ဂမ္ဘီသာရဆုံးမစာ (သို့မဟုတ်) ဂမ္ဘီသာရပျို့ စ,ဆုံး


၁။ အနုသာသန၊ ကျိုးကြောင်းပြပိမ့်၊ မိဘရှေ့ညွှန်၊ ဆရာမွန်တို့၊

ဝေဖန်ပဲ့ပြင်၊ ကြားသင်သမျှ၊ ဩဝါဒကို၊ နားဝဖန်လဲ၊ နားမရဲလျှင်၊

လွန်ကဲရိုညွှတ်၊ ဆည်းပူးတတ်သည်၊ ကောင်းမြတ်ဇာတ၊

သားမွေးဘ။ ။ ဆုံးမစကား၊ ဤကြောင်းလျား၊ မှတ်သားစိုက်စိုက်၊

ဝမ်းထည်းပိုက်လော့၊ စရိုက်သုံးလတ်၊ ကျင့်ဝတ်ထူးခြား၊

လူသုံးပါးနှင့်၊ မခြားရောပြွှန်း၊ ပေါင်းဖက်ကျွမ်းလည်း၊

မဝှမ်းမကော၊ သူ့သဘောကို၊ လိုက်လျောညီထွေ။

၂။ မြွက်ဆိုမုသား၊ နှတ်သံပျားသို့၊ စီးပွားလိုယောင်၊

ရူပဆောင်လျက်၊ မှားအောင်ပြစ်ရှာ၊ ကြံတတ်စွာသား၊

မေတ္တာချည်းနှီး၊ လူ့ခွေးမြီးနှင့်၊ တသီးတခြား၊ တပါးပြည်ရွာ၊

မရှောင်သာ၍၊ မကွာပေါင်းဖော်၊ ပြုငြားသော်လည်း၊

အပေါ်ကားယှဉ်၊ အထဲကြဉ်၍၊ စိတ်ယဉ်နှိမ့်ချ၊ အာစာရဖြင့်၊

ကာလအလိုက်၊ သူ့အကြိုက်ကို။ ။ စရိုက်ညီထွေ ကျင့်တတ်စေ။

၃။ မျက်မြင်လောက၊ နောင်ကာလဟု၊ ဘဝနှစ်ပါး၊

ကြံထောက်ထား၍၊ စီးပွားမဟုတ်၊ ခင်ပွန်းယုတ်ကို၊

ဆုတ်ခွာပေါင်းဖော်၊ ရှဲလိုသော်လည်း၊ ရှုမြော်တိုင်းတွဲ့၊

ရှေ့နောက်ငဲ့၍၊ ပြစ်မဲ့ကြည်ဉ်ရှောင်၊ စွန့်ရအောင်လျှင်၊

တတ်ခေါင်ကြံစည်၊ ပညာဆည်၍။ ။ အရှည်ငံ့ထွေ လင့်တတ်စေ။

၄။ အရှည်လင့်လင့်၊ အသင့်မျှော်လျက်၊ ကြံခေါက်ရက်တည့်၊

နှောင့်ရှက်သောဖြစ်၊ ဆံတစ်ရစ်မျှ၊ အပြစ်မဲ့စွာ၊ လွတ်ခွင့်သာမူ၊

ကန္တာတောထဲ၊ ခရီးခဲဝယ်၊ ကျားရဲသစ်ရှူး၊ ဘီလူးသဘက်၊

ဘေးသူဖျက်အား၊ ရက်ရက်ဆောစွာ၊ စွန့်လိုက်ခွာသို့၊

မိစ္ဆာဖော်ပေါင်း၊ သူမကောင်းကို။ ။ စဉ်ကြောင်းဝေးမြေ လွှင့်တတ်စေ။

၅။ သူကြီးသခင်၊ အရှင်တို့ဝယ်၊ ခိုင်းပယ်သမှု၊ အားမပြု၍၊

ကြည့်ရှုဖန်ဆင်း၊ လူခပင်းအား၊ ဖြည့်တင်းသိမ်းမွေး၊

စားကျေးလယ်ယာ၊ ခန့်သောခါမူ၊ ပညာထောက်ထား၊

ရှည်သွားကြောင်းလမ်း၊ မေးစူးစမ်း၍၊ ပေးကမ်းဝေဖန်၊

မ,စ ဟန်လည်း။ ။ ယုတ်လွန်သိထွေ ချင့်တတ်စေ။

၆။ ဖြစ်ခေါင့်ဖြစ်ခဲ၊ နက်နဲဆင်ခြင်၊ မြော်မြင်ရှေ့နောက်၊

တစ်ခေါ်လောက်သား၊ စံမြောက်ကဝိ၊ ပညာရှိကို၊ နှမိနှမြော၊

မရောမပြွမ်း၊ စူးစမ်းမဲ့ဟန်၊ မေ့လျော့ကျန်မူ၊ ဖော်ညွန်ရည်သွား၊

မင်းစီးပွားကြောင့်၊ ထောက်ထားနှိုင်းရှည့်၊ မင်းရိပ်ကြည့်၍၊

မင်း၏စိတ်ညာဉ်၊ ရွှင်မြူးစဉ်ဝယ်၊ ဆိုလျှင်ဆိုခွင့်၊ အချိန်လင့်၍။

ချီးပင့်မြှောက်ထွေ မြှင့်တတ်စေ။

၇။ မှည့်ခေါ်မည်ရည်၊ ဆိုခုံတည်၍၊ နှုတ်ခြည်ပေါ်လျှံ၊ ပွဲအထံဝယ်၊

အသံဖြစ်ကာ၊ ပြောပရှာသား၊ ဝါစာချိုပျား၊ သူ့စကားကို၊

အားကျမဆန်း၊ မျက်နှာပန်းဖြင့်၊ ရွှင်လန်းမြူးရယ်၊

အကယ်ကယ်သိ၊ လှယ်ဖယ်ပြောဖော်၊ ပြုငြားသော်လည်း၊

နာပျော်စရုပ်၊ ရိပ်ခြည်မြှုပ်၍၊ စက်ဆုပ်ထဲခွာ၊ တို့စိတ်မှာကို။

။ သိသာမဲ့ထွေ ကျင့်နိုင်စေ။

၈။ ဝါသနာထွတ်၊ ကောင်းရာညွတ်သား၊ သူမြတ်တို့နှင့်၊

အကြိမ်သင့်၍၊ ဆိုခွင့်ဆိုရာ၊ ရှိသောခါမူ၊ သုဘာသိတ၊ ပိယဓမ္မာ၊

သစ္စာဟုတ်မှန်၊ အင်လေးတန်နှင့်၊ ပြညွှန်ထုံးကောင်း၊

မကြားထောင်းကို၊ ကျိုးကြောင်းညီစွာ၊ ဉာဏ်ပညာဖြင့်။

။ စိတ်ဖြာခွဲဝေ ယှဉ်နိုင်စေ။

၉။ မနော်ဟရ၊ လူ့ဘုံကျသို့၊ မြင်ကတိမ်းညွှတ်၊ သည်းအူပြတ်မျှ၊

ဆွတ်ဆွတ်ကြင်ဖွယ်၊ ဆင်းနိကယ်ဖြင့်၊ တင့်တယ်ရုပ်သွင်၊

အထွတ်တင်သည်၊ ပြစ်ကျင်ကစား၊ ထွေပြားစွန်းငြိ၊ ပညာရှိတို့၊

ဘေးတိပြစ်တင်၊ ရောက်မည်ထင်မူ၊ ဆံမျှင်လေသံ့၊ မပျံ့စသာ၊

ဆိတ်ကွယ်ရာ၌၊ ရှောင်ခွာမအား၊ တွေ့မြင်ငြားလည်း၊

သူသားစားတတ်၊ ဘီလူးမှတ်၍၊ မညွတ်စေရ၊ စိတ်လောဘကို။

။ နိစ္စမြဲနေ ဖျဉ်နိုင်စေ။

၁၀။ ဟီရိဩတ္တပ်၊ စောင့်ကြပ်မကင်း၊ လူခပင်းအား၊

သတင်းညာကြေ၊ ကြားလေသဖြင့်၊ သင့်မသင့်ဟု၊ မတင့်မတယ်၊

ရှက်ကြောက်ဖွယ်တည့်၊ ငြိတွယ်ပြစ်တင်၊ ဆိုလိမ့်ထင်မူ၊

ပည်းဖြင်တွက်ရေ၊ အထွေထွေလျှင်၊ ရွှေငွေအတိ၊

တောင်ရှိဟူလောက်၊ ရှေ့ဝယ်ရောက်လည်း၊ ညှီဟောက်ချွေးခန်း၊

မှတ်ထင်ပန်း၍။ ။ တပ်စွန်းမဲ့ထွေ ကြဉ်နိုင်စေ။

၁၁။ ငါးမည်သီတင်း၊ အရင်းမှန်လှ၊ မြတ်စာရဖြင့်၊ လောဘကြီးစွာ၊ အဘိဇ္ဈာကြောင့်၊

ပညာမဲ့ငြား၊ အကျင့်မှားမူ၊ ဆီးတားမငံ့၊ ထိုးခုတ်အံ့ဟု၊ တံ့တံ့မလွဲ၊ လက်နက်စွဲ၍၊

မောင်းမဲခြိမ်းခြောက်၊ သူငါးယောက်လျှင်၊ ယွင်းဖောက်ကြည့်ငဲ့၊ စောင့်သကဲ့သို့၊

တုန်လဲ့လန့်ထိတ်၊ ကြောက်သည့်စိတ်ဖြင့်၊ ပရိစ္စယ၊ ကိုယ်ကိုမ၍၊ သီလကျင့်ထုံး၊

ဆောက်တည်သုံး၍ ။ ။ နှလုံးမြဲနေ ယှဉ်နိုင်စေ။

၁၂။ ဆိုဖွယ်တရား၊ နှစ်ဖက်သားတို့၊ ပိုင်းခြားစိမ့်ငှာ၊

ကပ်ပေလှာမူ၊ ဖြောင့်စွာရိုးရိုး၊ သဘောကိုးလျက်၊ တံစိုးဥစ္စာ၊

မျက်နှာကြီးငယ်၊ မရွယ်မထောက်၊ ရွံ့ကြောက်မဲ့ထွန်၊

မေ့ကျန်မောဟ၊ ဒေါသမရှု၊ ဆုံးဖြတ်မှုလည်း၊ မနုလမ်းဟောင်း၊

တစ်မျဉ်းကြောင်းဝယ်၊ တိမ်းစောင်းမရှိ၊ သမာဓိဖြင့်။

။ ဂတိမယွင်း တည်စေမင်း။

၁၃။ အတိဂမ္ဘီ၊ အင်ညီမြောက်မြား၊ သူ့ရည်သွားကို၊

မှတ်သားရှုမြော်၊ လူသူတော်သို့၊ ရွှင်ပျော်ဖန်လဲ၊ တွေ့မရဲလျှင်၊

ဆကဲလွန်ကျူး၊ သူ့ထက်ထူးသား၊ ကျေးဇူးအနှစ်၊

စုံသည်ဖြစ်လျက်၊ ပွဲလယ်ချက်ဝယ်၊ ဖိုးနဂ်ကုန်ကောင်း၊

အစွံနှောင်းသို့၊ ကံဟောင်းလှူကြွေး၊ မသိသေး၍ ၊ ကြာနှေးခဲအင်၊

လွန်ငြိုငြင်လည်း၊ ပန်းပင်ပူဆာ၊ ဗျာပါဝိတက်၊ နှောင့်ယှက်မကြံ၊ လောကဓံ၌၊

နိယံမကွေ၊ ဖြစ်မြဲပေဟု၊ သံဝေတရား၊

ဝမ်းဝယ်ထား၍ ၊ တက်အားသမျှ၊ လှူဒါနနှင့်၊ သီလကြည်ညို၊

ချမ်းရိပ်ခို၍ ။ ။ ကုသိုလ်နှီးရင်း စည်စေမင်း ။

၁၄။ ဒါနသီလ၊ နိစ္စမချန်​၊ ဓိဋ္ဌာန်​ရွှင်​ဖြိုး၊​ စောင်​့​သောကျိုးတည်​့၊

မစိုးမရိမ်​၊ စည်​းစိမ်​ခိုင်​ဖြီး၊ ရွယ်​တိုင်​းပြီးမူ၊​ ဆွေနီးမျိုးစပ်​၊

ထက်​ကြပ်​မကင်​း၊​ ကျေးရင်​းကျွန်​ချာ၊​ မေတ္တာစိတ်​ဝင်​၊

တိုင်​ပင်​နှိုင်းချက်​၊​ ပေါင်​းဖက်​တူ​နေ၊ အ​ဆွေခင်​ပွန်​း၊

လူရဟန်းအား၊ သိမ်းမြန်းကြည့်ရှု၊ သင်္ဂြိုဟ်မှုလည်း၊ တစ်​ခုမကျန်​၊

သ​ဘောမှန်​လျက်​၊ သူမွန်​တကာ၊ စဉ်​လာ​ရှေးလမ်​း၊

ကျင့်မြဲတမ်းဖြင့်။ ။ စိတ်​ဝမ်း​ဖြောင့်စင်း ကြည်​​စေမင်း။

၁၅။ မဏိဇောတ၊ ပြည်တန်မြနှင့်၊ သိင်္ဂရွှေညှာ၊ ရတနာလည်း၊

အဝါလျှံတက်၊ ရောင်ခြည်ထွက်မူ၊ စုံမက်ဝှဲခြီး၊ အဖိုးကြီး၏၊

တသီးဆိုဖွယ်၊ လူတို့ဝယ်ကား၊ ကြီးငယ်အမျက်၊

စောင်မာန်တက်မူ၊ ပေါင်းဖက်နှောနှီး၊ အများငြီး၏၊

အတီးလက်သုံး၊ ဤကျင့်ထုံးကို၊ ယူကျုံးပိုက်သွင်း၊

သားမောင်မင်းလည်း၊ မုန်ပြင်းဒေါသ၊ စိတ်နာဂကို။

။ ဉာဏချွန်းကွင်း မြဲစေမင်း။

၁၆။ ရှေးကမကျွမ်း၊ သူစိမ်းရွမ်းကို၊ စူးစမ်းစာနာ၊ လိမ္မာနားဝင်၊

အကောင်းထင်လျက်၊ ဆင်ခြင်မရှိ၊ သတိလွတ်ထွေ၊

ပြောမိလေသား၊ မချေသူ့နား၊ ကွယ်စကားကို၊ အများထင်အောင်၊

ပြယ်သည့်ယောင်သို့၊ ပွဲဘောင်ဆိုတုံ့၊ တဖန်လှုံ့မူ၊ နှုတ်တုံ့မလှဲ၊ မျက်နှာလွှဲ၍ ၊

ဝမ်းထဲထွေငေါ်၊ မပွက်ဖော်တည့်၊ သည်သော်တမူ၊ အပြစ်ဟူ၍ ။

။ မှတ်ယူစိတ်သွင်း မိစေမင်း။

၁၇။ ဆိုင်ပြိုင်အားအန်၊ လက်မတန်မူ၊ ချစ်ဟန်ဖော်ကောင်း၊

အထဲချောင်းလျက်၊ စည်းပေါင်းညီညွတ်၊ တသမတ်ဖြင့်၊

ယွင်းချွတ်မရှိ၊ ညီလေပြီးကား၊ တစိရက်ရက်၊ ဖြိုနိုင်ခက်ချိမ့်၊

ရန်ဘက်ထိုသူ၊ သဘောတူနှင့်၊ အယူဖောက်လှဲ၊ နှလုံးကွဲမူ၊

မခဲတို့ဝယ်၊ ဖျက်သော်လွယ်ဟု၊ ဥပါယ်တမျဉ်၊

နက်စွာယှဉ်၍ ၊ စိတ်ယဉ်ကွေ့လည်၊ သူ့ကြံရည်ကို။

။ ရိပ်ခြည်ဖမ်းခြင်း မိစေမင်း ။

၁၈။ ထဲပကွယ်မြင်၊ မထင်နှစ်ထွေ၊ နိတုံရွှေသို့၊ မြဲနေတံတစ်၊

သဘောကျစ်သား၊ ကျိုးပြစ်သိမြော်၊ မိတ်သူတော်နှင့်၊

ပေါင်းဖော်သော့အား၊ သူနှစ်ပါး၏၊ စီးပွားတက်ဟန်၊

မြင်လထွန်သော်၊ မမှန်ယွင်းဖေါက်၊ နှလုံးကောက်တို့၊

တဖျောက်ဆိတ်ဆိတ်၊ ထဲစိတ်ဝန်တို၊ မရှုလို၍ ၊

နှုတ်ချိုခွန်းသာ၊ ပျက်ကြောင်းရှာ၍ ၊ မှာမှာမွှေချောက်၊

တယောက်တပါး၊ အယူမှားအောင်၊ စကားပေးငင်၊

အကယ်ပင်သို့၊ ပြစ်တင်ပြညွှန်၊ ကျိုးလိုဟန်နှင့်၊

ဆန်ကန်နှုတ်ထား၊ စကားသွယ်ဝိုက်၊ ချင့်အကြိုက်ဖြင့်၊

ကုန်းတိုက်ပြုသည်၊ သူဖျက်ရည်ကို၊ ရိပ်ခြည်ဩဇ၊

တခွန်း ဟ,က။ ။ ခဏချက်ချင်း သိစေမင်း ။

၁၉။ မိုက်ရန်ဝိုးဝါး၊ သူတစ်ပါး၏၊ ဝှက်ထားမြဲကျိတ်၊ ထဲကြံစိတ်ကို၊

တုံဆိတ်ကွယ်ရာ၊ ကြားပေလှာမူ၊ ဝမ်းသာအားရ၊ နောက်ကာလလည်း၊

သိကသည့်တူ၊ ဆိုပါဟူ၍၊ ပျူပျူငှါငှါ၊ ချစ်မူရာနှင့်၊

နောင်ခါမရှောင်၊ ဆိုချင်အောင်လျှင်၊ သွေးဆောင်နှစ်ထောင်း၊

လှည့်ဖြားယောင်း၍ ။ ။ နှုတ်ကောင်းဖြည်းညှဉ်း သာစေမင်း။

၂၀။ လွယ်လင့်တကူ၊ မယူအပြစ်၊ မုန်းချစ်ဝိုးဝါး၊

ထိုသူအားလည်း၊ ဆံဖျားလေသန့်၊ မပျံ့ရအောင်၊

ကွယ်ရှောင်ခဲခက်၊ ရိပ်ခြည်ဝှက်၍ ၊ ပြန်ပွက်မဆို၊

ဝမ်းထဲသိုမှ၊ သူလျှိုတမန်၊ ရောက်ဟန်ကွေ့လည်၊

နက်ကြံစည်ဖြင့်၊ ကြားသည့်သူ့နှုတ်၊ ဟုတ် မဟုတ်ကို။

။ အားထုတ်စိုင်းပြင်း နာစေမင်း။

၂၁။ သင်္ကာမကျေ၊ အနေမကျ၊ ဒွိဟဝိုးဝါး၊ နှစ်ပါးတွေးယူ၊

မှတ်သောသူ၏၊ အမူအရာ၊ ကြောင်းချာစေ့ရေ၊ လုပ်ကြံထွေကို၊

အနေကျကျ၊ သိပြီးမှတည့်၊ တစမရှောက်၊

ရွယ်တိုင်းထောက်၍ ၊ စွန့်မြောက်မဲ့ထွန်၊ အရေးပွန်လျက်၊

ဘေးရန်ပျောက်လွင့်၊ အကြည်ဖြင့်လျှင်၊ အသင့်ကြံနိုင်၊

အပြေးတိုင်အံ့၊ ကြံ့ခိုင်နှလုံး၊ ဤကျင့်ထုံးလည်း၊ လက်သုံးအမြဲ၊

ဆောင်ယူစွဲ၍ ။ ။ ဝမ်းထဲပိုက်သွင်း ပါစေမင်း။

၂၂။ အဋ္ဌာရသ၊ သိပ္ပကျေးဇူး၊ အထူးထူးကို၊ ဆည်းပူးဖွေရှာ၊

သင်သောခါလျှင်၊ ဆရာကောင်းထံ၊ ကျိုးနွံတရှည့်၊

ရိပ်ခြည်ကြည့်လျက်၊ တပည့်ကျင့်ဝတ်၊ ညီညွတ်စွာမူ၊

ကုန်အောင်ပြု၍၊ အာယုဆုံးစွန်၊ ပြောင်းချိန်တန်မှ၊ ပြညွှန်ရိပ်ခြေ၊

ဆိုအံ့သည်ဟု၊ ဆောက်တည်လျှို့ဝှက်၊ ပြင်မထွက်သား၊

သိခက်ခဲလှ၊ ကိလိဋ္ဌကို၊ မှတ်ရအောင်အောင်၊ ရည်စောင့်နှိမ်ချ၊

။ ဆည်းကပ်ခ၍။ ။ နေ့ညမကင်း တွေ့စေမင်း။

၂၃။ ထံရင်းထက်ကြပ်၊ မြဲဆည်းကပ်သား၊ သုံးထပ်ဗာဟီ၊

ကျမ်းရိုးမှီ၍၊ ရာသီအင်္သာ၊ လိတ္တဖမ်းထွေ၊ အချေအတင်၊

အလျင်အလျား၊ အစားအမြှောက်၊ အလှောက်အနှော၊

အရောအကူ၊ အယူအနုတ်၊ အကုတ်အကြည်း၊

ရေသွန်းလှည်းသို့၊ တွက်နည်းသွင်သွင်၊ သင်ပုန်းပြင်၌၊

မထင်အရေး၊ အက်ဒွေးမမြှော်၊ မူးမော်ဘနန်း၊ ကိန်းခန်းအညီ၊

တီထိနက္ခတ်၊ ကျင့်ဆုံးဖြတ်၍၊ ပါဒ်ဗီဇနာ၊ ပြန်ခရာဝယ်၊

မှန်စွာကြည်လင်၊ အပြီးစင်သည်၊ ဗေဒင်အမှတ်၊

ဤအတတ်လည်း။ ။ မပြတ်စင်းလျင်း လေ့စေမင်း။

၂၄။ အလိုက်လိုက်၊ လူတို့၌ဝယ်၊ ကြက်တိုက်အန်ခတ်၊

ဇယ်လွတ်ပြေးချီ၊ ဗလီပြေးဖမ်း၊ လက်ပန်းလက်ပွေ့၊

ကျင့်လေ့ကျင်လည်၊ ဆိုစသည်တုံ၊ အရည်အစွမ်း၊

အတတ်သွမ်းဟု၊ မကျွမ်းမကျင်၊ နားမဝင်မူ၊ သဘင်ပွဲထံ၊

ရောမပြွံသေ၊ ရှက်ရွံဆုတ်ဆိုင်း၊ ရိုင်းစိုင်းမတ်လတ်၊

ဖြစ်တို့တတ်စွ၊ မလွတ်မချန်၊ ဤရေးဟန်လည်း။

။ မကျန်မကြွင်း စေ့စေမင်း။

၂၅။ နေ့ခင်းဌါန ၊ ကာလမြှော်ရှု၊ ရွေးချယ်ပြုလျက်၊

လွယ်မှုမလျင်၊ ဆင်ခြင်ကြံစည်၊ တိုရှည်ထောက်ထား၊

စီးပွားတိန်နက်၊ ယုတ်တတ်ဖွေရှာ၊ တွေးစာနာလျက်၊

ဥစ္စာပစ္စည်း၊ ပညာဆည်းလည်း။

။ ထန်သည်းမပြင်း မွေ့စေမင်း ။

၂၆။ ရမ္မက်ဒေါသ၊ မောဟမြှေးယှဉ်၊ ပုထုဇဉ်တို့၊

ရှောင်ကြဉ်ခဲစွာ၊ ကိလေသာကြောင့်၊ တစ်ခါတစ်ရံ၊

အကြံမရှိ၊ မှားယွင်းမိလည်း၊ သတိလည်းပြု၊ မကောင်းမှု၌၊

အဏုမြူညက်၊ ဆံတစ်ရွက်မျှ။ ။ လေ့ကျင့်မဲ့လျှင်း မေ့စေမင်း။

၂၇။ ထိုမှတစ်တန်၊ အရှင့်ဝန်၌၊ မကျန်ညဥ့်နေ့၊

ကြံအောက်မေ့လော့၊ အရှေ့အနောက်၊ တောင်မြောက်ခန်းဝါ၊

လက်ယာလက်ဝဲ၊ အုံတဲဝင်းတပ်၊ နေရပ်ရုံးစု၊ စီရင်မှုတုံ၊

မေရုဓိပ္ပ၊ မြတ်ဒေသဟု၊ ပဥ္စအာလိန်၊ တာဝတိံဝယ်၊

စောင့်ချိန်ရန်တား၊ ငါးတန်ခြားလျက်၊ သိကြားနေရာ၊

ပြည်အောင်ချာကို၊ မိစ္ဆာဘုန်းမဲ့၊ ကြံသကဲ့သို့၊ နှိုင်းရှဲ့ပုံယူ၊

ထို့အတူလျှင်၊ ရန်သူမိုက်မှား၊ ကြံလှည့်ငြားလည်း၊

ကြိုးစားအန်ထောင်၊ မဖြစ်အောင်လျှင်။

။ လုပ်ဆောင်ဖန်ဆင်း ကုံစေမင်း။

၂၈။ ရာဇဝံသာ၊ မှန်စွာလက်သုံး၊ နည်းထုံးရှေးတီး၊

လွန်လေပြီးသား၊ သူကြီးမင်းစိုး၊ ကျင့်ရိုးကျင့်စဉ်၊ ကျင့်ထုံးယှဉ်၍၊

ကျင့်လျဉ်ကျင့်တမ်း၊ ကျင့်မြဲလမ်းကို၊ စူးစမ်းနက်တံ၊

ဝေးရှည်လံသား၊ ပုံစံမှတ်မိ၊ ပညာရှိကို၊ သတိကြည်မော၊

ကျမ်းသဘောဖြင့်၊ နှီးနှောတစ်ကိုယ်၊ ပြောဆိုဖူးတွေ့၊

မေးမြန်းလေ့လျက်၊ ရက်နေ့မပြတ်၊ ညီညွတ်တိုင်ပင်၊

နှိုင်းဆင်ခြင်၍ ။ ။ သိမြင်ကျယ်ဝန်း စုံစေမင်း။

၂၉။ ပွင့်လင်းချမ်းသာ၊ ကြီးမြင့်ရာဟု၊ မှန်စွာသမှု၊ လေးဖို့စုသား၊

စတုစက္က၊ ဓမ္မ တရား၊ အကြောင်းများဝယ်၊ ကြိုးကြာမျက်မြော်၊

အကြိုက်တော်လျက်၊ မပေါ်မလွင်၊ ဂုဏ်အင်ငုပ်တိမ်၊

စည်းစိမ်ခွန်အား၊ ရည်သွား အခန့်၊ ပွားပြန့်ကျိုးပေး၊

အရောက်နှေးလည်း၊ နီးဝေးတိုရှည်၊ ကြံစည်ထောက်ထား၊

မမေ့မှားလင့်၊ ကုန်သွားယာလယ်၊ လုပ်ဖွယ်ဆောင်ခင်း၊

မပျင်းလုံ့လ၊ ဝါယာမဖြင့်၊ ဒုက္ခဖျင်းသိမ်၊ ကြောင့်ကြငြိမ်၍။

။ စိုးရိမ်ကင်းပျောက် ယုံစေမင်း။

၃၀။ စတုမဓူ၊ ဟူသားရသာ၊ သကာတစ်ခြား၊ ပျားလည်းမလွတ်၊

ထောပတ်ဦးဆီ၊ အညီဖော်မြှောက်၊ တောမြွေဟောက်ကို၊

ဆိပ်တောက်ပွားဆေး၊ ဝအောင်ကျွေးသော်၊ အရေးထူးပြား၊

ဖြစ်သည်များကို၊ ထောက်ထားနှိုင်းတု၊ ထုံးစံရှု၍၊ ပြုစုသ၍၊

အဓလေ့လည်း။ ။ အောက်မေ့ကြံခြင်း ပုံစေမင်း။

၃၁။ ဘုံနန်းထွတ်ခေါင်၊ လုပ်ဆောင်ပြီးလွယ်၊ ငြမ်းသဖွယ်လျှင်၊

မပယ်ဦးဘဲ၊ ကြဉ်ဖဲရှောင်ခွါ၊ မတတ်သာ၍၊ ခြင်းရာသိလျက်၊

မြွေဆိပ်တက်သို့၊ ပေါင်းဖက်ခဲလှော်၊ လူမတော်ကို၊

အဖော်ရဆန်း၊ ဝမ်းသာပမ်းဖြင့်၊ သိမ်းမြန်းမ,စ၊ စံပဆောင်ရွက်၊

နှစ်သက်ဖွယ်မှု၊ ကုံအောင်ပြုလည်း။

အကုအကင်း ပါးစေမင်း။

၃၂။ အရင်းအနှစ်၊ နွယ်မြစ်ပင်ခြုံ၊ လုံးစုံမြေးသား၊ မျိုးဆွေဝါး၌၊

ထွေပြားမကြံ၊ သက်နှံ့စိုက်စိုက်၊ အရှင်၌လည်း၊ ထဲပိုက်ဧကန်၊

အချစ်လွန်လျက်၊ တော်မှန်ရဲရင့်၊ မူကျင့်ခြင်းရာ၊ ပြည့်စုံစွာသား၊

ပညာကြီးထူ၊ ထိုသသူကို၊ မှတ်ယူတွေးထောက်၊

ရွေးချယ်ကောက်၍၊ ထပ်လှောက်ဆင့်ပြန်၊ မ,စ ဟန်လည်း။

။ အားအန်လုံးရင်း များစေမင်း။

၃၃။ အာဒိဝယ၊ ငယ်ရွယ်ကပင်၊ နိစ္စမမေ့၊ ဆုံးမလေ့သား၊

နောက်ရှေ့မြင်သိ၊ ပညာရှိနှင့် ၊ ပေါင်းမိချစ်ခင်၊ ကျွမ်းကျင်လျင်က၊

ဖူးမြင်တင်မေး၊ လွန်မြတ်လေးလျက်၊ ဝေးလည်းမမေ့၊

တွေ့လည်းမရဲ၊ လွန်ဆကဲလျက်၊ ယှဉ်နွှဲနှီးနှော၊

ကြည်တပ်မောသည်၊ သဘောဖြောင့်စင်း၊ သားမောင်မင်းလည်း၊

နှောင်းကြွင်းဆင်ခြင်၊ စီးပွးမြင်၍၊ ဂုဏ်အင်မချို့၊ ကောင်းရာပို့သား၊

လူတို့ကျင့်တမ်း၊ ဤကြောင်းလမ်းကို၊ စုံစမ်းမပြတ်၊

သက်ဆုံးမှတ်လော့၊ မချွတ်မလွဲ၊ လူခပဲ၌၊ ဖြစ်မြဲနိယံ၊

လောကဓံကြောင့်၊ တရံတကြိမ်၊ စိုးရိမ်နှောင့်နှေး၊ ကြံ့ရေးခဲစွာ၊

ဖြစ်သောခါတုံ၊ ချမ်းသာဆောင်ဖူး၊ သူ့ကျေးဇူးကို၊ ထိမ်မြူးမရှိ၊

မိမိပစ္စည်း၊ သိမ်းဆည်းကျိတ်နှက်၊ ရေတစက်မျှ၊ မထွက်ရသာ၊

သူ့မှာရကြောင်း၊ ချောင်းမြှောင်းနှီးနွယ်၊ အကယ်ကယ်သို့၊

ပျက်ရယ်ချိုးချိုး၊ နှုတ်သာဖြိုးလျက်၊ အကျိုးကားပျောက်၊

အပြစ်ရောက်အောင်၊ ကွေ့ကောက်လိမ်လည်၊ ကြံစည်ရှို့ကတ်၊

လှည့်ပတ်တတ်သည်၊ ယွင်းချွတ်ဖေါက်လဲ၊ လူ့စဉ်းလဲကို။

။ ကြဉ်ဖဲရှောင်ကွင်း ဝေးစေမင်း။

၃၄။ ပစ္စုပ္ပန္န၊ ဘဝနောင်ခါ၊ ချမ်းသာရတန်၊ တော်မှန်အကျင့်၊

ကိုယ်နှင့်သူအား၊ စီးပွားထပ်မျှ၊ ဆောင်တတ်လှသား၊

ဖြူဆွစိတ်ကြံ၊ နက်စံမြော်သိ၊ ပညာရှိကို၊ ဇာတိတစ်ပါး၊

ဝေးမြေခြားလည်း၊ စီးပွားမြတ်နိုး၊ တွေ့အောင်ကြိုးလျက်၊

ကြည်ဖြိုးရွှင်ပျ၊ တူနေရအောင်၊ နိစ္စအမြဲ၊ ပေါင်းယှဉ်တွဲ၍။

။ ဝမ်းထဲ ချစ်ခြင်း လေးစေမင်း။

၃၅။ သက်ကြီးဘေးဘိုး၊ ကျင့်ရိုးအညီ၊ ထုံးစံမှီ၍၊ အစီအလျဉ်၊

အစဉ်အသင့်၊ နိမ့်မြင့်ဆင်ခြင်၊ ဂုဏ်အင်များနည်း၊

ပစ္စည်းလျော့တင်း၊ အရင်းအပွား၊ ရည်သွားရှိမဲ့၊ ပြိုင်နှိုင်းရှဲ့၍၊

လေးတွဲ့စာနာ၊ ပေးကမ်းပါလည်း။ ။ ပညာမြော်တင်း ရွေးစေမင်း။

၃၆။ ရှေးပါရမီ၊ ပြည့်စုံညီ၍၊ နှိုင်းပြီမထင်၊ ရည်သွားအင်လည်း၊

လူတွင်ငြားလှ၊ ဖြစ်တော်စွဟု၊ ဒိဗ္ဗဩဇာ၊ နတ်သုဒ္ဓါနှင့်၊

ဇီဝှါဝိညာဉ်၊ နှစ်ပါးယှဉ်သို့၊ တွေ့စဉ်ခဏ၊ နှစ်သာရကို၊

ဆံမျှမကွယ်၊ သိမြင်လွယ်သား၊ နှံ့ကျယ်ပညာ၊ မြတ်ဆရာ၌၊

မေတ္တာဆုကြီး၊ ကျေးဇူးမှီး၍။ ။ ကောင်းချီးဆောင်နှင်း ပေးစေမင်း။

၃၇။ ဗဟုသုတ၊ သိပ္ပပညာ၊ ဆည်းပူးရှာ၍၊ ဆရာကောင်းထံ၊

ထုံးစံလေ့ကျက်၊ မှတ်ခေါက်ရက်တည့်၊ အနက်အနဲ၊ အရဲအရင့်၊

အကျင့်အဟန်၊ အမှန်အတော်၊ အမြော်အမြင်၊ ဂုဏ်အင်ထူးခြား၊

သူ့ရည်သွားကို၊ ထောက်ထားခွဲခြမ်း၊ သိနိုင်စွမ်းဟု၊

ချီးမွမ်းဗိုလ်လူ၊ အ့ံမူရာသား၊ မဥ္ဇူပန်းဦး၊ မွှေးကြိုင်မြူးသို့။

ကျေးဇူးသတင်း မွှေးစေမင်း။

၃၈။ ကဝိလေးမည်၊ ပြည့်စုံတည်သား၊ ဇာနည်အထွတ်၊

ဆရာမြတ်ဝယ်၊ မပြတ်နိယံ၊ နည်းနာခံ၍၊ သာစံရိပ်ငြိမ်၊

စည်းစိမ်တန်ခိုး၊ ရှေးကျိုးကောင်းညွန့်၊ ပွားပြန့်နောင်လာ၊

တိုးတက်ရာသည်၊ အင်္ဂါခုနစ်၊ ကျေးဇူးနှစ်နှင့်၊ ရန်စစ်အောင်နေ၊

လေးထွေအကျင့်၊ လေးဆင့်သင်္ဂြိုဟ်၊ ယွင်းယိုမရှိ၊

ဂတိလေးသွယ်၊ မှတ်ဖွယ်ဖွယ်၌၊ ဓိပ္ပါယ်အနက်၊

ပြက်ပြက်ထင်စွာ၊ မသိသာမူ၊ သင်္ကာပျောက်ဆေး၊

စင်အောင်မေး၍၊ ကျင့်ရေးကျင့်သုံး၊ ကျင့်မြဲထုံးကို။

။ နှလုံးပိုက်သွင်း ထွေးစေမင်း။

၃၉။ ထိုမှတစ်ထွေ၊ တိုင်းခြေရပ်စည်၊ ပြည်၏ကိစ္စ၊

သတ္တရဇ္ဇင်၊ ခုနှစ်အင်လည်း၊ သိမြင်မကျန်၊ ယဉ်ထန်သမုဒ်၊

ဖြည်းသုတ်လေသာ၊ ရာဇာယမ၊ နေလပဇ္ဇုန်၊ ဝသုန္ဓရာ၊

ဒေဝါသိကြား၊ ရှစ်ပါးဤသို့၊ မင်းတို့မှတ်ဖွယ်၊ ပုံသွယ်တသီး၊

သူကြီးကျင့်မူ၊ ဂုဏ်ခြောက်စုနှင့်၊ ဆယ်ခုဓမ္မ၊ ဗလငါးတန်၊

စွယ်အန်သုံးကြောင်း၊ မကြားတောင်းသား၊

နည်းကောင်းကျယ်ဝန်း၊ အဆန်းဆန်းလည်း၊ မေးမြန်းဖွေရှာ၊

မှတ်သားနာ၍။ ။ သင်္ကာပျောက်ကင်း စင်စေမင်း။

၄၀။ ထိုမှတစ်ပါး၊ ယောက်ျားတကာ၊ ဖွေရှာနိစ္စ၊

တတ်အပ်လှသား၊ သိပ္ပရတနာ၊ ဆင်မြင်းမှာတုံ၊ သမ္ဘာရင့်ညောင်း၊

တုမဲ့တောင်းသား၊ စောလောင်းရန်နင်း၊ ဥတိန်မင်းဟု၊

ဝှန်ပြင်းကျော်ထိတ်၊ ခေါင်ပဏ္ဍိတ်၏၊ ကျိတ်လိတ်သင်ထွေ၊

ဥပဒေ၌၊ တက်နေလုံခြုံ၊ စီရင်တုံ၍၊ စေ့စုံများကြွယ်၊

စီးနင်းဖွယ်လည်း၊ တင့်တယ်ပြသ၊ ဓာရဏဖြင့်။

။ လေ့လာမကင်း ကျင့်စေမင်း။

၄၁။ သံသရာစက်၊ အဆက်ဆက်က၊ လေ့ကျက်ဖူးစွာ၊

ဝါသနာကြောင့်၊ ပညာရင့်ညောင်း၊ သူတော်ကောင်းတို့၊

ကျိုးကြောင်းဟုတ်လှ၊ ထုံးစံပြသား၊ ဆုံးမစကား၊ ကျေးဇူးများကို၊

ကြားကြားသရွေ့၊ ရွှင်ပျော်မွေ့လျက်၊ နေ့လယ်းအစဥ့်၊

ညဥ့်လည်းမကွာ၊ ဖွေရှာစူးစမ်း၊ ပြောဆိုကျွမ်းလည်း၊

စိတ်ဝမ်းကြည်လင်၊ သားရွှေစင်ကို၊ တိုင်ပင်လျှို့ဝှက်၊

ထဲနက်ရေးခြား၊ ပြင်တစ်ပါးသို့၊ မကြားစေချင်၊

မမြင်စေလို၊ မဆိုစေမှု၊ တစ်ခုခု၌၊ မျှော်ရှုသတိ၊ မင်းရိပ်သိလျက်၊

မျက်စိမမြင်၊ ခေါ်လျှင်မကြား၊ လျှာမဲ့ငါးသို့၊ ဆွေဝါးခင်ပွန်း၊

ဖွေမေးမြန်းလည်း၊ တစ်ခွန်းမပွား၊ မင်းစကားကို။

။ ပိုက်ထားဝမ်းတွင်း ကြေစေမင်း။

၄၂။ ရန်သူညှိုးဖက်၊ နှောင့်ယှက်ငြိတွယ်၊ အန္တရာယ်တည့်၊

အကယ်မျက်မြင်၊ စိုးစဉ်းထင်မူ၊ သေရှင်အရေး၊ နှစ်တွေးမရည်၊

စွန့်အံ့သည်ဟု၊ ဆောက်တည်သောလျောက်၊ စွန့်ခွင့်ရောက်မူ၊

ရွံ့ကြောက်မဲ့တွန်၊ အရှင့်ဝန်၌၊ကုမ္ဘဏ်ယက္ခ၊ နာဂခြင်္သေ့၊

ရင်ဆိုင်တွေ့လည်း၊ ခွာ၍မတွန့်၊ အသက်စွန့်လော့၊

အဝှန့်နောင်လာ၊ လူတကာတို့၊ ပြောရာဥဒါန်း၊ ကမ္ဘာထွန်းလည်း။

။ မော်ကွန်းဖြစ်လျှင်း လေစေမင်း။

၄၃။ အနီးအဝေး၊ အနှေးအလျင်၊ စီရင်မစ၊ အငှအဝေ၊ အစေအပါ၊

ဆရာကြီးငယ်၊ ပြုဖွယ်ဖွယ်၌၊ လိုမယ်ကိစ္စ၊ ဟူသမျှကို၊

အားရအောင်အောင်၊ ရည်စောင်ထဲလာ၊ ကြိုးသောခါလည်း၊

ညီညာအားထုတ်၊ သဘောဟုတ်ဖြင့်၊ မယုတ်မလွန်၊

တော်မှန်ဖြောင့်စင်း၊ မှားယွင်းမရှိ၊ သမာဓိနှင့်၊ သတိငံ့ဆည်၊

စောင့်အပ်သည်တွင်၊ ဆံခြည်တစ်တန်း၊ တပ်စွန်းမချစ်၊

လောဘမြစ်၍ ။ ။ တင်ပြစ်လွတ်ကင်း ကွေစေမင်း။

၄၄။ လျှို့ဝှက်ထဲကြံ၊ နက်စံရည်ကောင်း၊ သူ့အကြောင်းကို၊

ချောင်းနှောင်းနှီးနွယ်၊ သိအောင်ရွယ်မူ၊ ပွဲကျယ်အရပ်၊

မတင့်အပ်ဝယ်၊ ထက်ကြပ်မကွာ၊ နေကာမတွေ့၊ ကြည့်၍မမြော်၊

နာသော်မကြား၊ လူမှုများကို၊ ဝှက်ထားမြဲကြိတ်၊ ထဲကြံစိတ်ဖြင့်။

။ တိတ်တိတ်ဝှက်ခြင်း မြဲစေမင်း။

၄၅။ ခပ်သိမ်းကိစ္စ၊ ဟူသမျှလည်း၊ လုံ့လမလျော့၊ မပေါ့မမေ့၊

ညဥ့်နေ့မဟူ၊ သတိမူ၍၊ မေးမြူကြောင်းလမ်း၊ စူးစမ်းစာနာ၊

နက်ပညာဖြင့်၊ ရှေ့လာနောက်နစ်၊ ကြံစိစစ်လော့၊

အပြစ်ကိုယ်ဝယ်၊ ဆိုဖွယ်ရိပ်ထင်၊ မရောက်ခင်က၊ အမြင်မရှိ၊

တွေးမသိသည်၊ မျက်စိမပွင့်၊ ဉာဏ်မရင့်တို့။

။ အကျင့်အချင်း တွေးစေမင်း။

၄၆။ ဂမ္ဘီသာရ၊ နာမသာချမ်း၊ ဆုံးမကျမ်းဝယ်၊ အဓိပ္ပာယ်ကား၊

စင်ကြယ်ချောမြေ့၊ ဤဝယ်ရွေ့လျှင်။

။ စေ့စေ့ သန့်စင်ပြီး အောင်မြင်၏။

၄၇။ ရွှေနန်းသခင်၊ ဘုရင်ခေါင်ထွတ်၊ မင်းမြတ်ဆရာ၊ ရဋ္ဌသာဟု၊

ပညာထင်ပေါ်၊ ထေရ်မြတ်ကျော်လျှင်၊ လေးဖော်ထင်ရှား၊

အမျိုးသားအား၊ သနားမေတ္တာ၊ ကရုဏာ တိုက်တွန်း၊

ချီးပင့်ညွန်း၍၊ ထူးဆန်းမြားမြောင်၊ ကျမ်းကုန်အောင်မှ၊

ယူဆောင်ဓိပ္ပယ်၊ ကျင့်ဖွယ်ဖွယ်ကို၊ ရွေးချယ်သီရုံး၊

ပန်းနှယ်ကုံး၍၊ နှလုံးတန်ဆာ၊ ဖြစ်စိမ့်ငှါဟု၊ လင်္ကာချိုမြ၊

မိန့်ခဲ့ဟသား၊ ခေါ်ထတွင်မူ၊ အနုသာသန၊ ပိုဒ်စချီဦး၊

မည်ထူးသညီ၊ ဂမ္ဘီသာရ၊ နာမကြိုင်ရွှမ်း၊ ဆုံးမကျမ်း၌၊

အကျွမ်းတဝင်၊ နားမတင်သား၊ ခဲအင်ဆစ်မျက်၊ အနက်ဓိပ္ပာယ်၊

အသွယ်သွယ်ကို၊ သိလွယ်စိမ့်ငှါ၊ ပညာစိန်ကျောက်၊

ထိုးထွင်းဖောက်၍၊ ခွဲကောက်ယူငင်၊ ဓိပ္ပယ်ထင်သား၊

မြန်ခွင်တံခွန်၊ ဤစာမွန်ကို၊ လေးတန်မျိုးဖော်၊ မြတ်သူတော်တို့၊

ရွှင်ပျော်ဆက်၊ အမြဲနှုတ်ဝယ်၊ သရဇ္ဈာယ်၍၊ မှတ်ဖွယ်နည်းနာ၊

အဖြာဖြာကို၊ ပညာယူဆ၊ ကျက်လေ့ကမူ၊ ဘဝဤတွင်၊

ခုမျက်မြင်၌၊ ဂုဏ်အင်များပုံ၊ လူစွယ်စုံဟု၊ လူ့ဘုံရပ်သူ၊

အံ့ရာမူလိမ့်၊ မဥ္ဇူပန်းသွင်၊ ပတ်လွှံ့ထင်သား၊ လူရှင်မှတ်ရာ၊

ဤသည့်စာသည်။ ။ ကမ္ဘာပေါ်စ၊ ပထမက၊ နေ,လ,ထင်ရှား

နှစ်ပါးထွန်းသည် သဖွယ်တည်း။ ။