ဂန္ဓာရဇာတ်
သတ္တကနိပါတ် - ၂။ ဂန္ဓာရဝဂ် -(၄၀၆) - ဂန္ဓာရဇာတ် ဆားထုပ် သိုမှီးသည်ကို ကဲ့ရဲ့ပြစ်တင် ဆိုဆုံးမသော ဂန္ဓာရဆရာရသေ့အား ပြန်လှန်ပြောဆိုမိ၍ ကန်တော့ တောင်းပန်သော ဝေဒေဟရသေ့ အကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
ပြင်ဆင်ရန်သန္နိဓိအမှု ကဲ့ရဲ့ပြု
ပြင်ဆင်ရန်နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အရှင်ပိလိန္ဒဝစ္ဆမထေရ်သည် အရံစောင့်ကို လွတ်စေလိုသဖြင့် ဗိမ္ဗိသာရမင်းကြီးအား တန်ခိုးပြတော်မူသောကြောင့် လူတို့ ကြည်ညိုသဖြင့် ငါးပါးသော ဆေးတို့ကို လှူဒါန်းကုန်၏။ ထိုအခါ အရှင်ပိလိန္ဒဝစ္ဆမထေရ်သည် ထိုဆေးပစ္စည်းတို့ကို မိမိ ပရိသတ်အား ပေးကမ်း ချီးမြှောက်လေ၏။
အရှင်ပိလိန္ဒဝစ္ဆ မထေရ်၏ ပရိသတ်သည် သုံးစား၍ မကုန်နိုင်သဖြင့် များစွာသော ဆေးပစ္စည်းတို့ကို နက်ဖြန် သန်ဘက် ဆုံးဆောင်ဖို့ရန် သိုမှီး၍ ထားကြကုန်၏။ လူတို့ကို မြင်လျှင် ကဲ့ရဲ့ပြစ်တင်ကြသောကြောင့် မြတ်စွာဘုရားသည် (သန္နိဓိကာရ) သိက္ခာပုဒ်ကို ပညတ်တော်မူ၍ “ရဟန်းတို့ … ရှေးပညာရှိတို့သည် ပဉ္စသီလမျှကိုသာ စောင့်သုံးသော သာသနာပရသေ့ ဖြစ်လျက် ဆားမျှကိုပင် သိုမှီးခြင်းကို ကဲ့ရဲ့ပြစ်တင်ကုန်သေး၏၊ သာသနာတော်တွင်း၌ ရဟန်း ဖြစ်ပါလျက် နက်ဖြန် သန်ဘက် အလို့ငှာ ဆေးပစ္စည်းတို့ကို သိုမှီးခြင်းသည် မသင့်” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
ပြင်ဆင်ရန်လကိုကြည့်စွမ်း ရာဟုဖမ်း
ပြင်ဆင်ရန်လွန်လေပြီးသောအခါ ဂန္ဓာရတိုင်းဝယ် ဘုရားအလောင်းသည် ဂန္ဓာရမင်း ဖြစ်၍ တရားသဖြင့် မင်းပြု၏။ ထိုအခါ ဝေဒေဟတိုင်း၌ လည်း ဝေဒေဟမင်းသည် မင်းပြုလျက် ရှိလေ၏။ ထိုမင်းနှစ်ပါးတို့သည် တစ်ဦးနှင့်တစ်ဦး မမြင်ဖူးကြကုန်သော်လည်း အလွန် ချစ်ကျွမ်းဝင်သော (အဒိဋ္ဌိသဟာယ)အဆွေခင်ပွန်း ဖြစ်ကြကုန်သတတ်။
ထိုအခါ လူတို့သည် အနှစ်သုံးသောင်း အသက်ရှည်ကြကုန်၏။ ရံခါ ဂန္တာရမင်းသည် လပြည့်နေ့တွင် ဥပုသ်ဆောက်တည်လျက် ပြာသာဒ်အပြင်၌ နေ၍ လေသာပြတင်းကို ဖွင့်ပြီးလျှင် အရှေ့လောကဓာတ်ကို ကြည့်လျက် အမတ်တို့အား တရားနှင့်စပ်သောစကားကို ပြောဟောကာနေ၏။ ထိုခဏ၌ အလွန် ကြည်လင်တောက်ပသော လပြည့်ဝန်းကို ရာဟုဖမ်းလေ၏။ လရောင်သည် ကွယ်ပျောက်ခဲ့၏။ အမတ်တို့သည် လရောင်ကို မမြင်လတ်သော် ရာဟု ဖမ်းသည့်အဖြစ်ကို မင်းကြီးအား လျှောက်ထားကြကုန်၏။
လ ပမာရှု ရဟန်းပြု
ပြင်ဆင်ရန်မင်းကြီးသည် လကိုကြည့်စဉ် လျှင် ဤလရောင်သည် အာဂန္တုက ဖြစ်သော အညစ်အကြေးဖြင့် ညစ်နွမ်းဘိ၏၊ ငါးအားလည်း မင်းစည်းစိမ်သည် အညစ်အကြေး ဖြစ်၏၊ ငါသည် ရာဟုလမ်းသော လကဲ့သို့ ညစ်နွမ်းရာ၏၊ မလျောက်ပတ်၊ ထွန်းလင်းသော လပြည့်ဝန်းကဲ့သို့ ဖြစ်လာအောင် မင်းစည်းစိမ်ကို စွန့်လွှတ်၍ ရဟန်းပြုမည်၊ သူတစ်ပါးတို့ကို ဆုံးမ၍ နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ မင်းစည်းစိမ်၌ ငြိတွယ်ခြင်း မရှိ၊ မိမိကိုယ်ကိုသာ ဆုံးမတော့မည်၊ ဤအကျင့်သာလျှင် လျောက်ပတ်၏ဟု ကြံစည်၍ အမတ်တို့အးာ မင်းစည်းစိမ်းကို အပ်နှင်းပြီးလျှင် ရသေ့ရဟန်းပြု၍ ဈာန်အဘိညာဉ်ကို ဖြစ်စေလျက် ဟိမဝန္တာအရပ်၌ နေလေ၏။
မိတ်ဆွေရဟန်းပြု နောက်လိုက်မှု
ပြင်ဆင်ရန်ဝေဒေဟ မင်းလည်း ကုန်သည်တို့နှင့် ကြုံကြိုက်၍ အဆွေခင်ပွန်း ဖြစ်သော ဂန္တာရမင်းကြီး အကြောင်းကို မေးမြန်းရာ ရသေ့ရဟန်းပြုကြောင်း သိလေလျှင် ဂန္ဓာရမင်းကြီးနည်းတူ ထီးနန်းစည်းစိမ်ကို စွန့်လွှတ်ကာ ရသေ့ရဟန်းပြုပြီးလျှင် ဟိမဝန္တာအရပ်၌ နေလေ၏။ ထိုရသေ့နှစ်ပါးတို့သည် နောက်အဖို့၌ အတူတကွ ပေါင်းမိကြကုန်၏။ အဆွေခင်ပွန်း အဖြစ်ကိုကား မသိကြကုန်၏။ နှစ်သက်ဝမ်းမြောက်လျက် အညီအညွတ် ကောင်းသော အကျင့်ကို ကျင့်ကြကုန်၏။
မိတ်ဆွေချင်းတွေ့ တောပျော်မွေ့
ပြင်ဆင်ရန်တစ်နေ့သ၌ ဝေဒေဟ ရသေ့သည် ဂန္ဓာရရ ရသေ့ထံ ခစား၏။ သစ်ပင်ရင်းဝယ် လပြည့်နေ့၌ အကြောင်းအကျိုးှနှင့် စပ်ယှဉ်သော စကားတို့ကို ပြောဆိုနေကြစဉ် ထွန်းလင်းသော လမင်းကို ရာဟုဖမ်းလေ၏။ ဝေဒေဟ ရသေ့သည် လကို ရာဟုဖမ်းသည်ကို မြင်လျှင် “ဆရာ … လကို ဖမ်းသူသည် အဘယ်သူနည်း” ဟု မေး၏။ “တပည့် .. ရာဟုဖြစ်သည်၊ လ၏ တစ်ခုတည်းသော အညစ်အကြေးတည်း၊ လကို မထွန်းပစေ၊ ငါသည် တစ်ညသောအခါ ရာဟုဖမ်းသော လကို မြင်၍ အကျွတ်တရားကိုရကား မင်းစည်းစိမ်ကို စွန့်လွှတ်၍ ရသေ့ရဟန်းပြုခဲ့သည်” ဟု ပြော၏။ “ဆရာ … သင်သည် ဂန္ဓာရမင်းလော” ဟု ပြော၏။ မှန်သည်။ “ဆရာ… အကျွန်ုပ်လည်း ဝေဒေဟမင်းတည်း၊ ဆရနှင့် အကျွန်ုပ်တို့သည် တစ်ဦးနှင့်တစ်ဦး မမြင်ဖူးဘဲ အဆွေခင်ပွန်း ဖြစ်ကြသည် မဟုတ်လော ” ဟု ပြော၏။ “တပည့် … သင်သည် အဘယ်ကို အကြောင်းပြု၍ ရသေ့ရဟန်းပြုသနည်း” ဟု မေး၏။ “ဆရာ … အကျွန်ုပ်သည် ဆရာတို့ ရသေ့ရဟန်းပြုသည်ဟု ကြားလျှင် ရသေ့ရဟန်း အဖြစ်ကား အလွန်ကျေးဇူးကြီးလှသည်ဟု ယုံကြည်ကာ ဆရာတို့ကို အကြောင်းပြု၍ ထီးနန်းစည်းစိမ်ကို စွန့်လွှတ်၍ ရသေ့ရဟန်း ပြုပါသည်” ဟု ပြောဆိုလေ၏။ ထိုအခါမှစ၍ ရသေ့နှစ်ပါးတို့သည် ရှေးအခါကပင် အဆွေခင်ပွန်း ဖြစ်ခဲ့ဖူးကြောင်းကိုသိ၍ အတိုင်းထက်အလွန် ညီညွတ်ဝမ်းမြောက်စွာ နေကြကုန်၏။
ချဉ်ဆားကျန်များ သိုမှီးထား
ပြင်ဆင်ရန်နောက်အခါ ရသေ့နှစ်းပါးတို့သည် ချဉ်ဆား မှီဝဲလို၍ ပစ္စန္တ ရွာတစ်ခုသို့ သွားကြကုန်၏။ လူတို့သည် ဣရိယာပုတ်တို့၌ ကြည်ညိုကုန်၍ သစ်ရွက်မိုးကျောင်း ဆောက်လုပ် လှူဒါန်းကာ ဆွမ်းဘောဇဉ်တို့ကို လှူဒါန်းကြကုန်၏။ ခရီးအကြား၌ ဆွမ်းစားဇရပ်ကိုလည်း ဆောက်လုပ်ကြကုန်၏။ ရသေ့တို့သည် ဆွမ်းစားပြီးလျှင် မိမိတို့နေရာ အရပ်သို့ သွားကုန်၏။ လူတို့သည် ဆွမ်းအာဟာရကို လှူဒါန်းသည်ရှိသော် ရံခါ ခွက်၌ ဆေးကိုထည့်၍ လှူဒါန်းကြကုန်၏။ ရံခါ သစ်ရွက်၌ ဆားကိုထုပ်၍ လှူဒါန်းကြကုန်၏။ ရံခါ ဆားမပါသော အာဟာရကို လှူဒါန်းကြကုန်၏။ ဝေဒေဟ ရသေ့သည် တစ်နေ့သ၌ ဆားထုပ်ကို ဆွမ်းစားဇရပ်သို့ ယူဆောင်ခဲ့၍ သုံးဆောင်ပြီးလျှင် ကြွင်းကျန်သော ဆားကို နက်ဖြန် သန်ဘက်အတွက် ရည်မှန်းကာ ဇရပ် ခေါင်မိုး၌ ထိုး၍ ထားလေ၏။
ပလိဗောဓမှု ကဲ့ရဲ့ပြု
ပြင်ဆင်ရန်တစ်နေ့သ၌ ဆားမရှိသော အာဟာရကို ရသည်ရှိသော် ဝေဒေဟ ရသေ့သည် ဆွမ်းခွက်ကို ဂန္ဓာရ ရသေ့အား ပေး၍ ဇရပ်ခေါင်းမိုးကြားတွင်းထားသော ဆားကိုယူ၍ ဆရာအား ပေးပြန်၏။ ထိုအခါ ဂန္ဓာရ ရသေ့သည် “တပည့် ယနေ့ လူတို့ ဆားမလှူကုန်၊ အဘယ်မှ ရသနည်း” ဟု မေး၏။ “ဆရာ … ရှေးအခါ လူတို့ ဆားများစွာ လှူကြသည်၊ ထိုအခါ အကျွန်ုပ်သည် ဆားမရှိသောနေ့၌ အသင့်ရရှိရန်ဟု ကြွင်းကျန်သော ဆားကို သိုမှီး၍ ထား၏” ဟု ပြောဆိုလေ၏။ ထိုအခါ ဂန္ဓာရ ရသေ့သည် “မဂ်ဖိုလ်မှ အချည်းနှီး ဖြစ်သောသူ - သင်သည် ယူဇနာသုံးရာရှိသော ဝေဒေဟ တိုင်းကြီးကို စွန့်လွှတ်ပြီး ရသေ့ရဟန်းပြုကာ ပလိဗောဓ မရှိသည့်အဖြစ်သို့ ရောက်နေပါလျက် ဘာမဟုတ်သော ဆား၌ တပ်စွန်းဘိသည်” ဟု ခြိမ်းခြောက်လျက် -
“အို-ဝေဒေဟရသေ့ … သင်သည် ပြည့်သောရွာမပေါင်း သောင်းခြောက်ထောင်နှင့် ရတနာ ရွှေငွေဆန်ရေစပါး ပြည့်သော ကျီကျတို့ကို စွန့်လွှတ်ခဲ့ပါလျက် ယခုအခါ နည်းငယ်မျှသော ဆားကို သိုမှီးသိမ်းထားခြင်းကို ပြုဘိ၏” –
ဟု ကဲ့ရဲ့ ပြစ်တင် ဆုံးမလေ၏။
ဆရာ ဆုံးမပြန် သည်းမခံ
ပြင်ဆင်ရန်ထိုအခါ ဝေဒေဟ ရသေ့သည် ကဲ့ရဲ့ပြစ်တင်ခြင်းကို သည်းမခံနိုင်တော့ဘဲ ဆန့်ကျင်ဘက် ဖြစ်ကာ -
“ဆရာ … ဆရာလည်း သူတစ်ပါးကို မဆုံးမလို မိမိကိုယ်ကိုသာ ဆုံးမတော့မည်ဟု ရတနာ ရွှေငွေတို့ဖြင့်ပြည့်သော ဂန္ဓာရတိုင်းကြီးကို စွန့်လွှတ်ကာ ရဟန်းပြုခဲ့ပါလျက် ယခုအခါ အဘယ်ကြောင့် အကျွန်ုပ်ကို ဆုံးမသနည်း” –
ဟု ဂန္ဓာရ ရသေ့အား ပြန်လှန်၍ စောဒနာလေ၏။
ဂန္ဓာရ ရသေ့သည် ဝေဒေဟ ရသေ့ စကားကို ကြားလျှင် -
“အို - ဝေဒေဟ ရသေ့ … ငါကား တရားသဘောကိုသာ ပြောဆိုပေ၏၊ တရားသဘော မဟုတ်သည်ကို မနှစ်သက်၊ တရားသဘောကို ပြောဆိုသော ငါ့အား မကောင်းမှုသည် မလိမ်းကျံပေ” –
ဟု ထပ်မံ၍ ပြောဆို ဆုံးမပြန်၏။
ဆုံးမခက်လှ ဝေဒေဟ
ပြင်ဆင်ရန်ထိုအခါ ဝေဒေဟ ရသေ့သည် ဆရာ ဆုံးမမှုကို ပယ်လိုစိတ် ရှိသည်ဖြစ်၍ -
“ဆရာ … တစ်စုံတစ်ခုသော အကြောင်းဖြင့် သူတစ်ပါးအား အမျက်ထွက်စေ၏၊ အကယ်၍ အကျိုးများသော်လည်း ထိုကဲ့သို့သော စကားကို ပညာရှိတို့ မပြောဆိုရာ” –
ဟု ဆရာ ဂန္ဓာရ ရသေ့အား ချုပ်ချယ်သော စကား၊ ကြမ်းကြုတ်သော စကားကို မပြောဆိုသင့်ကြောင်းကို တစ်ဖန် ထပ်မံ၍ ပြောဆိုပြန်၏။ ထိုအခါ ဂန္ဓာရ ရသေ့သည် -
“အို- ဝေဒေဟ ရသေ့ … အဆုံးမ ခံရသော သူသည် အမျက်ထွက်သည် ဖြစ်စေ၊ မထွက်သည် ဖြစ်စေ၊ ဖွဲကဲ့သို့ လွင့်သည်ဖြစ်စေ တရားသဘောကို ပြောဆိုသော ငါ့အား မကောင်းမှုသည် မလိမ်းကျံပေ” –
ဟု ဝေဒေဟ ရသေ့အား ထပ်မံပြောဆို ဆုံးမပြန်၏။
ဆရာဆုံးမ တောင်းပန်ရ
ပြင်ဆင်ရန်ထို့နောက် ဂန္ဓာရ ရသေ့သည် အိုးထိန်းသည်သည် အိုးတို့ကို အဖန်ဖန် ခတ်၍ စိမ်းသော အိုးတို့ကို မယူဘဲ ကျက်သော အိုးတို့ကို ယူသကဲ့သို့ အဖန်ဖန်နှိပ်၍ ဆုံးမလိုပြန်သဖြင့် -
“အို- ဝေဒေဟ ရသေ့ … ဤသတ္တဝါတို့အား ဉာဏ်ပညာသည် လည်းကောင်း၊ ပညာရှိ အဆုံးအမကို မှီ၍ ကောင်းစွာကျင့်သော အကျင့်သည် လည်းကောင်း အကယ်၍ မရှိငြားအံ့၊ များစွာသော လူအပေါင်းသည် တောထဲ၌ ကျွဲကန်းကဲ့သို့ ဖောက်လွဲဖောက်ပြန် ကျင့်ရာ၏၊ ဤလောက၌ အချို့သောသူတို့သည် ဆရာသမားတို့ထံ၌ ကောင်းစွာ သင်ကြားအပ်ကုန်၏၊ ထိုကြောင့် ဆုံးမအပ်ပြီးသော ဝိနည်းရှိသည်ဖြစ်၍ ကောင်းမွန်တည်ကြည့်စွာ မတိမ်းမစောင်း ကျင့်နိုင်ကုန်၏” –
ဟု ဆုံးမပြန်၏။ ထိုအခါ ဝေဒေဟ ရသေ့သည် ဆုံးမသော တရားစကားကို ကြည်ညိုလှသဖြင့် “ဆရာ … ဤနေ့မှာစ၍ အကျွန်ုပ်အား ဆုံးမပါ၊ အဖန်ဖန် ဆုံးမပါ၊ အကျွန်ုပသည် သည်းမခံတတ်သော သဘောရှိသည်ဖြစ်၍ ဆရာကို ပြန်လှန် ပြောဆိုမိပါ၏၊ အကျွန်ုပ် အပြစ်ကို သည်းခံပါ” ဟု ရှိခိုး၍ ကန်တော့လေ၏။
ပရိကံပြုကြ သမာပတ်ရ
ပြင်ဆင်ရန်ထိုရသေ့နှစ်ပါးတို့သည် ညီညွတ်စွာ နေကုန်လျက် တစ်ဖန် ဟိမဝန္တာသို့ ပြန်ကြကုန်၏။ ဟိမဝန္တာသို့ ရောက်လျှင် ဂန္ဓာရ ရသေ့သည် ဝေဒေဟ ရသေ့အား ကသိုဏ်းပရိကံကို သင်ပြ၏။ ဝေေ၏ဟ ရသေ့လည်း သင်ပြသောနည်းအတိုင်း ကသိုဏ်း ပရိကံကို အးထုတ်သဖြင့် အဘိညာဉ် သမာပတ်ကို ဖြစ်စေ၏။ ]
ဤသို့ နှစ်ပါးသော ရသေ့တို့သည် မယုတ်လျော့သော ဈာန် ရှိကုန်သည်ဖြစ်၍ သေလွန်သောအခါ ဗြဟ္မပြည်သို့ လားကြရကုန်၏။
ဇာတ်ပေါင်း
ပြင်ဆင်ရန်ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ ဝေဒေဟရသေ့သည် - ယခုအခါ အာနန္ဒာ။
ဂန္ဓာရသေ့သည်-ငါဘုရား ဖြစ်လာပြီ-
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
ပြင်ဆင်ရန်(၁) ပစ္စည်းအများ၊ သိုမှီးထား၊ လူများအလေ့သာ။
(၂) ကြောင့်ကြမထား၊ ပစ္စည်းများ၊ စွန့်သွားရဟန်းမှာ။
(၃) ဆားမျှသော်လည်း၊ မသိမ်းဆည်း၊ အရည်းပီသစွာ။
ဂန္ဓာရဇာတ် ပြီး၏။
ကိုးကား
ပြင်ဆင်ရန်- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။