ဂိဟိဝေယျာဝစ္စသိက္ခာပုဒ်

အမှု—လူဝတ်ကြောင်များ၏ ဝေယျာဝစ္စကို ရွက်ဆောင်ပြုလုပ်ပေးမှု။

အမှုသည်—ဘိက္ခုနီအများ။ [၁]

“ဝေယျာဝစ္စ”ဟူသည်-မောင်းထောင်းဆန်ဖွပ်ခြင်း, ထမင်း, ဟင်း, မုန့်ပဲ သရည်စာကို ပြုလုပ်ခြင်း, အဝတ်ဖွပ်လျှော်ခြင်း, စသော အလုပ်ကိစ္စလည်း။

လူဝတ်ကြောင်များ၏ ထိုအလုပ်ကိစ္စကို ကူညီပြုလုပ်ပေးမှုကြောင့် အမြင် မတော်သော လူတို့က ကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ် ပြင်ဆင်ရန်

ယာ ပန ဘိက္ခုနီ ဂိဟိဝေယျာဝစ္စံ ကရေယျ, ပါစိတ္တိယံ။

မြန်မာပြန် ပြင်ဆင်ရန်

လူဝတ်ကြောင်တို့၏ ဝေယျာဝစ္စကို ပြုလုပ်သောဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

မှတ်ချက် ပြင်ဆင်ရန်

မောင်းထောင်းပေးခြင်း စသည်ကို ပုဗ္ဗပယောဂ (ယာဂုစသည် မကျိုချက်မီ လုလ္လပြုခြင်း) ဟု ခေါ်၏။ ထိုပုဗ္ဗပယောဂအခိုက်၌ လုံ့လ ပြုတိုင်း ဒုက္ကဋ် အာပတ်သင့်၏၊ ယာဂုကျိုခြင်း, ထမင်းချက်ခြင်းတို့၌ အိုးအရေအတွက် ရှိသလောက် (အိုးတလုံးအာပတ်တချက်အားဖြင့်) ပါစိတ်အာပတ်သင့်၏၊ မုန့်လုပ်ပေးရာ၌ မုန့်အရေအတွက် များသလောက် ပါစိတ်အာပတ်များ၏၊ ထိုဂိဝေယျာဝစ္စကို ဘိက္ခုများလုပ်လျှင်လည်း ဒုက္ကဋ်အာပတ်သင့်၏။

ခြွင်းချက် ပြင်ဆင်ရန်

ဘုရားနှင့် ရဟန်းသံဃာအား ယာဂု-ဆွမ်းမုန့် ကပ်ဖို့ ဖြစ်လျှင် ချက်ပြုတ် လုပ်ကိုင်ပေးကောင်း၏၊ မိမိ၏ ဝေယျာဝစ္စ (အလုပ်ကိစ္စ)ကို ပြုလုပ်ပေးသူ အတွက်လည်း မိမိက သူ၏ဝေယျာဝစ္စကို လုပ်ကိုင်ပေး ကောင်း၏၊ ဥပမာ-သူကမိမိ၏ အဝတ်ဖွပ်ပေးလျှင်, ကျောင်းတလင်းသုတ်သင်နေ့လျှင် မိမိ၏ တောက်တိုမယ်ရ ခိုင်းစေရသူ ဖြစ်လျှင်, သူ၏ ဝေယျာဝစ္စကိုလည်း မိမိက ပြုလုပ်ပေးကောင်း၏၊ မယ်တော် ခမည်းတော်များ ကျောင်း လာ၍ သူတို့အတွက် ချက်ပြုတ်ပေးရတော့မည်ဖြစ်လျှင် သူတို့ကို ရှေးဦးစွာ ကိုယ့်ဝေယျာဝစ္စပြုသူဖြစ်အောင် တံမြက်စည်းကလေး အရိုးတပ်ပေးစမ်းပါ, ယပ်တောင်ကလေးလုပ်ပေးစမ်းပါ-စသည်ဖြင့် ခိုင်းပြီးမှ သူတို့၏ဝေယျာဝစ္စကို ပြုရမည်။

သတိပြုဖွယ် ပြင်ဆင်ရန်

ယခုကာလ၌ ဘိက္ခုနီတို့နေရာဝယ် သီလရှင်များ ရောက်နေကြလေပြီး များစွာသော လူဝတ်ကြောင်တို့သည် စရပ်ကလေးစသည် ဆောက်ပေး ဥပုသ်စောင့်စသည်သွားကာ သီလရှင်များ၏ ချက်ပြုတ်ပေးမှု အပြုအစုကို ခံယူလေ့ရှိကြ၏၊ တချို့ကား ဘုရားဖူးသွား ဈေးသွားစသည်၌ သီလ ရှင်ကိုပင် လက်ဆွဲခြင်း ဈေးတောင်းများကို ကိုင်ယူစေကြ၏။ သီလရှင်များကိုပင် အဝတ်ဖွပ်ပေးစေကြ၏၊ ထိုကိစ္စအားလုံးပင် ၂-ဖက်လုံး ဆင်ခြင်သင့်ကြလေသည်။

ကိုးကား ပြင်ဆင်ရန်

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး