ဝိနိစ္ဆယ ဥပဒေပြဋ္ဌာန်းရန် စီစဉ်ရာတွင် ဝိနည်းနှင့် မညီညွတ်သမျှကို ရဲရဲဝံ့ဝံ့ ကန့်ကွက်ခဲ့သော သတ္တိ ဗျတ္တိ ပရိယတ္တိ ဂုဏ်ဆောင် ဆရာတော်တစ်ပါးအဖြစ် မှတ်တမ်းတင် ခံရပါသည်။

ခြောက်ထပ်ကြီး ဘုရားကြီးတိုက်ဆရာတော် ရှင်ကောဏ္ဍည (၁၈၈၇ - ၁၉၅၇)
ခြောက်ထပ်ကြီး ဘုရားကြီးတိုက်ဆရာတော် ရှင်ကောဏ္ဍည (၁၈၈၇ - ၁၉၅၇)

ကောဏ္ဍည၊ ရှင်၊ ဘုရားကြီးဆရာတော်

ပြင်ဆင်ရန်

၁၈၈၇ ခုနှစ် ဇန်နဝါရီလ ၃ ရက် တနင်္လာနေ့တွင် ဟံသာဝတီ ခရိုင် သပြေကန်မြို့နယ် (ယခု သံသလျင်ခရိုင် ခရမ်းမြို့နယ်) ညောင်ပင် ရွာ၌ ဖွားသည်။ အဖ ဦးကျောက်ဖူး အမိ ဒေါ်ရွှေရင် ဖြစ်သည်။ အမည်ရင်း မောင်ကျော်လှ ဖြစ်သည်။

၆ နှစ်အရွယ်တွင် ညောင်ပင်ရွာ သုံးထပ်ကျောင်းဆရာတော် ရှင်တေဇဝန္တ (၁၈၅၆-၁၉၂၇) ထံ စတင်ပညာသင်သည်။ ရှင်တေဇဝန္တ မှာ ဖားကူးဂိုဏ်း စာချွန်တော်ရ ဂိုဏ်းထောက် ဆရာတော်ဖြစ်၍ နောင်အခါ ပုဂံတောင်တောရဆရာတော်၊ ခေမာသီဝံဆရာတော် အမည် တွင်သည်။ မောင်ကျော်လှသည် ကျောင်းသားဘဝကပင် ဉာဏ်ထက်မြက်၍ စာပေထူးချွန်သည်။ ၁၄ နှစ်တွင် မိဘနှစ်ပါးက ရှင်ဒါယကာ၊ ရှင်တေဇဝန္တ က ဥပဇ္ဈာယ်ဆရာပြု သာမဏေဖြစ်သည်။ ဘွဲ့ ရှင်ကောဏ္ဍည။ သာမဏေ ဝတ်ဖြင့် ပရိယတ္တိဆိုင်ရာ သဒ္ဒါကြီး၊ သင်္ဂဟ၊ သဒ္ဒါငယ်၊ ဆန်း၊ အဘိဓာန်၊ အလင်္ကာ၊ မာတိကာ၊ ဓာတုကထာတို့ကို နေ့ဝါညဝါအဖြစ် သင်ယူခဲ့သည်။

၁၉ နှစ်အရွယ် ၁၉ဝ၆ ခုနှစ် မတ်လ ၃ ရက် အင်္ဂါနေ့တွင် ညောင်ပင်ရွာ သုံးထပ်ကျောင်းသိမ်၌ ရဟန်းပြုသည်။ ဥပဇ္ဈာယ်ဆရာမှာ ရှင်တေဇဝန္တ ရဟန်းဒါယကာမှာ မြေပိုင်ရှင် ဦးလုံထော် ဒေါ်ညိုပု မိသားစု ဖြစ်သည်။ ရဟန်းဘွဲ့ ရှင်ကောဏ္ဍည၊ ရဟန်း ၄ ဝါရသည့်တိုင် ဥပဇ္ဈာယ် ဆရာတော်နှင့် စာချ ရှင်ဩဘာသ၊ ရှင်နန္ဒမေဓါ (၁၈၇၂- ၁၉၆၂)၊ ရှင်ရေဝတ (၁၈၇၃ - ၁၉၅၁) တို့ထံ ကင်္ခါ၊ ဋီကာကျော်၊ ယမိုက်၊ ပဌာန်း၊ သုံးချက်စု၊ ရာသီစုကျမ်းများ သင်ယူခဲ့သည်။ ထိုအချိန်က ညောင်ပင်ရွာ သုံးထပ်ကျောင်းတွင် ရဟန်းသာမဏေ ၁၀၀ ခန့်၊ ကျောင်းသား ၁ဝဝ ကျော်ရှိသည်။

ရဟန်း ၄ ဝါရ ၁၉၁ဝ ပြည့်နှစ်တွင် ဥပဇ္ဈာယ်ဆရာကိုယ်တိုင် မန္တလေးမြို့ ဒက္ခိဏာရာမဘုရားကြီးတိုက် စာချ ရှင်ဉာဏ (ဦးဉာဏကြီး ၁၈၄၈-၁၉၁၉) ထံ အပ်နှံ၍ ပရိယတ်စာပေ ဆက်လက်သင်ယူသည်။ ဘုရားကြီးတိုက် စာချ ရှင်ဇာဂရ (၁၈၆၇-၁၉၄၇) ရွှေရေးဆောင်ဆရာတော် ရှင်အာဒိစ္စဝံသရံသီ (ဆရာတော်ဦးကြည် ၁၈၅၇ – ၁၉၁၅) တို့ထံ တစ်နှစ်နည်းခံသည်။ ထို့နောက် တောင်ငူခရိုင် ရေတာရှည်မြို့ ပုဂံတောင်တောရ တွင် သီတင်းသုံးနေသော ဥပဇ္ဈာယ်ဆရာတော်ထံ ပြန်လည်သီတင်းသုံး၍ တောင်ငူမြို့ မြို့ရိုးတိုက်ဆရာတော် ရှင်တိက္ခထံ ၂ ဝါ။ ၁၉၁၄ ခုနှစ်တွင် ဥပဇ္ဈာယ်ဆရာတော်နှင့် ပခုက္ကူ၊ မဟာဝိသုတာရာမ စာချ ရှင်ပညာ (၁၈၇၈-၁၉၄၆) ၏ အစီအစဉ်ဖြင့် မဟာဝိသုတာရာမတိုက် ပြောင်းရွှေ့၍ ပိဋကတ်သုံးသွယ် နိကာယ်ငါးရုပ် သင်ယူသည်။ မဟာဝိသုတာရာမ နာယက ရေစကြိုဆရာတော် ရှင်ဂန္ထသာရ (၁၈၃၃–၁၉၁၄) ပျံလွန်၍ စာချ ရှင်ပညာ၊ ရှင်နန္ဒဝံသတို့ထံ နည်းခံသင်ယူသည်။ အထူးအားဖြင့် ရေစကြိုဆရာတော်၏ ကင်္ခါနိဿယကို မှတ်တမ်းတင်ခဲ့ရသည်။

၁၉၁၅ ခုနှစ်တွင် မဟာဝိသုတာရာမ ဂဏဝါစက စာချအဖြစ် ချီးမြှင့်ခံရသည်။ ရှင်ပညာ၊ ရှင်သုန္ဒရ၊ ရှင်နန္ဒဝံသတို့၏ လမ်းညွှန်မှုဖြင့် တိုက်တာအုပ်ချုပ် ပရိယတ်စာပေ ပို့ချခဲ့ရာ ၁၉၂၇ ခုနှစ်တိုင်ဖြစ်သည်။ ၁၉၂၇ ခုနှစ်တွင် ရန်ကုန်မြို့ ဟာမစ်တစ်လမ်း ခြံအမှတ် ၇၁ ခေမာသီဝံစံ ကျောင်း၌ သီတင်းသုံးနေသော ဥပဇ္ဈာယ်ဆရာတော် ပျံလွန်သည်။ ဥပဇ္ဈာယ်ဆရာတော်၏ လွှဲအပ်ချက်အရ ခေမာသီဝံစံကျောင်းတွင် တပည့်ရှင်အာစိဏ္ဏ (၁၈၉၆-၁၉၇၈) နှင့်အတူ ပရိယတ္တိစာပေ ပို့ချသည်။ စာလိုက်သံဃာ ၅၀ ခန့် ရှိသည်။ ကျောင်းဒါယကာက ခေမာသီဝံဆရာတော် မရှိသည့်နောက် ကျောင်းကို ချောင်းဦးဓမ္မာရုံဆရာတော် ရှင်ဒီပမာလာ (၁၈၇၃-၁၉၃၄) အား လှူဒါန်းလိုက်သည်။ ထို့ကြောင့် ရှင်ကောဏ္ဍညသည် ပခုက္ကူ မဟာဝိသုတာရာမတိုက် ပြန်၍ စာချရန်စီစဉ်သည်။ ကျောင်း ဒါယကာ၏ သဘောကို ခေမာသီဝံဆရာတော်၏ ဒါယကာတစ်ဦးဖြစ်သူ သူဌေးကြီး ဆာဖိုးသာ (၁၈၅၇ -၁၉၃၃) က မကျေနပ်၍ ရှင်ကောဏ္ဍည ကိုယ်စား တရားရုံးတွင် အမှုရင်ဆိုင်ခဲ့သည်။

ရှင်ကောဏ္ဍညဘက်က ဥပဇ္ဈာယ်ဆရာ၏ အမွေအဖြစ် တရား လမ်းကြောင်းမှန်ခဲ့သော်လည်း မူလ ခေမာသီဝံဆရာတော်အား ကျောင်း လှူဒါန်းစဉ်ကပင် တရားဝင် စာချုပ်စာတမ်းဖြင့် လှူဒါန်းခဲ့ခြင်းမဟုတ်၍ တရားရုံးတွင် ဥပဒေအကြောင်းအရ တရားရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် ရှင်ကောဏ္ဍညသည် ဗဟန်းငါးထပ်ကြီး တော်ကူးလေးပြဿဒ်ကျောင်းကို နောက်ပါ စာလိုက်သံဃာ ၅ဝ ခန့်နှင့်အတူ ပြောင်းရွှေ့ခဲ့သည်။ ထိုမှတဖန် ဆာဖိုးသာ၏ ကုသိုလ်တော် ခြောက်ထပ်ကြီးဘုရားဇရပ် ပြောင်းရွှေ့ ပရိယတ္တိစာပေပို့ချသည်။ ၁၉၃ဝပြည့်နှစ် ဧပြီလ ၃ ရက်နေ့တွင် မဟာ ဗုဒ္ဓါရာမ ခြောက်ထပ်ကြီး ဘုရားကြီးကျောင်းတိုက်ကို တည်ထောင်သည်။ ကျောင်းဒါယကာမှာ သူဌေးကြီး ဆာဖိုးသာ မိသားစုဖြစ်သည်။ ကျောင်း တည်စတွင် ဇရပ်ကြီးတစ်ဆောင်၊ ဆွမ်းစားကျောင်းတစ်ဆောင်မျှသာ ရှိသည်။ ပြဿဒ်သုံးဆောင်တွဲ တန်ဆောင်းကြီးကို ကာရံ၍ စာသင်သား ၁ဝဝ ခန့်ကို စာပေပို့ချသည်။ စာသင်သားများမှာ တန်ဆောင်းအတွင်း သင်ဖြူးနှစ်ချပ်လျှင် သုံးပါးကျစီ ကျပ်တည်းခဲယဉ်းစွာ သီတင်းသုံး၍ ပရိယတ္တိစာပေ သင်ယူရသည်။ သံဃာ ၁ဝဝ ခန့်ရှိသော်လည်း ဆွမ်းဆန် ထောက်ပံ့မည့် ဒါယကာ မရှိ၊ နံနက် ယာဂုနှင့် ဆား၊ နေ့ ခံဆွမ်းမျှသာ ဖြစ်သည်။ ထိုစဉ်က စာချဆရာတော်များမှာ ရှင်ကောဏ္ဍည၊ တိုက်အုပ် ရှင်ကောသလ္လ၊ စာချ ရှင်ဇိန္ဒ၊ ရှင်အာစိဏ္ဏ၊ ရှင်စန္ဒောဘာသ ဖြစ်၍ ပခုက္ကူ မဟာဝိသုတာရာမတိုက် စည်းမျဉ်းအတိုင်း စာမေးပွဲ ဦးစားမပေး၊ ပိဋကတ်သုံးသွယ် နိကာယ်ငါးရပ် နှံ့စပ်အောင် ပို့ချသည်။

၁၉၃၇ ခုနှစ်တွင် ဆာဖိုးသာ၏သား ဦးညွန့်သာက ‘သာသနာ့ ဇောတိက’ အလည်ကျောင်း ဆောက်လုပ်လှူဒါန်းခဲ့ရာမှ တစ်စတစ်စ ကျောင်းသစ်များ တိုးပွားလာသည်။ ၁၉၃၈ ခုနှစ်တွင် သံဃာ ၃ဝဝ ကျော် ရှိလာ၍ ရန်ကုန်မြို့တွင် အထင်ရှားဆုံး ပရိယတ္တိစာသင်တိုက်ကြီးတစ်တိုက် ဖြစ်လာသည်။ သံဃာများပြားလာသည်နှင့်အမျှ ဒါယကာများ စုပေါင်း၍ ဘုရားကြီးကျောင်းတိုက် ပစ္စည်းလေးပါး ထောက်ပံ့ရေးအဖွဲ့ ဖွဲ့သည်။ အငြိမ်းစား လွှတ်တော်စာတော်ပြန် ဦးအုန်းရွှေက အတွင်းရေးမှူး (ကပ္ပိယ ကရက) အဖြစ် ဆောင်ရွက်သည်။ ရှင်ကောဏ္ဍညသည် ခြောက်ထပ်ကြီး ဘုရားကြီးတိုက်ဆရာတော်အဖြစ် ထင်ရှားလာသည်။ ပရိယတ္တိစာပေ ပို့ချမှု ထင်ရှားရုံမျှမက စာသင်တိုက်မြေနေရာ၊ ကျောင်းတိုက်များ များစွာ တိုးပွားလာရာ ထိုခေတ်နာမည်ကျော် ရှင်အာဒိစ္စဝံသက တပည့်များကို စာချစဉ် ‘အညာသိကောဏ္ဍည’ ပုဒ်ကို ကောဏ္ဍညော ကောဏ္ဍညကို အညာသိကျောင်းဆောက်ကောင်းသော လယ်သမားဆရာကြီးဟူ၍ အများကပင် သိကြပြီ’ ဟု ခနဲ့လျက် အနက်ပေးကြောင်း စကားတွင် ခဲ့သည်။

လွတ်လပ်ရေးရပြီးနောက် ခြောက်ထပ်ကြီး ဘုရားကြီးတိုက်တွင် သံဃာငါးရာကျော်ရှိလာ၍ မြန်မာပြည်တစ်ဝှမ်းလုံး အထင်ရှားဆုံး ပရိယတ္တိစာသင်တိုက်ကြီးတစ်တိုက် ဖြစ်လာသည်။ ခြောက်ထပ်ကြီး ဘုရားကြီးတိုက် ဆရာတော်သည် ပခုက္ကူ မဟာဝိသုတာရာမိက ဝိနိစ္ဆယ ဌာန တာဝန်ခံ၊ တိပိဋကဓရ ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဆဋ္ဌသံဂါယနာ ဝန်ဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မူလဝိသောဓကအဖွဲ့ ဥက္ကဋ္ဌ၊ ပါဠိဩသာန ဝိသောဓက အဖွဲ့နာယက၊ နိုင်ငံတော် ပါဠိပဋ္ဌမပြန်ဌာန မဟာနာယက၊ နိုင်ငံတော် ဝိနိစ္ဆယဌာန တာဝန်ခံ၊ ဂျပန် ဓမ္မဒူတ ဝိဇ္ဇာလယဩဝါဒစရိယ၊ ရွှေတိဂုံ၊ ဆူးလေ၊ ဗိုလ်တထောင် စေတီများ ဂေါပကအဖွဲ့ ဩဝါဒစရိယ၊ စေတီယင်္ဂဏ ဩဝါဒစရိယ၊ ပရိယတ္တိ သာသနနုဂ္ဂဟ ဩဝါဒစရိယအဖြစ် သာသနာရေးတာဝန်များ ထမ်းဆောင်ခဲ့သည်။

ဆဋ္ဌသင်္ဂါယနာတင်ရန် စီစဉ်စဉ်က ဗုဒ္ဓသာသနအဖွဲ့က သံဃာ့ နာယကအဖြစ် ဆောင်ရွက်ရန် လျှောက်ထားရာ ‘ဂုဏဝုဍ္ဎိ ဝယဝုဍ္ဎိ’ ပြည့်စုံ သော ထေရ်ကြီးတစ်ပါးကို တင်မြှောက်လျှင် ပိုကောင်းမည်၊ သံဃာ့ကိစ္စ ကို သံဃာက ဆောင်ရွက်ပါလိမ့်မည်’ဟု ပညာရှိသူတော်ကောင်းပီသစွာ လမ်းညွှန်ခဲ့သည်။ ၁၉၅၂ ခုနှစ် နိုင်ငံတော်အစိုးရက ‘အဂ္ဂမဟာပဏ္ဍိတ’ ဘွဲ့တံဆိပ် ဆက်ကပ်စဉ်က ဘွဲ့တံဆိပ်အလိုမရှိဟု ငြင်းပယ်သည်။ မတတ် သာ၍ လက်ခံရသော် အဂ္ဂမဟာပဏ္ဍိတ ဘုရားကြီးဆရာတော်ဟု မခေါ်ဝေါ် မရေးသားရ၊ ဘုရားကြီးတိုက် ဆရာတော်ဟုသာ ရေးသားခေါ်ဝေါ်ရမည်’ ဟု မိန့်ဆိုခဲ့သည်။ ပါဠိတက္ကသိုလ်များ တည်ထောင်စဉ်ကလည်း ပခုက္ကူ မဟာဝိသုတာရာမတိုက်၏ နိကာယ်ငါးရပ်ကျမ်းစုံ ပို့ချသင်ကြားမှုကို မပျက်စီးလို၍ ပါဠိတက္ကသိုလ် အမည်မခံခဲ့ချေ။

၁၉၅၃ ခုနှစ်တွင် မိုးညှင်းဆရာတော် ရှင်သုမန (၁၈၇၃—၁၉၆၄) လမ်းညွှန်မှုဖြင့် ခြောက်ထပ်ကြီးဘုရားကြီးကို ပြုပြင်ရန် ဦးဆောင် ခဲ့သည်။ ၁၉၅၆ ခုနှစ်တွင် နှလုံးရောဂါ စွဲကပ်သည်။ ၁၉၅၇ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် ခြောက်ထပ်ကြီးဘုရားကြီး ပြန်လည်တည် ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ချပ်သင်းသူဌေး ဦးဘတင်၊ မြူနီစီပါယ်မင်းကြီး ဦးကျော်စိန်၊ မြို့တော်ဝန်ဟောင်း ဦးမောင်မောင်၊ ကပ္ပိရကာယက ဦးအုန်းရွှ တို့နှင့်အတူ ပဲခူးမြို့ ရွှေသာလျောင်းဘုရားကြီးကို သွားရောက် ဖူးမျှော် လေ့လာပါသည်။

ပဲခူးမှအပြန် ၁၉၅၇ ခု နိုဝင်ဘာလ ၃ ရက် တနင်္ဂနွေနေ့ နံနက် ၅:၃၀ နာရီတွင် သက်တော် ၇၁ သိက္ခာတော် ၅၂ ဝါအရ ရန်ကုန်မြို့ ခြောက်ထပ်ကြီး ဘုရားကြီးတိုက်၌ တစ်ဘဝ တစ်ခန္ဓာ ချုပ်ငြိမ်းပါသည်။ []

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. မောင်ဇေယျာ (၂၀၁၅ - ခုနှစ်)။ ရှင်ကျော် ၁၀၀ (ဒုတိယတွဲ)။ ရန်ကုန်မြို့: ပဉ္စဂံစာအုပ်တိုက်။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)