ဂရိတ်လိတ်ဒေသ
ဂရိတ်လိတ်အမည်ဖြင့် ထင်ရှားသော ရေအိုင်ကြီး ၅ အိုင်မှာ အမေရိကန်ပြည်ထောင်စုနှင့်ကနေဒါနိုင်ငံအကြား၌ တည်ရှိကြ ၏။ ထိုရေအိုင်ကြီးများမှာ ဆူပီးရီးယားအိုင်၊ မစ်ရှိဂန်အိုင်၊ ဟျူ ရွန်အိုင်၊ အီရီအိုင်နှင့် အွန်တေးရီးယိုးအိုင်တို့ ဖြစ်ကြလေသည်။ ဂရိတ်လိတ်ရေအိုင်ကြီးများ၏ ကျေးဇူးကြောင့် အမေရိကန် ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို့၏ လမ်းပန်းဆက်သွယ်ရေး မှာ ပိုမိုလွယ်ကူပြီးလျှင် ကူးသန်းရောင်းဝယ်ရေးမှာလည်း အထူးပင် ဖွံ့ဖြိုးတိုးတက်လာလေသည်။
ဂရိတ်လိတ်အိုင်ကြီး ၅ ခုအနက် အွန်တေရီးယိုးအိုင်ကို ခရစ် ၁၆၁၁ ခုနှစ်တွင် ပြင်သစ်လူမျိုးများက ရှေးဦးစွာ ရှာဖွေ တွေ့ရှိခဲ့၏။ နောက် ၄ နှစ်အကြာတွင် ရှမ်ပလိန်ဆိုသူက ဟျူရွန်အိုင်ကို တွေ့ရှိပြန်၏။ သို့ရာတွင် အီရီအိုင်ကိုမူကား ယင်းဒေသရှိ အစ်ရိုကွိုင်လူမျိုးများ၏ရန်ကြောင့် ၁၆၆၉ ခုနှစ် တွင်မှ တွေ့ရှိခဲ့ကြလေသည်။
ဂရိတ်လိတ်ရေအိုင်ကြီးများသည် ကနေဒါနိုင်ငံနှင့်အမေရိကန် ပြည်ထောင်စုတို့၏အကြားတွင် တည်ရှိသဖြင့် အဆိုပါ ၂ နိုင်ငံ ၏ ရေကြောင်း ဆက်သွယ်ရေးတွင် ထိုရေအိုင်ကြီးများသည် လွန်စွာအရေးပါ အရာရောက်လေသည်။ ရေအိုင်ကြီးများ အားလုံး၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၁၀၀၀၀၀ မျှရှိ၍၊ ရေအိုင်များမှရေကို အကျိုးခံစားနိုင်သော မြေဧရိယာ မှာ စတုရန်းမိုင်ပေါင်း ၃၀၀၀၀၀ ခန့်ရှိ၏။ ထိုရေအိုင်များမှာ ပြည်တွင်း၌ တည်ရှိပြီးလျှင် အလွန်ကြီးမားလွန်းလှသဖြင့် ပြည် တွင်းပင်လယ်များဟုပင် ခေါ်စမှတ်ပြုကြ၏။ ရေအနက်မှာကား ပေ ၂၀၀ ကျော်မှ ၁၁၈၀ ခန့်အထိ ရှိလေသည်။ ဂရိတ်လိတရေအိုင်ကြီးများဒေသစ်ဝိုက်ရှိ ရာသီဥတုမှာ ပင်လယ်သမုဒ္ဒရာဒေသတစ်ဝိုက်ရှိ ရာသီဥတုနှင့် များစွာ မခြားနားလှချေ။ နွေအခါတွင် ရေအိုင်ကြီးများကအပူဓာတ်ကို စုပ်ယူ၍ ဆောင်းရာသီတွင် အကပူဓာတ်ကိုပေးလေရာ ရာသီ ဥတု မျှတသည်။ အိုင်ကြီးများထဲ၌ လေမုန်တိုင်းများ ကျသည့် အခါတွင်လည်း သမုဒ္ဒရာလေမုန်တိုင်းကဲ့သို့ပင် ကြောက်မက်ဖွယ် ေကာင်းလေသည်။ ထိုအိုင်ကြီးများတွင် တစ်နှစ်လျှင် ၅ လခန့် ရေခဲနေတတ်၏။ ရေမခဲသောလများတွင်မူကား ကုန် သင်္ဘောများနှင့် လူစီး သင်္ဘောများ လူးလာ ခေါက်တုံ့ သွားလာနေကြသည်။
ရေအိုင်ကြီးများတွင် အိုင်ကြီးတစ်ခုမှတစ်ခုသို့ ရေကြောင်း ဆက်သွယ်ရေး လွယ်ကူစိမ့်သောငှာ တူးမြောင်းများကို ဖောက် လုပ်ထားလေသည်။ ဆူပီးရီးယားအိုင်၏ ထွက်ပေါက်ဖြစ်သော ဆူးစိန်မာရီအရပ်တွင် ၁၈၅၅ ခုနှစ်မှစ၍ ရေပြင်ညိှဆည်များ တပ်ဆင်ထားသော တူးမြောင်းတစ်ခုကို ဖောက်လုပ်ခဲ့ကြ၏။ ယခု အခါတွင် ထိုနေရာ၌ ရေပြင်ညိှ ဆည်ရှည်ကြီး ၂ ခု ရှိလေ သည်။ တစ်ခုမှာ ပနားမားတူးမြောင်းတွင်ရှိသော ရေပြင်ညိှ ဆည်ထက် ပေပေါင်း ၃၅၀ ရှည်၏။ ထို့ပြင် ရေညှိဆည်မှ သင်္ဘောအဝင်အထွက် များပြားလေရာ ပျမ်းမျှ ၁၂ မိနစ်လျှင် သင်္ဘောတစ်စီးမျှ သွားလာနေသည်။ ခရီးသည်သင်္ဘောများ လည်း ဥဒဟို ကူးသန်းသွားလာနိုင်ကြ၏။ ထိုသို့ သွားလာနေကြသော လှေသင်္ဘောများကို ဘေးမသီရန်မခစေရန် မီးပြတိုက် များ၊ မီးပြသင်္ဘောများ၊ ဗော်ယာများ၊ အသက်ကယ်စခန်းများ စသည်တို့ကို ပြသော ရေအိုင်နယ်မြေပုံများကို အရန်သင့်ထားရှိကြလေသည်။ ထို့ပြင် ရေအိုင်များ၏အတိမ်အနက်ကို သိသာ စေရန် သက်ဆိုင်ရာ တာဝန်ခံများက တိုင်းထွာ၍ အခါအား လျော်စွာ မှတ်တမ်းများ ရေးထုတ်ကြေညာကြရလေသည်။ အဘယ်ကြောင့်ဆိုသော် လေးလံသော ကုန်တင်သင်္ဘော ကြီးများ သည် ရေနည်းနေပါက ကောင်းစွာမခုတ်မောင်းနိုင်မည်စိုးသောကြောင့် ဖြစ်လေသည်။
၁၉၃၂ ခုနှစ်တွင် ဝဲလန်တူးမြောင်းကို အီရီအိုင်မှ အွန်တေးရီးယိုးအိုင်သို့ နိုင်အဂ္ဂရာရေတံခွန်ကို ကွေ့ပတ်ကာ ဖောက်လုပ်ပြီးလျှင် စတင်အသုံးပြု၏။ အီရီတူးမြောင်းသည် အီရီအိုင်နှင့် ဟဒ်ဆ်မြစ်ကို ဆက်သွယ်ထား၏။
ရေအိုင်ကြီးများဒေသ အထက်ပိုင်း၌ တစ်ခါက မြင့်မားသော တောင်စဉ်တောင်တန်းများ ရှိခဲ့၏။ သို့ရာတွင် ကာလကြာရှည် လတ်သော် ရေနှင့်လေတို့ တိုက်စားခြင်းကြောင့် တောင်များ ပြိုပျက်ကာ မြေနိမ့်လွင်ပြင်ဘဝသို့ ရောက်ရတော့၏။ အချို့ နေရာများသည် ချိုင့်ခွက်များဖြစ်ကာ ဆောင်းရာသီတွင် ရေခဲ နေ၍ နွေအခါ၌ ရေအိုင်ငယ်များအဖြစ်သို့ ရောက်ရှိနေကြ လေသည်။ ထိုကဲ့သို့သော အိုင်မျိုးများသည် မစ်ရှိဂန်၊ မင်နီ ဆိုတာနှင့် ဝစ္စကွန်းဆင်းပြည်နယ်တို့၌ အများအပြား ရှိလေ သည်။
ဆူးပီးရီးယားအိုင်ကြီး၏ တောင်ဘက်တစ်လျှောက်၌ အဖိုးတန် ကြေးနီ အမြောက်အမြားထွက်၏။ ထိုဒေသ၌ ကြေးနီတူးဖော်ရေးလုပ်ငန်းသည် အကြီးအကျယ်ဆုံး ဖြစ်၏။ ထိုအိုင်ကြီး၏ အနောက်ဘက်ရှိ တောင်တန်းများတွင်လည်း သံသတ္တုတွင်း များရှိသည်။
ဂရိတ်လိတ်ခေါ် ရေအိုင်ကြီးများသည် ကနေဒါနိုင်ငံ ပရေရီ ဒေသများ၏ သယ်ယူပို့ဆောင်ရေးကို များစွာ အထောက်အပံ့ ပေးသည့်အပြင် ထိုဒေသရှိ မြို့ကြီးများ၏ စီးပွားရေးကိုလည်း တိုးတက်စေလေသည်။ မွန်းထရီအော၊ ဖို့ဝီလျံ၊ ဟယ်မီ လတန်၊ တိုရွန်တို၊ ကင်းစတန်စသော မြို့များသည် လွန်ခဲ့သည့်နှစ် အနည်းငယ်အတွင်းကပင် တိုးတက်လာခဲ့ကြ၏။ မစ်ရှီဂန် ရေအိုင်၏တောင်ဘက်စွန်းတွင်ရှိသော ရှီကာဂို ဆိပ်ကမ်းမြို့မှာ အမေရိကန်ပြည်ထောင်စုတွင် နယူးယောက်မြို့ကလွဲလျှင် သင်္ဘောအများဆုံး ဆိုက်ကပ်သောဆိပ်ကမ်းမြို့ကြီး ဖြစ်လေသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)