ဂီတာဖေဝင်းသည် ဂန္ဓဝင်တေးသီချင်းရေးဆရာ၊ မြန်မာသံစဉ်တေး အဆိုတော်နှင့် ဂီတာမယ်ဒလင် တီးခတ်သူ အနုပညာရှင်တစ်ဦး ဖြစ်သည်။ သူ၏သီချင်းများထဲမှ မျက်လုံးဖွင့်ပြီးအိပ်ကြည့်ပါ သီချင်းသည် မြန်မာသံစဉ်တေးများတွင် နာမည်ကျော်ကြားသော တေးတစ်ပုဒ်ဖြစ်သည်။

ငယ်ဘဝ ပြင်ဆင်ရန်

ဂီတာဖေဝင်းကို မြန်မာသက္ကရာဇ် ၆-၄-၁၃၀၉-ခု၊ ခရစ်သက္ကရာဇ် ၁၉၄၈-ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့၊ အဖဦးညီစံ နှင့် အမိ ဒေါ်သန်းမှ ရခိုင်ပြည်နယ် ဂွမြို့ ဆပ်သွားကျိုင်ကောက်မှ မွေးဖွားခဲ့ပြီး မွေးချင်းမောင်နှမလေးဦးအနက် အငယ်ဆုံးသားဖြစ်သည်။

အနုပညာလောက ပြင်ဆင်ရန်

တပ်မတော်(ရေ)တွင် ဆယ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ပင်စင်ယူခဲ့ကာ အနုပညာလောကထဲသို့ ဝင်ရောက်ခဲ့သည်။ ၁၉၆၉-ခုနှစ်လောက်ကတည်းက သီချင်းများကို စတင်ရေးသားနေပြီ ဖြစ်သည်။ Slice ၊ လက်ခတ်နှင့် တွဲလျက်တီးရသောတူရိယာ ဂီတာ၊ မယ်ဒလင်ကို တီးခတ်နိုင်ပြီး ခဲခြစ်ပန်းချီကိုလည်း ရေးဆွဲနိုင်သူ ဖြစ်သည်။ ကာရံနဘေ အကျအန ကဗျာစာဆိုသီကုံး အရေးအသား ပိုင်နိုင်သူလည်းဖြစ်သည်။ ညမွှေးပန်း၊ အလွမ်းရှင်၊ ချစ်၍ချစ်ခါလာသည်မှ၊ မျက်လုံးဖွင့်ပြီးအိပ်ကြည့်ပါ၊ မျက်ရည်တစ်ပေါက်ရဲ့တန်ဖိုး၊ လွမ်းစရာအမုန်းသာ အချမ်းသာဆုံးပါ၊ ကြားလေသွေးလို့ ဝေးမှာလား အစရှိသော ဂန္ဓဝင်တေးသီချင်းလက်ရာတွေကို ဖန်တီးရေးသားခဲ့ပြီး တေးစီးရီးများစွာကိုလည်း ကိုယ်တိုင်သီဆိုထုတ်ဝေခဲ့သလို နိုင်ငံကျော်တေးသံရှင်များစွာက ပြန်ဆိုတေးအဖြစ် အကြိမ်ကြိမ်သီဆိုခဲ့ကြတဲ့ ဂန္ဓဝင်သီချင်းများစွာကို ရေးစပ်သီကုံး ဖန်တီးခဲ့သူပါ။ ၁၉၇၇-ဝန်းကျင်မှာ တွံတေးသိန်းတန်ရဲ့ ဂီတရုပ်ရှင်ပြဇာတ်သဘင်မှာ အစီအစဉ် ကြေညာသူအဖြစ် သီဆိုသူအဖြစ် ဆယ့်တစ်နှစ်တိုင်တိုင် လက်တွဲပါဝင်ခဲ့ပြီးနောက် မိသားစုစားဝတ်နေရေးအတွက် ၁၉၈၉-တွင် နိုင်ငံခြားသင်္ဘော လိုက်ခဲ့သည်။

၁၉၇၈-ခုနှစ်တွင် လားရှိုးသူ မေမေဌေး (ရေဒီယိုတေးသံရှင် ဌေးမြမြဝင်း)နှင့်လက်ထပ်ခဲ့ပြီး တစ်ဦးတည်းသော သမီးဖြစ်သူ မာရီယာအိဇာဇာဝင်းကို မွေးဖွားခဲ့သည်။ ၁၉၉၃-ခုနှစ်တွင် ဇနီးဖြစ်သူနှင့် ကွာရှင်းခဲ့ပြီး ကွယ်လွန်ချိန်အထိ နောက်အိမ်ထောင်မပြုဘဲ တူတူမများနှင့်သာ နေထိုင်သွားခဲ့သည်။ ၁၉၉၅- ခုနှစ်၌ ဂရိတ်တေးသံသွင်း တေးထုတ်လုပ်ဖြန့်ချိရေးကို ကွယ်လွန်ချိန်အထိ တူ/တူမများနှင့်အတူ ဦးစီးလုပ်ဆောင်ခဲ့သည်။ မြန်မာနိုင်ငံ ဆိုကရေးတီးပြိုင်ပွဲများတွင်လည်း ကြီးကြပ်ဒိုင်အဖြစ် တာဝန်ယူခဲ့သလို ဂီတဆောင်းပါးများ စာပေရေးသားခြင်းနှင့်အတူ စာပေဟောပြောပွဲများစွာတွင်လည်း ဟောပြောခဲ့သည်။

နိုင်ငံတော်မှချီးမြှင့်သော ဂီတပညာရှင်ဆိုင်ရာ ဆုတံဆိပ်မြောက်မြားစွာကိုလည်း ရရှိထားခဲ့သော အနုပညာရှင်တစ်ဦးလည်း ဖြစ်သည်။

ဘဝနိဂုံး ပြင်ဆင်ရန်

ဂီတာ ဖေဝင်းသည် ၁၅ ၅ ၂၀၂၀ ရက်နေ့ ည(၇)နာရီအချိန်၌ အမှတ်(၂) ကုတင် ၅၀ဝ စစ်ဆေးရုံတွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် စာဆိုတေးရှင် ဂီတာဖေဝင်းသည် အသက် (၇၂)နှစ် ရှိပြီ ဖြစ်သည်။ မကွယ်လွန်မီ နာရီပိုင်းအလိုအထိ သူဖန်တီးထားသော တေးသီချင်းများနှင့် ပျော်မွေ့စွာ ဖက်တွယ်သွားသူ ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

[[၁]]