အမြစ်အဥ ဖြူပြီး ကြီး၏။ အရွက်မှာ တောငှက်ပျောရွက်နှင့်တူပြီး အရွက်ဝါသည်။ နနွင်းရွက်ကဲ့သို့ အရွက်ရှိသည်။ တစ်နှစ်တစ်ခါ နေရာရွှေ့ပြောင်း၍ ပေါက်တတ်သည်။ ဂမုန်းလည် ဟူ၍လည်း ခေါ်သေးသည်။ [] ငွေကို ကျို၍ ပြစ်သော် ရွှေနီကဲ့သို့ ရှိ၏။ ငရုတ်ကောင်းနှင့် စားသော် အကျဉ်းမှ လွှတ်၏။ []

ဂမုန်းဖြူကား နနွင်းရွက်ကဲ့သို့ ရှိ၏။ အမြစ်လည်း နနွင်းရွက်ကဲ့သို့ ဖြူဖြူကျံကျံ ရှိ၏။ အနံ့လည်း နနွင်းနံ့နှင့် တူ၏။ အဖြူကား နေရာမမြဲ (ဂမုန်းပြန်)ဟူ၍ ဆို၏။ တစ်နှစ်တပါး ရွှေ့ရွှေ့ ပေါက်၏။ []ဂမုန်းဖြူ စစ်မစစ်သိလိုမူ၊ ၎င်းအရွက်ကား နနွင်းရွက်ကဲ့သို့ ရှိသည်။ အမြစ်သည် ဖြူ၏။ တစ်နှစ်တစ်ခါ အခြားနေရာသို့ ရွှေ့ပြောင်း၍ ပေါက်တတ်၏။ ထိုဂမုန်းကို (ဂမုန်းလည်)ဟူ၍လည်း ခေါ်ကြကုန်၏။ အဖြူစစ်လျှင် နေရာမမြဲ၊ ရွှေ့မြဲ ဓမ္မတာ ဖြစ်၏။ ဟု တောင်တွင်းဆရာတော် ခင်ကြီးပျော်၏ ကဝေသာရကျမ်းရင်းတွင် ဆိုထား၏။

ဂမုန်းဖြူကား၊ နနွင်းရွက်ကဲ့သို့ သဏ္ဌာန်တူ၍ အမြစ်ဥ ဖြူ၏။ တစ်နှစ်တပါးရွှေ့၍ ပေါက်သည်။ (ဂမုန်းပျံ)ဟူ၍လည်းဆို၏။ အဖြူစစ်က နေရာမမြဲ၊ ဟု ရှေးလက်ရေးစာမူတွင် တွေ့ရသည်။ ယင်းဂမုန်းဖြူကိုပင် (ဂမုန်းနနွင်းဖြူ)ဟူ၍ ယနေ့ခေတ်လူများက ခေါ်ဝေါ်ကြသည်။ အားလုံးနနွင်းပင်ကဲ့သို့ ရှိ၍ ဥသာလျှင် ထူးခြားစွာ ဖြူလေသည်။ ၎င်းဂမုန်းဖြူဥနှင့် စစ်စီးထွင်သော်လည်းကောင်း၊ ဆံပင်နှင့်သော်လည်းကောင်း၊ ကျီးအတောင်နှင့်သော်လည်းကောင်း တို့လျှင် ဖြူသွားသည်ဟု ကြားရဘူးသည်။

၎င်းအဖြူသည် ဂမုန်းခွက်ဖေါက်၏ ဖြေဆေးအဖြစ် အသုံးပြုနိုင်သည်။ ခွက်ဖေါက်ဂမုန်းသည် အပ်ထားသော ပစ္စည်းကိုလည်းကောင်း၊ ရေထဲသို့လည်းကောင်း မြင်နိုင်ရန် မျက်စိကို ကွင်း၍ ထားပြီး ဖေါက်ထွင်းမြင်နိုင်ပြီး ကိစ္စပြီးသောအခါ ဂမုန်းဖြူကို ဖြေဆေးအဖြစ် မျက်စိကို ပြန်သုတ်ပါက မူလအတိုင်း ပြန်ဖြစ်သွားကြောင်း ရှေးလူကြီးများက ပြောစမှတ်ပြုကြသည်။ ၎င်းအဖြူနှင့် ခွက်ပေါက်နှစ်ပင် တူတူ တနေရာတည်း တစ်ခြံတည်း စိုက်ထားပါက တစ်ပင်ပင်မှာ မကြာမှီ သေသွားတတ်ကြောင်း မှတ်သားရဘူးသည်။ []

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
  2. မောင်မြင့်ကြည်(စာပေဗိမာန်)၊ လောကီရေးရာအဖြာဖြာ
  3. မြန်မာသက္ကရာဇ် ၁၁၆၃-ခုနှစ်၊ ရှေးပေမူ၊ ဘိုးတော်ခေတ် အရေးအသား
  4. ဖိုးသာဝ၊ ဂမုန်းညွှန်းကျမ်း(ပထမတွဲ)နှာ-၂၃