ဂျာမန်စာပေ
အင်ဒိုယူရိုပီယန် ဘာသာမျိုးရင်း (ဝါ) အာရိယန် ဘာသာ မျိုးရင်းမှ ပေါက်ပွားခဲ့သော ဂျာမန်ဘာသာစာပေတွင် 'ဟစ်လ ဒဗရန်း' လင်္ကာကြီးခေတ်မှစ၍ အဆင့်ဆင့် တိုးတက်လာပုံကို ဤအကြောင်းရပ်၌ ဖော်ပြထားသည်။ လူသာ၊ ဂါတာ၊ ရှီးလား၊ လုဒဗစ် စသော ပုဂ္ဂိုလ်များမှာ ဂျာမန်စာပေသမိုင်း တွင် ထင်ရှားသူများ ဖြစ်ပေသည်။
ဘာသာစကားရပ် ပညာအလိုအားဖြင့် ဂျာမန်ဘာသာသည် အင်္ဂလိပ်ဘာသာ၊ စကန်ဒီနေဗေးယန်းဘာသာ၊ ဂရိဘာသာ၊ အိုင်ရေးနီယန်ဘာသာ၊ သက္ကဋဘာသာ စသည်တို့၏ အရင်းခံ ဖြစ်သော အင်ဒိုယူရိုပီယန် ဘာသာမျိုးရင်းတွင် အပါအဝင် ဖြစ်သည်။ အချို့ဘာသာ စကားရပ်ပညာရှင်တို့က အင်ဒိုယူရို ပီယန် ဘာသာမျိုးရင်းကိုပင် အာရိယန်ဘာသာမျိုးရင်းဟု ယနေ့ တိုင် ခေါ်ဆိုလျက် ရှိကြသည်။ ထိုဘာသာမျိုးရင်းမှခွဲလာသော ရှေးဟောင်းဂျာမန်ဘာသာကို လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ ခန့်က စကန်ဒီနေးဗီးယား တောင်ပိုင်းနှင့် ဒိန်းမတ်နယ်တို့တွင် ပြောဆိုကြသည်။ ထို့နောက်၌ကား ယင်းရှေးဟောင်း ဂျာမန် ဘာသာသည် ဒေသအလိုက် ကွဲပြားပြန်ရာ အထက်ပိုင်း ဂျာမန် ဘာသာနှင့် အောက်ပိုင်း ဂျာမန်ဘာသာဟူ၍ ဖြစ်လာပြန်သည်။ အထက်ပိုင်း ဂျာမန်ဘာသာကို ဂျာမနီအလယ်ပိုင်းနှင့် တောင် ပိုင်း ကုန်းမြင့်ဒေသများ၌ ပြောဆိုကြသည်။ အောက်ပိုင်းဂျာမန် ဘာသာကိုမူ ဂျာမနီမြောက်ပိုင်း အနိမ့်ဒေသများ၌ ပြောဆိုကြ သည်။ ယခုခေတ် ဂျာမနီနိုင်ငံ အနှံ့အပြား၌ အထက်ပိုင်း ဂျာမန်ဘာသာလျှင် လွှမ်းမိုး၍ နေလေသည်။
လူမျိုးတစ်မျိုး၏ စာပေကို မူလမှစ၍ စစ်ဆေးသုံးသပ် ကြည့်လျှင် မူလတွင် ပါးစပ်မှ ရွတ်ဖတ်သီဆိုသော ရာဇဝင် သမိုင်း မော်ကွန်းတို့မှ အစပြုသည်ကို တွေ့ကြရသည်။ ဤ ဓမ္မတာအတိုင်း ခရစ်ယာန် အယူဝါဒထွန်ကားလာသော ရှား လမိန်း ဧကရာဇ်ဘုရင်လက်ထက်မတိုင်မီ ဂျာမနစ်(ဝါ)ဂျာမန် နွယ်လူမျိုးစုတို့၏ စာပေမှာ နှုတ်ဖြင့် သီဆိုသော စာပေ ဖြစ် သည်။ ယင်းတို့ သီဆိုကြသော သမိုင်း၊ လင်္ကာ၊ မော်ကွန်း စသည်တို့မှာ နတ်များ၊ အာဇာနည်ပုဂ္ဂိုလ်များက ဘီလူး ကုမ္ဘဏ်၊ ရက္ခိုက်တို့ကို မည်သို့ နှိမ်နင်းကြောင်းကို ဖွဲ့နွဲ့၏။ ဤသို့နှုတ်ဖြင့်သီဆိုကြသော လင်္ကာမော်ကွန်းတို့သည် သားစဉ် မြေးဆက်အထိ ဆက်လက်တည်ရှိခဲ့ရာ အက္ခရာဖြင့် ရေးသား သောခေတ်ရောက်သော် ရေးသော စာပေအနေဖြင့် ထွန်းကား ၍ လာပြန်သည်။ ယင်းကဲ့သို့ နှုတ်ဖြင့် သီဆိုခဲ့သည်ကို စာဖြင့် မှတ်တမ်းတင်သော သာဓကတစ်ရပ်မှာ ခရစ်နှစ် ၈ဝဝ လောက် က ရေးသားသည်ဟု ယူဆရသည့် 'ဟစ်လဒဗရန်း' လင်္ကာကြီး ဖြစ်သည်။ ထိုလင်္ကာတွင် သားအဖနှစ်ဦးတို့ စစ်ထိုး၍ ကြေကွဲ ဖွယ် ဖြစ်ရသည်ကို ဖွဲ့နွဲ့ထား၏။
အက္ခရာပေါ်ပြီဟု ယူဆရသော ခရစ် ၇၅ဝ ခုနှစ်မှသည် ၁ဝ၅ဝ ပြည့်နှစ်အထိ ခေတ်မှာ ရှေးဟောင်းအထက်ပိုင်း ဂျာမန် စာပေခေတ်ဖြစ်လေသည်။ ထိုခေတ်အတွင်းတွင် ဘာသာရေး ဆိုင်ရာ စာပေများ ထွန်းကားခဲ့သည်။ နှိုင်းယှဉ်ပြရသော် မြန်မာ စာပေသမိုင်းတွင် ဘုရားဟောသုတ္တန်ဒေသနာတို့ကို ပါဠိမှ မြန်မာသို့ အနက်ပြန်၍ ပျို့အစောင်စောင် ဖွဲ့ဆိုသီကုံးကြသကဲ့ သို့ ဖြစ်သည်။ ထိုခေတ်၌ သမ္မာကျမ်းစာတို့ကို လက်တင် ဘာသာမှ ဂျာမန်ဘာသာသို့ ပြန်ဆိုကြသည်။ ခရစ် ၈၃ဝ ပြည့် နှစ်တွင် ဓမ္မသတ်ကျမ်းကို အလင်္ကာဖြင့် သီကုံးရေးဖွဲ့သည်။
ခရစ် ၁၁ဝဝ နှင့် ၁၂ဝဝ ခုနှစ်အတွင်းတွင် ဂျာမန်သူရဲ ကောင်းတို့ ထွန်းကား၍၊ တန်ခိုးအရှိန်အဝါကြီးလာကြသည်။ ထိုသူရဲကောင်းတို့သည် ကရူးဆိတ်ခေါ် အယူဝါဒနှင့် စပ်လျဉ်းသော စစ်ပွဲများ ဖြစ်ပေါ်လာသောအခါ ဒေသအနှံ့အပြားသို့ ရောက်ပေါက်လာကြသည်။ ဤသို့ မိမိနိုင်ငံ၏ အပြင်ဘက်၌ ရှိသော အခြားနိုင်ငံသူရဲကောင်းများနှင့် တွေ့ဆုံ၍ နှီးနှောခွင့် ရလေသော် ဂျာမန်သူရဲကောင်းတို့သည် ပြင်သစ်၊ ရောမ၊ ဂရိ စာပေ အရသာတို့ကို မိမိနိုင်ငံတွင်း၌ ဖြန့်ချလာကြသည်။
ထိုကြောင့် ထရိုဂျန်စစ်ပွဲအကြောင်း၊ အယ်လက်ဇန္နားဘုရင်၏ စွန့်စားခြင်းအကြောင်း၊ အီးနီးယပ်၏ ခရီးလှည့်ခြင်းအကြောင်း စသည်တို့သည် ဂျာမန်စာပေ၌လည်း တွေ့ရှိလာရသည်။ အထူးသဖြင့် ထိုခေတ်က ပြင်သစ်နိုင်ငံတွင် အလင်္ကာနည်းသစ် တစ်ခုသည် ခေတ်စားခဲ့သည်။ ထိုအလင်္ကာနည်းသစ်သည် ဩကာသလောကအဝန်းနှင့် အချစ်ကို ဦးစားပြုကာ ဖွဲ့နွဲ့သော သဘော ရှိသည်။ ဤသည်ကို အတုယူ၍ ဂျာမန်စာပေ လောကတွင် အချစ်ကို ဖွဲ့နွဲ့သော မှာတမ်းရတုမျိုး ထွန်းကား လာခဲ့သည်။
ခရစ် ၁၈၈ဝ ပြည့်နှစ်တဝိုက်၌ ကျွန်ုပ်တို့၏ နန်းတွင်းဇာတ် တော်ကြီးများကဲ့သို့သော နန်းတွင်းအက်ပစ်ကဗျာများ ထွန်းကား လာပြန်လေသည်။ ဤခေတ်၌လည်း ပြင်သစ်စာပေ အရှိန်ဩဇာ သည် လွှမ်းမိုးလျက်ပင် ရှိခဲ့သည်။ ထိုနန်းတွင်းကဗျာတို့တွင် သူရဲကောင်းတို့ မြင်းစီးချင်းစစ်ထိုးသည့်ပွဲများအကြောင်း၊ အချစ် အကြောင်း၊ မှော်ဝိဇ္ဇာအကြောင်း စသည်တို့ကို ဖွဲ့နွဲ့ကြသည်။ ဂျာမန်စာပေတွင် ထင်ရှားခဲ့သည့်ဆီးဖရစ်သူရဲကောင်းအကြောင်း ကဗျာတို့မှာလည်း ခရစ် ၁၂ဝဝ ပြည့်နှစ် လောက်တွင် ခေတ် စားခဲ့သည်။
ဤခေတ်တွင် မှာတမ်းစပ်ဆိုနည်းများ တိုးတက်လာလေ သည်။ စည်းကမ်းလည်း ကြီးလာသည်။ မှာတမ်းနှင့် နန်းတွင်း ဇာတ်တော်များ ပေါ်ပေါက်နေသည့်အထဲဝယ် သာမန်အရပ်သူ အရပ်သားတို့၏ ရှေးရိုးသီချင်းများသည်လည်း တွင်ကျယ်လျက် ရှိပေသည်။
ခရစ်ယာန် သာသနာ့ အရေးတော်ပုံကြီးကို ဂျာမနီနိုင်ငံ၌ မာတင်လူသာက စတင်လုပ်ဆောင်သောအခါ သမ္မာကျမ်းစာကို မာတင်လူသာ ကိုယ်တိုင်ပင် ဂျာမန်ဘာသာပြန်ဆိုသည်။ သူ့ လက်ထက် မတိုင်မီက ဂျာမန်စာပေမှာ ဘာသန္တရအားဖြင့် အမျိုးမျိုး ကွဲပြားခြားနားနေခဲ့ရာ သမ္မာကျမ်းစာကို ဘာသာ ပြန်ပြီးသည့်နောက်၌ကား ဂျာမန်စာပေသည် မူတစ်မျိုးတည်း ဖြစ် လာသည်။ ဆိုလိုရင်းကား ဂျာမန်စကား၌ ဒေသန္တရမူ အမျိုးမျိုး ကွဲပြားခြားနားရာမှ မာတင်လူသာ၏ သမ္မာကျမ်းစာ ကြောင့် ဂျာမန်ဘာသာစကားရပ် အမျိုးမျိုးတို့သည် တစ်မျိုး တည်း ဖြစ်လာသော ဟူ၏။
ယခုဖော်ပြခဲ့သောခေတ်ကို အလယ်ခေတ်ဟု ခြုံ၍ခေါ်၏။
အလယ်ခေတ်၏ နောက်ပိုင်း၌ နှစ်သုံးဆယ်စစ်ပွဲကြီးသည်
ဥရောပတစ်တိုက်လုံးကို တုန်လှုပ်ချောက်ချားစေခဲ့ရာ ဂျာမနီ
နိုင်ငံသည် များစွာ ပျက်စီးခဲ့သည်။ သို့ရာတွင် ထိုပျက်စီးမှုများ
အကြားမှ ဂျာမန်တို့၏ အလယ်ခေတ်ဝတ္ထုများ ပေါ်ပေါက်
လာသည်။ ထိုခေတ်၏ ကြေးမုံပြင်နှင့်တူသော ဂရင်မဲရှောဆင်
(ခရစ် ၁၆၂၅-၇၆) ရေးခဲ့သော 'ဆင်ပလစ္စစ္ဆိမပ်'ဝတ္ထုမှာ နှစ်
သုံးဆယ်စစ်ပွဲကြီး၏ အဖျက်သဘောကို မှတ်တမ်းတင်ခဲ့သည်။
ထိုဝတ္ထုကြီးပေါ်ပေါက်ပြီး များမကြာမီတွင် အင်္ဂလန်ပြည်၌
ယင်းနှင့်အလားတူ 'ရော်ဘင်ဆန်ကရူးဆိုး'ဝတ္ထု ပေါ်ပေါက်လာ
သည်။
အလယ်ခေတ်၏ နောက်ပိုင်းမှာကား ဂျာမန်စာပေ၏ ရီနေဆွန်းခေါ် ဉာဏ်သစ် အရေးတော်ပုံခေတ် ဖြစ်လေသည်။ ၁၈ ရာစုနှစ်တွင် အင်္ဂလိပ်ကဗျာဆရာ မီလတန်၏ 'ဆုံးခဲ့ ပေါ့ ပြည်နတ်ရွာ'ဟူသောကဗျာကို အတုယူ၍ 'မက်ဆီအတ်' ခေါ် ကဗျာကို ကလော့စတော့ (ခရစ်၁၇၂၄-၁၈ဝ၃)က ရေးခဲ့သည်။ ဤကဗျာ၏ အရေးပါပုံကား ဂျာမန်စာပေတွင် ပြင်သစ်နှင့် လက်တင်စာပေတို့၏ ဩဇာကို တွန်းလှန် ပယ်ဖျက်သည့်သဘောပါသည့်အတွက် ဖြစ်သည်။ ကလော့စတော့သည် ခေတ်သစ်ဂျာမန်စာပေကို ပထမဦးစွာ ပြုစုခဲ့သည်။ သို့ရာတွင် ဂျာမန်စာပေ၌ ခေတ်နှင့်မညီသော စာပေနည်းနိဿယတို့ကို ခေါင်းဆောင်ပြုကာ တော်လှန်သူကား ယိုဟန်းဟာဒါ(ခရစ် ၁၇၄၄-၁၈ဝ၃) ဖြစ်သည်။ ဟာဒါ၏ စာပေမှာ လူ့သမိုင်းဖြစ်စဉ် သင်္ခါရကို သုံးလိုသော သဘောပါ သည် ဖြစ်ရကား၊ ထိုခေတ်လူငယ်အများ၏ စိတ်နှလုံးကို သိမ်းကျုံးဆွဲဆောင်နိုင်ခဲ့သည်။ ဟာဒါးအား ဆရာအမှတ်ဖြင့် ဆည်းကပ်သူမှာ ကမ္ဘာကျော် 'ဖော့'လင်္ကာကြီးကို ရေးသူ ယိုဟန်းဂါတာ (ခရစ် ၁၇၄၉-၁၈၃၂) ဖြစ်သည်။
ဂါတာ၏ သူငယ်ချင်းဖြစ်သူမှာ ပြဇာတ်ဆရာ
ယိုဟန်းဖရီးဒရစ်ရှီးလား (ခရစ် ၁၇၅၉-၉၃) ဖြစ်သည်။
သူတို့နှစ်ဦးနှင့်ဟာဒါသည် ဂျာမန်စာပေ၌ ပြင်သစ်ဩဇာ
လွှမ်းမိုးခြင်းအား တော်လှန်သော ခေတ်တစ်ခေတ်ကို
ထူထောင်ခဲ့ကြလေသည်။ ခရစ်၁၈ဝဝပြည့်နှစ်မှလွန်လေသော်
ဂျာမန်စာပေခေတ်မှာစိတ်ကူးယဉ်ခေတ်ဖြစ်လေသည်။
ထိုစိတ်ကူးယဉ်ခေတတ် အတွင်း၌ ဂရင်းညီနောင်တို့၏
ဒဏ္ဍာရီများ ထွန်းကားလာ သည်။
ထိုခေတ်ထဲတွင် ရှူးဗတ်၊ ရှူးမန်း၊ မင်ဒယ်ဇုန်၊ ဗရမ်း၊ ဝုနှင့် စထရောက်တည်းဟူသော ဂီတအနုပညာရှင်များ၏ တေးဂီတတို့မှာ အထက်ဖော်ပြပါ စိတ်ကူး ယဉ်ကဗျာများကို မှီ၍ စပ်ဆိုခြင်း ဖြစ်သည်။ ထို့ပြင် ထိုခေတ်အတွင်း၌ ကမ္ဘာကျော် ဗတ်ဂနာ၊ ရှိုပင်ဟော စသော ဂီတဆရာများအပြင်၊ နာဇီခေါ် နတ်ဆီဝါဒ၏ ရှေ့ဆောင်ရှေ့ပြေးဖြစ်သူ နီးချယ်တို့ လည်း ထွန်းကားလာခဲ့သည်။
၁၉ ရာစုနှစ်၏ အလယ်ပိုင်းခေတ်တွင် နိုင်ငံရေး လှုပ်ရှားမှု များ ရှိခဲ့သည်။ နိုင်ငံရေးအရ တော်လှန်ရေးများ ပေါ်ပေါက် နေစဉ် ထိုတော်လှန်ရေးတို့သည် စာပေ၌လာ၍ အရောင်ဟပ် လေသည်။ ထိုအခါ စာပေသမားတို့သည် သတင်းစာ၊ ဆောင်း ပါး၊ ဝတ္ထု အစရှိသည်တို့၌ စိုးမိုးသူတို့ကို ဝေဖန်ကြသည်။ ယင်းတို့အထဲတွင် ဟိုင်းနရစ်ဟိုင်းန (ခရစ် ၁၇၉၇-၁၈၅၆) သည် ရတုဆန်သော လစ်ရစ်ကဗျာများ၌ သူ၏ပြင်းပြသော နိုင်ငံရေးဝါဒစွဲတို့ကို ထည့်သွင်းစပ်ဆိုသည်။ ဟိုင်းနယ် နှောင်း ခေတ်ကို အတော်အတန် လွှမ်းမိုးနိုင်ခဲ့လေသည်။
၁၉ ရာစုနှစ်အတွင်း၌ ပေါ်ပေါက်လာသော ဂျာမန်သတ္ထုနှင့် ပြဇာတ်တို့သည် ဖြေဖျော်မှုကို အရေးထားသည်ထက် လူ့စရိုက် နှင့် လူ့ဘောင်အဖွဲ့အစည်းတို့မှ ပေါ်ပေါက်လာသော ပြဿနာ ရပ်တို့ကို ပိုမို၍ အရေးထားကြလေသည်။ ရာဇဝင်ဝတ္ထုဟု ခေါ်လေ့ရှိသော လူ့သမိုင်းနှင့်ဆိုင်သည့် ဝတ္ထုများလည်း ထွန်း ကားခဲ့သည်။ ထို့အပြင်ဝတ္ထုများတွင် ယထာဘူတပညာသဘော တို့ကို သွတ်သွင်းလာကြသည်။ ပြဇာတ်တို့တွင် ဘဝဒုက္ခသစ္စာ နှင့် ထိုဒုက္ခမှ လွတ်မြောက်စေရန် ဖြေရှင်းဖို့ရာ ပြဿနာများ ကို ဖော်ပြကြလေသည်။
ပထမကမ္ဘာစစ်အပြီးတွင် စစ်ဒဏ်ကြောင့် ပျက်စီးနေသော ဂျာမနီ၏သဘာဝကိုအဘက်ဘက်မှနေ၍ သရုပ်ဖော်ပြုကြသည်။ ဇနုပ္ပတ္တိခေါ် ပုဂ္ဂိုလ်ကျော်တို့၏ အတ္ထုပ္ပတ္တိကို ရေးသားရာ၌ ကမ္ဘာကျော်ခဲ့သော အေမီးလုဗစ်သည်လည်း ထိုခေတ်၏ စာပေခေါင်းဆောင်ကြီးတစ်ဦးပင် ဖြစ်လေသည်။ ထို့ပြင် ခေတ် ဝတ္ထုလောက၌လည်း တောမတ်မန်းသည် လောကသဘာဝ၊ လူ့သဘာဝအဖွဲ့အနွဲ့တို့၌ ကောင်းသည်ဟု ထင်ရှားကျော်စော ခဲ့လေသည်။
ထို့နောက် စာပေလောကကို ပါတီရေးဝါဒများ တဖြည်း ဖြည်း လွှမ်းမိုးခဲ့လေသည်။ ဂျာမနီနိုင်ငံတွင် အမျိုးသားဆိုရှယ် လစ်ပါတီ(နတ်ဆီ) တန်ခိုးတက်လာရာ သူတို့ပါတီ၏ ဝါဒနှင့် ကိုက်ညီသော စာရေးဆရာများကိုသာ မြှောက်စား၍ သူတို့ဝါဒ နှင့် ဆန့်ကျင်သူများအား တရားမဲ့နှိမ်လျက် ရှိလေရာ အထူး သဖြင့် ယဟူဒီလူမျိုး စာရေးဆရာများနှင့် နိုင်ငံရေးမျှတမှုကို လိုလားသော လက်ဝဲစာရေးဆရာကြီးများသည် အခြားနိုင်ငံသို့ တိမ်းရှောင်၍ နေကြရလေသည်။ ဂျာမန်ဝတ္ထုရေးဆရာကြီး နာမည်ကျော် တောမတ်မန်းမူကား ဂျာမနီနိုင်ငံကိုပင် စိတ်နာ ကာ ဂျာမနီနိုင်ငံမှ ထွက်ခွာ၍ ဂျာမန်နိုင်ငံသားအဖြစ်မှ စွန့် လွှတ်ပြီးလျှင် အမေရိကန်နိုင်ငံသားအဖြစ် ခံယူလိုက်လေသည်။ ယခုအခါ ကာလီဖိုးနီးယားနယ်တွင် နေထိုင်၍ အမေရိကန် စာရေးဆရာအဖြစ် စာပေများ ရေးသားလျက်ရှိသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)