ဂုဏဇာတ်
ဒုကနိပါတ် - ၁။ ဒဠှဝဂ် -၁၅၇ - ဂုဏဇာတ်။ ။ မြေခွေး၏ ကျေးဇူးကို သိတတ်သော ခြင်္သေ့မင်း အကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
ပြင်ဆင်ရန်ပုဆိုးငါးရာလှူ အာနန္ဒာယူ
ပြင်ဆင်ရန်နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရှင်အာနန္ဒာမထေရ်သည် ကောသလမင်းကြီး၏ နန်းတွင်းသူတို့အား တရားတော်ကို သင်ကြားစေ၏။
ထိုအခါ ကောသလမင်းကြီးအား တစ်ထည်လျှင် အဖိုးတစ်ထောင် ထိုက်တန်သော ပုဆိုးတစ်ထောင်တို့ကို ဆက်သကြကုန်၏။ ကောသလမင်းကြီးသည် ပုဆိုးငါးရာတို့ကို မိဖုရားငါးရာတို့အား တစ်ထည်စီ ပေးလေ၏။ မိဖုရားတို့လည်း မိမိတို့ရသော ပုဆိုးငါးရာတို့ကို မဝတ်ကြဘဲ ရှင်အာနန္ဒာအား အသီးအသီး လှူဒါန်းကြကုန်၏။
မင်းကြီးအမျက်ထွက် လျှောက်ထားချက်
ပြင်ဆင်ရန်မိဖုရားတို့သည် မင်းကြီးထံ အခစား သွားကြသော အခါ ပုဆိုးဟောင်းတို့ကို ဝတ်ဆင်ကာ ခစားကြကုန်၏။ ကောသလမင်းကြီးသည် “မိဖုရားတို့ ... ငါသင်တို့အား တစ်ထည်လျှင် အဖိုးတစ်ထောင် ထိုက်တန်သော ပုဆိုးငါးရာတို့ကို တစ်ထည်စီ ဆုချအပ်သည် မဟုတ်လော၊ သင်တို့ အဘယ်ကြောင့် မဝတ်ဘဲ လာကြသနည်း” ဟု မေး၏။ “မြတ်သောမင်းကြီး ... အကျွန်ုပ်တို့သည် ရှင်အာနန္ဒာအား လှူဒါန်းကြပါသည်” ဟု လျှောက်ထားလေ၏။ “မိဖုရားတို့ ... ပုဆိုးငါးရာလုံး ခံယူသလော” ဟု မေးပြန်၏။“မြတ်သောမင်းကြီး ... ပုဆိုးငါးရာလုံးပင် ခံယူပါသည်” ဟု လျှောက်ထားကြကုန်၏။
ကောလသမင်းကြီးသည် မြတ်စွာဘုရားသည် သင်္ကန်းသုံးထည်သာ ခွင့်ပြုပါလျက် ပုဆိုးငါးရာလုံး အလှူခံသည်မှာ ပုဆိုးကုန်သွယ်ခြင်း ပြုမည်ထင်သည်ဟု အပြစ်တင်ကာ ရှင်အာနန္ဒာအား အမျက်ထွက်လျက် ရှင်အာနန္ဒာထံသို့ လိုက်လေ၏။
ရှင်အာနန္ဒာ သင်္ကန်းအသုံးပြုပုံ
ပြင်ဆင်ရန်ရောက်လျှင် မင်းကြီးသည် ရှင်အာနန္ဒာအား “အရှင်ဘုရား ... မိဖုရားတို့ လှူအပ်သော ပုဆိုးငါးရာကို အလှူခံသည်မှာ မှန်ပါသလော” ဟု လျှောက်၏။ “မြတ်သောမင်းကြီး ... မှန်ပါသည်” ဟု ဖြေ၏။ “အရှင်ဘုရား ... မြတ်စွာဘုရားက သုံးထည်သာ ခွင့်ပြုသည် မဟုတ်ပါလော” ဟု လျှောက်ပြန်၏။ “ဟုတ်ပါသည်၊ သို့သော်လည်း အလှူခံခြင်းကို တားမြစ်တော်မမူပါ၊ အလှူခံခြင်းမှာလည်း သင်္ကန်းနွမ်းရိသော ရဟန်းတို့အား လှူဒါန်းရန် ဖြစ်ပါသည်” ဟု ပြော၏။“အရှင်ဘုရား ... အသစ်ရသော ရဟန်းတို့သည် အဟောင်းတို့ကို ဘယ်လို အသုံးပြုပါသနည်း” ဟု လျှောက်၏။ “မြတ်သောမင်းကြီး ... ဒုကုဋ်ဟောင်းတို့ကို ကိုယ်ဝတ်ပြုလုပ်ပါသည်” ဟု ဖြေ၏။ “ကိုယ်ဝတ်ဟောင်းကို အဘယ်သို့ ပြုပါသနည်း” ဟု လျှောက်၏။ “သင်းပိုင်ပြုလုပ်ပါသည်” ဟု ဖြေ၏။ “သင်းပိုင်ဟောင်းကို အဘယ်သို့ ပြုပါသနည်း” ဟု လျှောက်၏။ “အိပ်ရာလွှမ်း ပြုလုပ်ပါသည်” ဟု ဖြေ၏။ “အိပ်ရာလွှမ်းဟောင်းကို အဘယ်သို့ ပြုပါသနည်း” ဟု လျှောက်၏။ “မြေအခင်း ပြုလုပ်ပါသည်” ဟု ဖြေ၏။ “မြေခင်းဟောင်းကို အဘယ်သို့ ပြုပါသနည်း” ဟု လျှောက်၏။ “ခြေသုတ် ပြုလုပ်ပါသည်” ဟု ဖြေ၏။ “ခြေသုတ်ဟောင်းကို အသို့ ပြုပါသနည်း” ဟု လျှောက်၏။ “မြတ်သောမင်းကြီး ... သဒ္ဓါ၍ လှူဒါန်းသော ပစ္စည်းကို မပျက်စီးစေကောင်း၊ ထို့ကြောင့် ခြေသုတ်ဟောင်းကို ပဲခွပ်ဖြင့် နုပ်နုပ်စဉ်း၍ မြေဖြင့် နယ်ပြီးလျှင် ကျောင်းတို့မှာ မြေချင် လိမ်းကျံပါသည်” ဟု မိန့်တော်မူ၏။
နောက်ထပ်ပေးလှူ ခွဲဝေယူ
ပြင်ဆင်ရန်ထိုအခါ ကောသလမင်းကြီးသည် ရှင်အာနန္ဒာ အသုံးပြုပုံကို သိရလျှင် ရဟန်းတို့အား လှူအပ်သောသင်္ကန်းကို ခြေသုတ် ဖြစ်သည်တိုင်အောင်လည်း မပျက်စီးစေရဟု အလွန်နှစ်သက်ဝမ်းမြောက်လျက် ကျန်သော ပုဆိုးငါးရာကိုလည်း ယူစေပြီးလျှင် ရှင်အာနန္ဒာအား လှူဒါန်းပြန်၏။ ရှင်အာနန္ဒာအား ပုဆိုးတစ်ထောင် ရလေ၏။
ရှင်အာနန္ဒာသည် ထိုပုဆိုးတစ်ထောင်တို့တွင် ရှေးဦးစွာရသော ငါးရာကို သင်္ကန်းနွမ်းရိသော ရဟန်းတို့အား ဝေခြမ်းလှူဒါန်းတော်မူ၏။ နောက်ထပ်ရသော ပုဆိုးငါးရာကိုကား မိမိအး ဝတ်ကြီးဝတ်ငယ် ပြုလျက် ကျေးဇူးများသော တပည့်ငယ် တစ်ပါးအား ပေးတော်မူ၏။ ထိုတပည့်ငယ် ရဟန်းလည်း ပုဆိုးငါးရာလုံးကိုပင် မိမိနှင့် ဥပဇ္ဈာယ်တူ ဖြစ်ကုန်သော ရဟန်းငါးရာတို့အား ဝေခြမ်း၍ လှူဒါန်းလေ၏။
ကျေးဇူးများလှ ချီးမြှောက်ရ
ပြင်ဆင်ရန်ရဟန်းတို့သည် မြတ်စွာဘုရားထံ ဆည်းကပ်၍ “အရှင်ဘုရား ... သောတာပန် ဖြစ်သော ဘုရားတပည့်အား မျက်နှာလိုက်၍ ပေခြင်းရှိပါသေးသလော” ဟု လျှောက်ထား၏။ “ရဟန်းတို့ ... ငါဘုရားတပည့်တို့အား မျက်နှာလိုက်၍ ပေးခြင်းမည်သည် မရှိကြပေ” ဟု ဖြေကြား၏။ “အရှင်ဘုရား ... တပည့်တော်တို့ ဥပဇ္ဈာယ် အရှင်အာနန္ဒာသည် ပုဆိုးငါးရာတို့ကို ရဟန်းတစ်ပါးအားသာ ပေးပါသည်။ တပည့်တော်တို့မှာ ထိုရဟန်းငယ်ပေး၍ ရပါသည်” ဟု လျှောက်ထားကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် “ ရဟန်းတို့ .... အာနန္ဒာကား ထိုရဟန်းငယ်အား မျက်နှာလိုက်၍ ပေးသည်မဟုတ်၊ ထိုရဟန်းသည် အာနန္ဒအား ကျေးဇူးများ၏။ ထို့ကြောင့် မိမိအား ကျေးဇူးပြုဖူးသူကို ကျေးဇူးတုံ့ကို ဆပ်သောအနေဖြင့် ပေးခြင်းသာ ဖြစ်သည်။ ရှေးပညာရှိတို့လည်း မိမိအး ကျေးဇူးပြုသောသူတို့အား ကျေးဇူးတုံ့ကို ပြန်၍ ဆပ်ဖူးကြသည်ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
ပြင်ဆင်ရန်သေးငယ်သတ္တဝါ ကျက်စားရာ
ပြင်ဆင်ရန်လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ခြင်္သေ့အမျိုး၌ ဖြစ်၍ တောင်ဂူတစ်ခုတွင် နေလေ၏။
တစ်နေ့သ၌ ထိုခြင်္သေ့မင်းသည် ဂူမှထွက်၍ တောင်ထိပ်၌ ရပ်လျက် တောင်ခြေရင်းသို့ ကြည့်လေ၏။ တောင်ခြေရင်းတွင် ရစ်ပတ်လျက် တည်သော အိုင်ကြီးတစ်ခုလည်း ရှိ၏။ ထိုအိုင်ကြီး၏ တစ်ခုသောမြင့်ရာ အထက်အရပ်၌ မာသော ညွန်အပြင်ဝယ် စိန်းလမ်းနုနယ်သော မြက်ပင်တို့သည် ပေါက်ကြကုန်၏။ မြေခွေး၊ ကြောင်၊ ယုန် စသော သေးငယ် ပေါ့ပါးသော သတ္တဝါတို့သည် ထိုညွန်အပြင်ဝယ် လှည့်လည် ကျက်စားကြကုန်၏။ ထိုနေ့၌ သမင်တစ်ကောင်သည် စိမ်းလန်းသောမြက်တို့ကို စားလျက်သွားလေ၏။
ခြင်္သေ့ညွန်နစ် တောင်းပန်လင့်
ပြင်ဆင်ရန်ထိုအခါ ခြင်္သေ့မင်းသည် သမင်ကို ဖမ်းမည်ဟု တောင်ထိပ်မှ ဆင်းကာ လျင်သောအဟုန်ဖြင့် လိုက်လေ၏။ သမင်လည်း သေဘေးမှ ကြောက်သဖြင့် မြည်လျက် ပြေးလေ၏။ ခြင်္သေ့မင်းသည် အဟုန်ကို မရပ်တန့်နိုင်တော့ဘဲ ညွန်အပြင်၌ကျ၍ ကျွံနစ်ကာ မတက်နိုင်တော့သဖြင့် ခုနစ်ရက်ပတ်လုံး အစာမစားရဘဲ နေလေ၏။
မြေခွေးတစ်ကောင်သည် ခြင်္သေ့မင်းကိုမြင်၍ ကြောက်သဖြင့် ပြေး၏။ ခြင်္သေ့မင်းသည် “အိုမြေခွေး ... မပြေးလင့် ငါ့မှာ ညွန်အပြင်၌ နစ်နေသည်၊ အသက်ကို ကယ်ဆယ်ပါ” ဟု ပြော၏။ “အရှင် ... ညွန်မှ ထုတ်လိုပါ၏၊ ထွက်လာလျှင် အကျွန်ုပ်ကို စားမည်မှ ကြောက်ပါသည်“ ဟု ပြောသောအခါ “မြေခွေး ... မကြောက်ပါလင့်၊ သင့်ကို ငါမစားပါ၊ သင့်အား ငါကျေးဇူးဆပ်ပါမည် တစ်နည်းနည်းနှင့် ညွန်မှ ထုတ်ယူပါ” ဟု ဝန်ခံပြောဆိုလေ၏။
ကျေးဇူးတုံ့ပြန် လုပ်ကျွေးရန်
ပြင်ဆင်ရန်မြေခွေးသည် ခြေင်္သေ့မင်း ဝန်ခံသဖြင့် ယုံကြည်စိတ်ချကာ ခြင်္သေ့မင်း ခြေလေးချောင်းတို့အပေါ်တွင် ညွန်တို့ကို ယက်ထုတ်၍ ရေမြောင်းလေးခုသွယ်ကာ ရေသွင်းလျက် ညွန်တို့ကို ပျော့လာအောင် စီမံလေ၏။ ညွန်တို့ ပျော့လာသဖြင့် ခြေလေးချောင်းတို့သည် ချောင်၍လာကုန်၏။ ထိုအခါ ေြခွေးသည် ခြင်္သေ့မင်း ဝမ်းဗိုက်အောက်သို့ဝင်၍ “အရှင် ... ကြိုးစားအားထုတ်ပါ” ဟု ကျယ်လောင်စွာ ညာသံပေးလျက် ဦးခေါင်းဖြင့် ရွက်ကာ ချီမလေ၏။ ခြင်္သေ့မင်းသည် လျင်သောအဟုန်ဖြင့် ညွန်မှ ခုန်တက်ပြီးလျှင် ကြည်းကုန်း၌တည်လေ၏။ အတန်ငယ် အပန်းဖြေလျက် အိုင်သို့ ဆင်းသက်ကာ ရေချိုး၍ ပူပန်ခြင်းကို ငြိမ်းစေပြီးလျှင် ကျွဲတစ်ကောင်ကို ကိုက်သတ်၍ အသားကိုထွင်ကာ “အို ကောင်းသောမြေခွေး . . . စားပါး” ဟု ပေးလေ၏။ မြေခွေး စားပြီးမှ မိမိ စားလေ၏။
ပေါင်းသင်းညီညာ လုပ်ကျွေးရှာ
ပြင်ဆင်ရန်တစ်ဖန် မြေခွေးသည် အသားတစ်တစ်ခု ကိုက်ချီလေ၏။ ခြင်္သေ့မင်းသည် “ကောင်းသောမြေခွေး ... ဘယ်သူ့အတွက် ချီသနည်း” ဟု မေးလေ၏။ “အရှင် ... အရှင်တို့ ကျွန်မအတွက် ချီပါသည်” ဟု ပြော၏။ “ကောင်းသောမြေခွေး ကိုက်ချီပါ” ဟု ဆို၍ မိမိလည်း ခြင်္သေ့မအတွက် သားတစ်တစ်ခုကို ကိုက်ချီပြီးလျှင် မြေခွေးကိုခေါ်၍ မိမိနေရာဂူသို့ ပြန်ကာ ခြင်္သေ့မအား ပေးလေ၏။ တစ်ဖန် မြေခွေးနှင့်အတူ မြေခွေးမထံ သွား၍ ကိုက်ချီလာသော သားတစ်ကို မြေခွေးမအား စားစေပြီးလျှင် မြေခွေးဖို၊ မြေခွေးမ နှစ်ဦးလုံးကို ခေါ်ယူကာ ဤနေ့မှစ၍ သင်တို့ကို ငါလုပ်ကျွေးမည်ဟု ဝန်ခံလျက် မိမိနေရာဂူ၏ အနီးတွင်ရှိသော ဂူတစ်ခုမှာ နေစေ၏။
ထိုနေ့မှစ၍ ခြင်္သေ့နှင့် မြေခွေးတို့သည် အစာရှာသွားသောအခါ အတူသွား၍ မိမိတို့ဝအောင် စားပြီးလျှင် အသီးအသီး အသားတစ် တစ်ခုစီချီကာ ခြင်္သေ့မနှင့် မြေခွေးမတို့ဖို့ ယူခဲ့ကြကုန်၏။ နောက် ကာလရှည်ကြာလတ်သော် ခြင်္သေ့မ၌ သားနှစ်ကောင်၊ မြေခွေးမ၌လည်း သားနှစ်ကောင် မွေးဖွားကြကုန်၏။ အလုံးစုံသော ခြင်္သေ့၊ မြေခွေးတို့သည် ချစ်ခင်ရင်းနှီးစွာ အညီအညွတ် နေကြကုန်၏။
ပေါင်းသင်းကြာလျှင် အပြစ်မြင်
ပြင်ဆင်ရန်တစ်နေ့သ၌ ခြင်္သေ့မသည် ဤခြင်္သေ့မင်းကား မြေခွေးဖို၊ မြေခွေးမ၊ မြေခွေးငယ်တို့အား အလွန်ချစ်ခင် မြတ်နိုးသည်။ မြေခွေးမနှင့် စပ်ယှက်ခြင်းရှိလိမ့်မည်။ မြေခွေးမကို ခြိမ်းခြောက်ကာ ဤအရပ်မှ ပြေးစေရမူ ကောင်းလိမ့်မည်ဟု ကြံစည်လျက် ခြင်္သေ့မင်းနှင့် မြေခွေးဖိုတို့ အစာရှာသွားသောအခါ မြေခွေးမအား ... “အဘယ်ကြောင့် သည်မှာလာနေသနည်း၊ အဘယ်ကြောင့် သည်အရပ်မှ မပြေးကြသေးသနည်း” ဟု ခြိမ်းခြောက် မောင်းမဲကာ နှိပ်စက်ညှဉ်းဆဲလေ၏။ ခြင်္သေ့ငယ်တို့ကလည်း မြေခွေးငယ်တို့အား နှိပ်စက်ညှဉ်းဆဲကြကုန်၏။
ထိုအခါ မြေခွေးမသည် မြေခွေးဖိုအား ထိုအကြောင်းကို ပြောကြားလေလျှင် မြေခွေးဖိုသည် “ရှင်မ .... ခြင်္သေ့မင်းခိုင်း၍ ခြင်္သေ့မက ဤလိုပြုလုပ်သလား မသိပါ၊ ဘယ်လိုပဲဖြစ်စေ ငါတို့နေသည်မှာ ကြာမြင့်ကြပြီ၊ ကြာမြင့်လျှင်လည်း မုန်းတီးမြဲ ဖြစ်သည်။ သို့အတွက် ငါတို့ သည်နေရာမှ သွားကုန်အံ့” ဟု တိုင်ပင်ကုန်၏။
ခြင်္သေ့တောင်းပန် ထွက်သွားရန်
ပြင်ဆင်ရန်မြေခွေးဖိုသည် ခြင်္သေ့မင်းထံသို့ကပ်၍ “အရှင် ... အရှင့်ထံမှာ အကျွန်ုပ်တို့ နေသည်မှာ ကြာမြင့်ပြီ၊ ကြာမြင့်စွာနေသောသူတို့အား မုန်းတီးမြဲ ဖြစ်သည်။ အကျွန်ုပ်တို့ အစာရှာသွားသောအခါ ခြင်္သေ့မသည် မြေခွေးမကို နှိပ်စက်ညှဉ်းဆဲသည်။ ခြင်္သေ့ငယ်တို့သည် မြေခွေးငယ်တို့ကို ညှဉ်းဆဲကြသည်” ဟု ပြောဆိုပြီးလျှင် တစ်ဖန် ခြင်္သေ့မင်းအား -
“အို ခြင်္သေ့မင်း ... အစိုးရသူတို့သည် မိမိထံ ခစားဆည်းကပ်နေသူကို သွားစေလိုသောအခါ နှင်ထုတ်နိုင်ခြင်းကို အရှင် သိသည်မဟုတ်ပါလော၊ နှိပ်စက်ညှဉ်းဆဲခြင်းကား အကျိုးမရှိပါ၊ အကျွန်ုပ်တို့အား ကိုးကွယ်ရာမှ ဘေးဖြစ်လာသောကြောင့် မိမိတို့နေရာသို့ ပြန်သွားကြပါမည်” ဟု ပြောဆိုလေ၏။ ခြင်္သေ့မင်းသည် မြေခွေးဖို စကားကိုကြားလျှင် -
ကျေးဇူးပြောပြ ဆိုဆုံးမ
ပြင်ဆင်ရန်ခြင်္သေ့မအား “အို ကောင်းသောခြင်္သေ့မ ... ဟိုစဉ်အခါ အစာရှာသွား၍ ခုနစ်ရက်တိုင်ကြာအောင်နေပြီးမှ မြေခွေးဖို၊ မြေခွေးမတို့နှင့် အတူပြန်လာသည်ကို သင် အမှတ်ရပါသလော” ဟု မေး၏။ “အရှင် ... အမှတ်ရပါသည်” ဟု ပြော၏။ “ခြင်္သေ့မ ... ခုနစ်ရက်တိုင်ကြာအောင် မလောဘဲ နေခြင်း အကြောင်းကို သိပါသလော” ဟု မေးပြန်၏။ “အရှင် ... မသိပါ” ဟု ပြောလေ၏။ “ခြင်္သေ့မ .... ငါ သားတစ်ကောင်ကို ဖမ်းရာ ညွန်အပြင်မှနစ်၍ မတက်နိုင်သဖြင့် ခုနစ်ရက် အစာမစားရဘဲနေခိုက် ဤမြေခွေးဖိုကယ်ဆယ်၍ ငါ့မှာ အသက်ချမ်းသာသည်။ ဤမြေခွေးဖိုကား ငါ့အသက်ကိုပေးသော အသက်သခင် ကျေးဇူးရှင် အဆွေခင်ပွန်း ဖြစ်သည်ဟု ဆိုပြီးလျှင် တစ်ဖန် ခြင်္သေ့မအား -
“အို ခြင်္သေ့မ ... အဆွေခင်ပွန်း မည်သည်မှာ အားနည်းသော်လည်း အဆွေခင်ပွန်းတို့ ကျင့်ဝတ်၌တည်ရှိပါမူ အမျိုးလည်းဖြစ်သည်၊ အဆွေခင်ပွန်းလည်း ဖြစ်သည်၊ မိတ်ဆွေလည်းဖြစ်သည်၊ အပေကါင်းအဖော်လည်း ဖြစ်သည်။ အသက်ကိုပေးသော အဆွေခင်ပွန်းဖြစ်သော ဤမြေခွေးဖိုကို လည်းကောင်း၊ ဤမြေခွေးမကိုလည်းကောင်း၊ မြေခွေးငယ်တို့ကို လည်းကောင်း မထီမဲ့မြင် မပြုပါလေနှင့် -
ဟု အကြောင်းပြကာ ဆုံးမတားမြစ်လေ၏။
သည်းခံနေရ ပျော်ရွှင်ကြ
ပြင်ဆင်ရန်ခြင်္သေ့မလည်း ခြင်္သေ့မင်း၏ စကားကိုကြားလျှင် မြေခွေးမကို သည်းခံစေလျက် ထိုနေ့မှစ၍ ခြင်္သေ့မ သားအမိတို့သည် မြေခွေးမ သားအမိတို့နှင့် အညီအညွတ် နေကြကုန်၏။ ခြင်္သေ့ငယ်တို့သည်လည်း မြေခွေးငယ်တို့နှင့် ဝမ်းမြောက်ဝမ်းသာ အတူတကွ ကစားကြကုန်၏။ မိဘတို့ သေလွန်သောအခါ၌လည်း အချစ်မပျက်ကြသေးဘဲ အဆွေခင်ပွန်း အဖြစ်၌ တည်ကြကုန်၏။ ထိုခြင်္သေ့ မြေခွေးတို့အား ဆွေခုနစ်ဆက်တိုင်အောင် အချစ်မပျက်ဘဲ အဆွေခင်ပွန်းအဖြစ်၌ တည်ကြကုန်၏။
ဤဒေသနာတော်၏ အဆုံး၌ တချို့သော ရဟန်တို့သည် သောတာပန်၊ တချို့ သကဒါဂါမ်၊ တချို့ အနာဂါမ်၊ တချို့ ရဟန္တာ အဖြစ်သို့ ရောက်ကြကုန်၏။
ဇာတ်ပေါင်း
ပြင်ဆင်ရန်ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ မြေခွေးသည် - ယခုအခါ အာနန္ဒာ။
ခြသေ့င်္မင်းသည် - ငါဘုရား ဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
ပြင်ဆင်ရန်(၁) မျိုး, ဆွေ, မိတ်, ဖော်၊ ဤလေးဖော်၊ လျော်အောင်ပေါင်းကြရာ။
(၂) အားနည်းသော်လျက်၊ ဝတ်မပျက်၊ နှစ်သက်ပေါင်းကြရာ။
(၃) ခုနစ်ဆွေဝေး၊ မိတ်ဆက်သေး၊ မြေခွေးခြင်္သေ့မှာ။
ဂုဏဇာတ် ပြီး၏။
ကိုးကား
ပြင်ဆင်ရန်- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။