အနောက်တိုင်းဂန္ထဝင်ဂီတ (အင်္ဂလိပ်: western classical music or classical music) သည် အနောက်တိုင်း ကျေးလက်ရိုးရာဂီတ (သို့) အများကြိုက်ဂီတ၏ ဓလေ့စဉ်လာများကို ပြုပြင်မွမ်းမံပုံစံ (သို့) ထိုသို့မွမ်းမံမှုအပြင် အနောက်တိုင်းယဉ်ကျေးမှု၏ ရိုးရာအစဉ်အလာများ၌ ဇာစ်မြစ်တွယ်၊ ဖန်တီးထုတ်လုပ်ထားသော အနုပညာဂီတပုံစံဖြစ်သည်။[၁] ၅ ရာစုနှောင်းပိုင်း ရောမအင်ပါယာ ပျက်သုဉ်းပြီးနောက် ဥရောပတွင် စတင်ခဲ့သည်ဟု ယေဘုယျအားဖြင့် ယူဆနိုင်သော ဤဂီတပုံစံသည် မျက်မှောက်ခေတ်ကာလအထိပင် ဆက်လက်တည်ရှိလျက်ရှိ၏ ။[၁][n ၁] အမျိုးအစားအရ ထပ်မံခွဲခြားမည်ဆိုလျှင် အလယ်ခေတ်ဂီတ (medieval) (၅၀၀-၁၄၀၀) ၊ ရီနေဆွန်းခေတ်ဂီတ (Renaissance) (၁၄၀၀-၁၆၀၀) ၊ ဘာရော့ခ်ခေတ်ဂီတ (Baroque) (၁၆၀၀-၁၇၅၀) ၊ ဂန္ထဝင်ခေတ်ဂီတ (Classical) (၁၇၅၀-၁၈၂၀) ၊ ရိုမန့်တစ်ခေတ်ဂီတ (Romantic) (၁၈၀၀-၁၉၁၀) ၊ မော်ဒန်ခေတ်ဂီတ (Modernist) (၁၈၉၀-၁၈၇၅) ၊ ပို့စ်မော်ဒန်ခေတ်ဂီတ (Postmodern) (၁၉၅၀-လက်ရှိ) တို့ဖြစ်ကြသည်။ ဤကာလ၊ ဤနေ့စွဲများအားလုံးသည် အနီးစပ်ဆုံး ယေဘုယျဖော်ပြချက်များသာဖြစ်၍ အနောက်ကမ္ဘာတခွင်၌ ဂီတ၏ လေးနက်မှု၊ ထင်ရှားမှု အနေအထားများဖြင့် တဖြည်းဖြည်း ပြောင်းလဲလာခဲ့သော အပြောင်းလဲပုံစံကို ညွှန်းဆိုကိုယ်စားပြုခြင်းသာဖြစ်ပေသည်။

ဗီယန်နာမြို့၊ ၂၀၀၆ မိုးဆက်နှစ်အတွက် ဖျော်ဖြေသော ကြိုးတပ်တူရိယာတီးခတ်သူ လေးဦးအဖွဲ့

ယိုဟန်း ဇေဘာစတီးယန် ဘာ့ဂ်ခေတ်မှ ဘီသိုဗင်ခေတ်အထိ ရွှေခေတ်ဟု ကွဲပြားအောင် ခွဲခြားအားထုတ်မှုအနေဖြင့်သာရှိပြီး "classical music" (ဂန္ထဝင်ဂီတ) ဟူသော ဝေါဟာရသည် ၁၉ ရာစု အစောပိုင်းအထိ ပေါ်ပေါက်လာခဲ့ခြင်းမရှိသေးပေ။[၂] အစောဆုံးမှတ်တမ်းတင်ထားသည်မှာ ၁၈၂၉ ခန့်က အောက်စဖို့ဒ် အင်္ဂလိပ် အဘိဓာန်တွင်ဖြစ်သည်။[၁][၃]

အနောက်တိုင်း ဂန္ထဝင်ဂီတ၏ ထူးခြားထင်ရှားသောအင်္ဂါရပ်မှာ စတက်ဖ် ဂီတနုတ်စ်ကို အသုံးပြုမှုဖြစ်၍ ၁၁ ရာစုခန့်ကတည်းကပင် အသုံးပြုလာခဲ့ကြသည်။[၄][၅] ကတ်သလစ်ဘုန်းတော်ကြီးများက ကမ္ဘာအနှံ့ ဘုရားရှိခိုးကျောင်းများတွင် ခရစ်ယာန်ဝတ်ပြုဆုတောင်းမှုပုံစံကို စံစနစ်ဖြစ်စေရန် ကြိုးစားရာတွင် ဥရောပ၏ ဂီတနုတ်စ်ရေးမှတ်ခြင်း ပထမပုံစံများကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခဲ့ကြသည်။ အနောက်တိုင်းစတက်ဖ်ရေးခြင်းကို ဂီတဖန်တီးသူများက အသုံးချကြရာ တီးခတ်/ဖျော်ဖြေသူကို ဂီတတေးသွားတစ်ပုဒ်၏ အသံနိမ့်မြင့် (pitch) ၊ ကြာမြင့်ချိန်များကို ညွှန်ကြားပြသရန်ဖြစ်သည်။[၄] ထိုအသုံးချမှုတွင် ဘာသာရေးဆိုင်ရာ ဂီတ၊ လောကီဂီတ နှစ်မျိုးစလုံးပါဝင်လေသည်။ သီချင်းသံပြိုင်ထပ်ကျော့ပုံစံ (strophic) ကို ယူငင်သုံးစွဲကြသော လူကြိုက်များသည့် ဂီတပုံစံများနှင့် ကွဲလွဲစွာဖြင့် ဂန္ထဝင်ဂီတသည် တူရိယာအသားပေးဂီတများဖြစ်သော ဆင်ဖိုနီ၊ ကန်ချေးတို/ကန်ချဲတို (concerto) ၊ ဖြူးဂ် (fugue) ၊ ဆိုနာတာ စသည်တို့အပြင် အော်ပရာ၊ ကန်တားတာ (cantata)၊ မာ့စ် (mass) တို့ကဲ့သို့ အသံနှင့် တူရိယာတွဲစပ်ဂီတများကဲ့သို့ အလွန်အဆင့်မြင့် ရှုပ်ထွေးစွာ ဖြစ်ပေါ်တိုးတက်လာခဲ့သည်ဟု မှတ်ယူနိုင်သည်။[၆]

မှတ်စု ပြင်ဆင်ရန်

  1. Historically, the term 'classical music' may refer specifically to the European musical period from around 1750 to 1820.

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ Kennedy & Kennedy 2013, "Classical".
  2. Rushton, Julian, Classical Music, (London, 1994), 10
  3. classical, a.The Oxford English Dictionary (2007)။ May 10, 2007 တွင် ပြန်စစ်ပြီး။ “1829 V. Novello Diary 26 July in V. Novello & M. Novello Mozart Pilgrimage (1955) 181 This is the place I should come to every Sunday when I wished to hear classical music correctly and judiciously performed.”
  4. ၄.၀ ၄.၁ Bent, Ian D. (2019)။ Musical notation။ May 23, 2019 တွင် ပြန်စစ်ပြီး။
  5. Harvard Dictionary of Music (2nd edition, 1972): "Neume", Staff
  6. Johnson 2002, p. 63

ရင်းမြစ်များ ပြင်ဆင်ရန်

  • Kennedy၊ Michael; Kennedy၊ Joyce B. (2013) [2012]။ Tim Rutherford-Johnson (ed.)။ The Oxford Dictionary of Music (6th paperback ed.)။ Oxford: Oxford University Press။ ISBN 978-0-19-957854-2
  • Johnson၊ Julian (2002)။ Who Needs Classical Music?: Cultural Choice and Musical Value။ Oxford University Press။