ဂျီးန် ရာဆင်း (သို့) ရှောန် ရာဆီးန် (အင်္ဂလိပ်: Jean Racine) (ခရစ် ၁၆၃၉- ၁၆၉၉) သည် နာမည်ကျော်ပြင်သစ် ပြဇာတ်ရေး ဆရာ တစ်ဦး ဖြစ်သည်။ ၁၆၃၉ ခုနှစ်၌ ဖွားမြင်၍၊ ငယ်စဉ်ကပင် မိဘနှစ်ပါး သေဆုံးသဖြင့် အဖွားဖြစ်သူ လက်ထဲ၌ ကြီးပြင်းခဲ့ ရလေသည်။ သူသည် ကျောင်းသားဘဝကပင် ရှေးဂရိစာဆိုကြီး များ၏ စာကြီးပေကြီးများထဲမှ အထူးသဖြင့် ပြဇာတ်များ၌သာ ပျော်မွေ့ခဲ့လေသည်။ နောင်ကြီးပြင်းလာ၍ သူကိုယ်တိုင် ကဗျာပြဇာတ်များ ရေးသားသောအခါ ပြင်သစ်လူမျိုးများက ရဆင်းအား အကောင်းဆုံး ကဗျာပြဇာတ်ရေးဆရာအဖြစ်ဖြင့် အသိအမှတ်ပြုလာကြလေ သည်။ သူသည် ပြစ်သစ်အလွမ်း ကဗျာပြဇာတ်ကို ပထမဦးစွာ စတင်ရေးသားခဲ့သော ပြဇာတ်ရေးဆရာ ကော်နေးယီးထက် ပို၍ တော် မတော် အငြင်းပွားဖွယ်ရှိသော်လည်း သူ၏လက်ရာသည် မည်သူ့လက်ရာနှင့်မျှ မတူ တစ်မူခြားလျက်ရှိကြောင်းကိုကား ဝန်ခံကြရပေမည်။

ရဆင်း ဦးစွာ ရေးသားခဲ့သော ပြဇာတ်များတွင် သူ၏ အကောင်းဆုံး လက်ရာများဖြစ်သည့် အွန်ဒရိုမက် (၁၆၆၇)၊ ဗြိတန္နီကပ် (၁၆၆၉)၊ ဗဇာဇစ် (၁၆၇၂)၊ မစ်သရီဒေး (၁၆၇၃)၊ အီဇီဂျီနီ (၁၆၇၄)၊ ဖီဒရေ (၁၆၇၇) စသော ပြဇာတ်များ ပါဝင်သည်။ ဖီဒရေပြဇာတ်ကို ရေးခဲ့ပြီးနောက် အတော်ကြာအောင်ပင် ပြဇာတ်များ မရေးဘဲ နေခဲ့သည်။ ထိုသို့ မရေးဘဲ နေသည်မှာ သူနာမည်ကြီးလာသည်ကို မနာလိုသဖြင့် နာမည် ပျက်အောင် မကောင်းကြံကြသည်ကို စက်ဆုပ်သောကြောင့်လည်းကောင်း၊ သူငယ်စဉ်က လေ့ကျက်လာခဲ့ရသော အယူဝါဒဆိုင်ရာ ယူဆ ချက်များကြောင့်လည်းကောင်း ဖြစ်လေသည်။ သူ၏ဆွေမျိုးသည် အယူဝါဒတွင် အထူးပင် လေးစားကိုင်းရှိုင်းသူများ ဖြစ်၍ ပြဇာတ် များကြည့်ခြင်း၊ ရေးသားခြင်း စသော အပျော်အပါးလိုက်စားမှုများကို မပြုလုပ်ရန် အမြဲပင် တားမြစ်ခဲ့လေသည်။ ၁၆၈၉ ခုနှစ်တွင် ရေးသားခဲ့သော အက်ဝသာ ပြဇာတ်တို့သည် အယူဝါဒဆိုင်ရာ ပြဇာတ်များဖြစ်၍၊ ယင်းတို့သည်လည်း သူ၏ အကောင်းဆုံးလက်ရာများတွင် ပါဝင်ပေသည်။

ရဆင်းသည် ပါရစ်မြို့တွင် နေထိုင်ခဲ့စဉ်က စာပေလောက၌ ထင်ရှားခဲ့သော ပုဂ္ဂိုလ်များဖြစ်သည့် နစ်ကလက်ဗွာလို၊ လာဖွန်တိန်း၊ မောလျဲတို့နှင့် ချစ်ကျွမ်းဝင်ခဲ့လေသည်။ ရဆင်းသည် သူ၏ပြဇာတ်အားလုံးကို ကဗျာလင်္ကာသွား ဖြင့် ရေးသားခဲ့သည်။ သူ့ပြဇာတ်များကို သူ့မူနှင့် သူဆိုရ လောက်အောင် တစ်မျိုးတည်းနှင့် ရေးသားခဲ့သော်လည်း ဇာတ်ကောင်များ၏ သရုပ်ကို ဖော်ရာတွင် ပြတ်သားလှသည့် ပြင်၊ ပြဇာတ်ဂုဏ်နှင့်လည်း ပြည့်စုံသည်။ အထူးသဖြင့် မိန်းမများ၏သရုပ်ကို ဖော်ရာတွင်ကား ရဆင်းသည် အထူးပင် ကျွမ်း ကျင်လှပေသည်။ သို့သော် သူ၏ပြဇာတ်များကို ပညာတတ် ပရိသတ်အတွက် ရေးသားခဲ့ရာ အောက်တန်းစားလူထုကမူ မနှစ်သက်ကြချေ။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)