ဇန်းဒါလာဖွန်တိန်းသည် ထိပ်တန်းဝင်ပြင်သစ်ကဗျာစာဆိုတစ်ဦးဖြစ်သည်။ သူသည် ၁၆၂၁ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့၌ ရှန်ပိန်းမြို့ရှိ ရှတိုးထီယယ်ရီရဲတိုက်တွင် ဖွားမြင်လေသည်။ သူ၏ဖခင်သည် ရှတိုးထီယယ်ရီနယ်စားကြီးပိုင်သော သစ်တောများတွင် တောအုပ်ဖြစ်သည်။ လာဖွန်တိန်းသည် မွေးချင်းပေါက်ဖော်များတွင် အကြီးဆုံးသားဖြစ်၍ ငယ်စဉ်က ရိမ်းကောလိပ်တွင်ပညာသင်ကြားခဲ့သည်။ ၁၆၄၇ ခုနှစ်တွင် ဖွန်တိန်းသည် ဖခင်၏ တောအုပ်ရာထူးကို ဆက်ခံရလေသည်။ အသက် ၁၆ နှစ်သာရှိသေးသော မာရီဟာရီကတ်ဆိုသူနှင့် လက်ထပ်ထိမ်းမြားခဲ့၍ ၁၆၅၃ ခုနှစ်တွင် လာဖွန်တိန်းတို့ ဇနီး မောင်နှံ ကွာရှင်းကြပြီးနောက် ၁၆၆၀ ပြည့်နှစ်ခန့်ကစ၍ တစ်မြေရပ်ခြားစီ နေထိုင်ခဲ့ကြလေသည်။ ဇနီးသည်ကား ရှတိုး၌ကျန်ရစ်ခဲ့၏။

လာဖွန်တိန်းသည် အသက် ၃၀ ကျော်အရွယ်ရောက်မှ စာပေရေးသားစပြုလေသည်။ ထိုစဉ်အခါက ခေတ်စားလျက်ရှိသော တေးသီချင်းခံဘွဲ့ကြီးများ၊ လင်္ကာတိုများနှင့်လင်္ကာပြန်ကဟပ်များကို စတင်ရေးစပ်ခဲ့လေသည်။ ၁၆၅၄ ခုနှစ်ဘာသာပြန်လုပ်ငန်းကို စတင်ဆောင်ရွက်၏။ ထို့နောက် ပြင်သစ်နိုင်ငံ စာပေလောက၌ ထင်ရှားကျော်စောသော နာယကလူကြီးဖူးကဲနှင့် မိတ်ဆက်မိသဖြင့် ၁၆၅၉ ခုနှစ်မှစ၍ လာဖွန်တိန်းသည် သူရေးသားပေးပို့သောကဗျာများနှင့် ရှေးစာဟောင်းများကို ဘာသာပြန်ပေးသည့်အတွက် ပြင်သစ်ငွေ ၁၀၀၀ ကို ပင်စင်အဖြစ်ဖြင့် ရရှိလေသည်။

လာဖွန်တိန်းသည် ကလေးများအဖို့ ဒဏ္ဍာရီပုံပြင်များကိုလည်း ရေးသားခဲ့သည်။ ရေးသားရာတွင် ပြင်သစ်ဘာသာဖြင့် ရေးသားခဲ့ပေရာ မူရင်းပြင်သစ်ဘာသာနှင့် ရေးခဲ့သော ပုံများကို ဖတ်ရှုရမှသာ စာရေးသူ၏ လက်စွမ်းကို ပိုမိုသိသာနိုင်ပေမည်ဖြစ်၏။ လာဖွန်တိန်းရေးသားခဲ့သောပုံများမှာ ဒဏ္ဍာရီပုံပြင်များဖြစ်သဖြင့် ကလေးများအဖို့လည်း ဖတ်ချင့်စဖွယ်ဖြစ်၏။ ထို့ပြင်တဝ ပုံပြင်များတွင် လူတို့၏ စိတ်နေသဘောထား အကျင့်စာရိတ္တတို့ကို ပွင့်လင်းစွာဖော်ပြထားသဖြင့် လူကြီးများကြိုက်နှစ်သက်သော စာအုပ်များလည်းဖြစ်ပေသည်။

လာဖွန်တိန်းသည် ရစင်၊ ဗွိုင်လို၊ မောလျဲတို့နှင့် တစ်ခေတ်တည်းပေါ်ပေါက်သော စာဆိုတစ်ဦးဖြစ်၍ ရစင်း၊ ဗွိုင်လို၊ မောလျဲနှင့် လာဖွန်တိန်းတို့သည် ပြင်သစ်စာပေသမိုင်းတွင် ထင်ရှားကျော်စောသော လေးဦးအကျော် စာဆိုတော်များဟုပင် ခေါ်ထိုက်သူများဖြစ်သည်။ အထူးသဖြင့် လာဖွန်တိန်းသည် ထင်ရှားသော ပြင်သစ်ပြဇာတ်ဆရာ မောလျဲနှင့် သက်တူရွယ်တူဖြစ်၍ ၁၇ ရာစုနှစ်တွင်းတွင် ထိုသူနှစ်ဦးတို့ရေးသားသော စာပေများမှာ အလွန်ခေတ်စားခဲ့လေသည်။ လာဖွန်တိန်းသည် ၁၆၆၄ ခုနှစ် တွင် ပြင်သစ်စာပေ၌ ထင်ရှားသော ကွန့်အမည်ရှိထပ်ပြောပုံပြင် ပထမတွဲကို ရေးသားထုတ်ဝေလေသည်။ လေးနှစ်ကြာသောအခါ ထိုစာအုပ်၏ ဒုတိယတွဲနှင့် ဒဏ္ဍာရီပုံပြင် ပထမခြောက်အုပ် ထွက်လာလေသည်။ ၁၆၇၉ ခုနှစ်တွင်ဒဏ္ဍာရီအပြင်ဒုတိယတွဲနှင့် ၁၆၉၃ ခုနှစ်တွင် တတိယတွဲ စာအုပ်များကို ထုတ်ဝေလေသည်။

လာဖွန်တိန်း၏ ဒဏ္ဍာရီပုံပြင်များတွင် လူ၏ အကျင့်စာဂများကို နှိုက်နှိုက်ချွတ်ချွတ် သရုပ်ဖော်ပြထားသည့်ပြင် ဖတ်ရလွယ်သော စကားအသုံးအနှုန်းများဖြင့် သီကုံးထားသော ကဗျာများဖြစ်ရာ ပြင်သစ်စာပေ၌ အလွန်ထင်ရှားပေသည်။ လာဖွန်တိန်းသည် ပြင်သစ်ပညာ့တံခွန်အသင်းတွင် အဖွဲ့ဝင်တစ်ဦးအဖြစ် ၁၆၈၄ခုနှစ်တွင် ရွေးကောက်တင်မြှောက်ခြင်းခံရသည်။ လာဖွန်တိန်းသည် ငယ်စဉ်ကစ၍ ဆင်းတောင့်ဆင်းရဲနှင့် နေခဲ့ရသည်ဟု မရှိချေ။ ပစ္စည်းဥစ္စာကြွယ်ဝသောမိန်းမနှင့် အိမ်ထောင်ကျခဲ့၏။ တစ်ဖန်ဇနီးသည်နှင့် ကွာရှင်းလိုက်ပြီးနောက် သူ့အားကူညီမှိုင်းမမည့်ပုဂ္ဂိုလ်များ တစ်ဦးပြီးတစ်ဦး ပေါ်ပေါက်ခဲ့၏။ တစ်ခါကလာဖွန်တိန်းသည် ပစ္စည်းကြွယ်ဝသူ အမျိုးသမီးတစ်ဦးဖြစ်သော မဒမ်ဒါလာဆပ်ဗလဲလျ၏ ဖိတ်ကြားချက်အရ သူ၏ထံ၌ အနှစ်နှစ်ဆယ်ကြာမျှ နေထိုင်ခဲ့ဖူးလေသည်။

ကဗျာစာဆိုကျော် ဇန်း ဒါ လာဖွန်တိန်းသည် ၁၆၉၅ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့တွင် ပါရစ်မြို့၌ အနိစ္စရောက်လေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)