ဂိုဏ်းဆိုသည်မှာ ပါဠိစကားဂဏမှ ဖြစ်လာသော မြန်မာ စကား ဖြစ်သည်။ ဂဏသည် အစုကိုဟောသည်။ ဂိုဏ်းသည် ပါဠိဘာသာနှင့် မြန်မာကဗျာတို့ကို ဖွဲ့ရာတွင် အရေးတကြီး လိုက်နာရသော စည်းကမ်းတစ်ရပ် ဖြစ်ပေသည်။ ထို့ကြောင့် လည်း၊ ရှင်ရဋ္ဌသာရသည် ကိုးခန်းပျို့၌ အောက်ပါအတိုင်း ဖွဲ့ဆိုခဲ့ခြင်း ဖြစ်သည်။


ဆိုရေးတွက်က၊ ပဒက္ခရ၊ ဝဏ္ဏမတြာ၊ဂါထာဆန်းဂိုဏ်း၊ ကရိုဏ်းပယတ်၊ ဌာန်မချွတ်တည့်၊ ဟောရွတ်ပီပြင်၊ မလျင် မတုန်၊ နှုတ်အာဂုဏ်နှင့်၊ မမှုန်မှိုင်၊ မယိုင်မယိမ်း၊ မတိမ်း မဆွံ၊ မရွံမထိတ်၊ ခြင်္သေ့စိတ်သို့၊ ဖိုလ်ဟိတ်သွယ်ခိုင်း၊ တစ်ခွန်းလှိုင်းက၊ လူတိုင်းအံ့အဲ၊ နာမရဲတည့်။

ပါဠိဂါထာဖွဲ့ရာ၌ အက္ခရာ အရေအတွက်ကို အခြေပြု၍ ဂရု လဟု ခွဲဲကာဖွဲ့နည်းနှင့် ဂရုလဟုခွဲကာ မတြာအရေအတွက် ကို အခြေပြု၍ ဖွဲ့နည်းဟု နှစ်မျိုးနှစ်စားရှိသည်။


အက္ခရာဖြင့်ဖွဲ့နည်းတွင် 'အက္ခရာသုံးခု တဂိုဏ်းပြုလော့၊ စတု၌ ဝယ်၊ အဆုံးပယ်မှ၊ အစအဆုံး၊ မသုံးပဉ္စ၊ နှစ်ဂိုဏ်းဆတည့်။ သတ္တအဋ္ဌ၊ စသည်တို့မှာ၊ ရှေးနည်းသာလျှင်၊စာနာထောက်ထား၊ ကြံစူးထား၍၊ မမှားယူသင့်သည်တကား'ဟူသော ဆရာတော် ဦးဗုဓ်၏ ဆန်းလင်္ကာအရ သုံးလုံးကို တစ်ဂိုဏ်း ယူရသည်။ လေးလုံးရှိလျှင် အဆုံးလုံးကို ပယ်ရသည်။ ငါးလုံးရှိလျှင် အစ လုံးနှင့် အဆုံးလုံးကို ပယ်ရသည်။ ခြောက်လုံးရှိလျှင် နှစ်ဂိုဏ်း ယူရသည်။ ခုနှစ်လုံး ရှစ်လုံးရှိလျှင် ရှေးနည်းအတိုင်း ထောက် ဆ၍ ယူရလေသည်။

ဤတွင် ဂရု လဟုခွဲနည်းကို ဤသို့သိရာ၏။ 'ရုံးစု ပေါင်း စည်း၊ ဂိုဏ်းယူနည်းကို၊ ကမ္ပည်းတင်မှု၊ နိဒါန်းပြုပိမ့်၊ ဗိန္ဒု ဒီဃ၊ သံယောဂကို၊ မြင်ကဂရု၊ လဟုရဿ၊ မှတ်ကြပြီးခါ' ဟူသော ဆရာတော် ဦးဗုဓ်၏ ဆန်းလင်္ကာအရ ဗိန္ဒုခေါ် သေးသေးတင်ပါသော အက္ခရာကို၎င်း၊ ဒီဃခေါ် အသံရှည် အက္ခရာကို၎င်း၊ သံယုတ်ခေါ် အသတ်ရှိသော အက္ခရာကို၎င်း၊ ဂရုဟု ယူရသည်။ (သို့သော် တစ်ခါတစ်ရံ ပါဒ၏ အဆုံးလဟု အက္ခရာကိုလည်း ပါဒန္တဂရုဟု ယူရသေးသည်။) ရသခါ် အသံတို အက္ခရာများကို လဟုယူရသည်။

ဂရုကို ဂငယ်အက္ခရာဖြင့်၎င်း၊ လဟုကို လအက္ခရာဖြင့်၎င်း၊ မှတ်၍ ပြရသော်

  1. ဂဂဂ သည် မ ဂိုဏ်း၊
  2. လလလ သည် န ဂိုဏ်း၊
  3. ဂလလသည် ဘ ဂိုဏ်း၊
  4. လဂဂသည် ယ ဂိုဏ်း၊
  5. လဂလသည် ဇ ဂိုဏ်း၊
  6. လလဂသည် သ ဂိုဏ်း၊
  7. ဂလဂသည် ရ ဂိုဏ်း၊
  8. ဂဂလသည် တ ဂိုဏ်းဟူ၍

ဂိုဏ်းရှစ်ပါးရှိသည်ကို တွေ့ရသည်။ ထိုရှစ်ပါးတွင် မ၊ န၊ ဘ၊ ယ၊ ဂိုဏ်းလေးပါးကို အလိုရှိအပ်သော ဣဋ္ဌဂိုဏ်းများဟု ခေါ်သည်။ ဇ၊ သ၊ ရ၊ တ၊ ဂိုဏ်းလေးပါးကို အလိုမရှိအပ်သော အနိဋ္ဌဂိုဏ်း များဟု ခေါ်သည်။

ဤဂိုဏ်းတို့ကို နတ်များစောင့်၍ ယင်းတို့ နှင့် နက္ခတ်များ ယှဉ်သည်ဟူ၍လည်း ဆိုသည်။ ဤအချက်တို့ကို အလွယ်တကူ မှတ်နိုင်ရန် ပညာရှင်များသည် အောက်ပါ သင်္ကေတ လင်္ကာကို ဖွဲ့ဆိုခဲ့ကြသည်။

လင်္ကာ ဂိုဏ်း စောင့်နတ် ယှဉ်နက္ခတ် ဣဋ္ဌ၊ အနဋ္ဌ

  1. ဘူလမိ ဘ လနတ် မိဂသီ ဣဋ္ဌ ဂလလ
  2. နသိဘ န သိကြား ဘရဏီ ဣဋ္ဌ လလလ
  3. ယတိံသတ် ယ တိမ်နတ် သတ္တဘိသျှ ဣဋ္ဌ လဂဂ
  4. မတ်ဘုံဇေ မ ဘုမ္မစိုး ဇေဋ္ဌ ဣဋ္ဌ ဂဂဂ
  5. ဇနေပု ဇ နေနတ် ပုနဗ္ဗသျှု အနိဋ္ဌ လဂလ
  6. သုလိသွာ သ လေနတ် သွာတိ အနိဋ္ဌ လလဂ
  7. ရာမိကြတ် ရ မီးနတ် ကြတ္တိကာ အနိဋ္ဌ ဂလဂ
  8. တတ်အာသ တ အာကာသစိုး သရဝဏ် အနိဋ္ဌ ဂဂလ

မတြာဖြင့်ဖွဲဲ့နည်းတွင် လေးမတြာကို တစ်ဂိုဏ်းယူရသည်။


ဂရုတစ်လုံးကို နှစ်မတြာဖြင့်၎င်း လဟုတလုံးကို တမတြာဖြင့် ၎င်း မှတ်၍ပြရသော် -

  1. ဂ × ဂ = ၂ × ၂ ကို မဂိုဏ်း
  2. လ × လ × လ × လ = ၁ × ၁ × ၁ × ၁ ကို နဂိုဏ်း၊
  3. ဂ × လ × လ = ၂ × ၁ × ၁ ကို ဘဂိုဏ်း၊
  4. လ × ဂ × လ = ၁ × ၂ × ၁ ကို ဇ ဂိုဏ်း
  5. လ × လ × ဂ = ၁ × ၁ × ၂ ကို သဂိုဏ်းဟူ၍

ဂိုဏ်းငါးပါးရှိသည်ကို တွေ့ရသည်။

မြန်မာမှု၌ ကဗျာဖွဲ့ရာတွင် အထက်ပါအက္ခရာဖြင့် ဖွဲ့နည်းကို လိုက်နာကြ၏။ သို့သော် ကဝိကဏ္ဌပါသကျမ်းလာ အောက်ပါ လင်္ကာထွက်နည်းကိုလည်း အချို့က လိုက်နာခဲ့ကြပုံရသည်။ သပြေဇဗ္ဗူ၊ ကျွန်းလုံးသူဝယ်၊ မှန်ကူမှန်ကင်း၊ တို့ရာစင်း၏၊ တကွင်းစံတည်၊ ခေါင်ငံ့ရည်သား၊ မျိုးမည်ရွှေလှော်၊ငါ့ညီတော် ။။ ထွန်းပေါ်ရောင်ခြည်၊ သို့ချည်းတည်သား၊ ဤသည်ပုဒ်တွင်၊ ထွန်းကိုလျှင်တည့် မြဲပင်ပယ်သင့်၊ သိစေလင့်လော့။။ နန်းနှင့်ရွှေပြည်၊ သို့ချည်းတည်သာ၊ ဤသည်ပုဒ်တွင်၊ နှင့်ကို လျှင်တည့်၊ ဆင်ခြင်ကြံထွေ၊ သိတတ်စေလော့။ မိုးစွေလတ်မည်၊ သို့ချည်းတည်သား၊ ဤသည်ပုဒ်တွင်၊ မည်ကို ပင်တည့်၊ ပယ်သင်ဖြတ်ဟန်၊ သိလင့်ထွန်လော့၊ ပယ်ချန် ဖြတ်သည်၊ သုံးမည်နာမ၊ ဤမျှပါဠိ၊ ဂဏှာတိကို၊ ကျယ်သိ လေသ၊ အဋ္ဌကထာ၊ ဋီကာတို့ဝယ်၊ ထွေထွေကယ်သား၊ အဓိပ္ပာယ်တို့ကို၊ သို့ချည်းလိုဟု၊ ဘုန်းပျိုညွန့်သစ်၊ ညီချစ် ဉာဏ်မွှေ၊ သိတတ်စေ။ ဤနည်းအရဆိုသော် ပုဒ်တို့တွင် ကြိယာရှိလျှင် ကြိယာကို ပယ်ရသည်။ ကြိမယာမရှိလျှင် အစလုံးကို ပယ်ရသည်။ ဤတွင် ကြိယာဆိုသည်မှာ ကြိယာခြောက်ဆယ်ကို ဆိုလိုသည်။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)