ဂျိမ်းဘုရင်များ(အင်္ဂလိပ်)

ဂျိမ်းဘုရင်များ(အင်္ဂလိပ်)

ပြင်ဆင်ရန်

အင်္ဂလိပ်သမိုင်းတွင် ဂျိမ်းအမည်ခံ ဘုရင်နှစ်ပါးရှိခဲ့ဖူးလေ သည်။ ထိုဂျိမ်းဘုရင်နှစ်ပါး၏ သက်ဦးဆံပိုင်ဆန်ဆန် စိုးမိုးမှု ကို အင်္ဂလန်ပြည်သူပြည်သားများတို့ ရွံရှာမုန်းတီးကြသဖြင့် ဂျိမ်းဟူသောအမည်ကို နောက်မင်းများ ဆက်လက်အသုံးပြုဟန် မတူချေ။


ပထမဂျိမ်းဘုရင် (ခရစ် ၁၅၆၆-၁၆၂၅)

ပြင်ဆင်ရန်

ပထမဂျိမ်းဘုရင်သည် စကော့တလန်ပြည့်ရှင် မေရီဘုရင်မ နှင့် လော့ဒန်လီတို့၏ သားတော်ဖြစ်၏။ ၁၅၆၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင် အက်ဒင်ဗာရာရဲတိုက်ကြီး၌ ဖွားမြင်ခဲ့လေ သည်။ ၁၅၆၇ ခုနှစ်တွင် မယ်တော်မေရီဘုရင်မသည် တိုင်းသူ ပြည်သားများ ဆူပူမှုကြောင့် ထီးနန်းစွန့်လွှတ်ပေးရသောအခါ သားတော်ဂျိမ်းသည် စကော့တလန်ပြည် ဆဋ္ဌမဂျိမ်းဘုရင်အဖြစ် စကော့တလန်ထီးနန်းကို ဆက်ခံရသည်။ ထိုစဉ်က ဂျိမ်းမှာ ကလေးအရွယ် လူမမယ်မျှသာ ရှိသေးသဖြင့် ရင်ခွက်ပိုက်အဖွဲ့နှင့် တိုင်းပြည်ကို အုပ်ချုပ်ရသည်ဖြစ်ရာ ရင်ခွင်ပိုက်အုပ်စိုးလိုသော မှူးမျိုးမတ်နွယ်များ ရာထူးလုမှုကြောင့် တိုင်းပြည်မငြိမ်မသက် နှင့် ပြည်တွင်းစစ်များ ဖြစ်ခဲ့ရလေ၏။

၁၅၈၂ ခုနှစ်တွင် ပရိုတက်စတန့်ဂိုဏ်းဝင်များက ဂျိမ်းအား ဖမ်း၍ တစ်နှစ်ခန့်အချုပ်နှင့် ထားခဲ့ဖူးသည်။ ၁၅၈၃ ခုနှစ်မှ အချုပ်မှ လွတ်မြောက်သည့်နေ့မှအစပြု၍ ဂျိမ်းသည် တိုင်း ပြည်ရင်ခွင်ပိုက်အဖွဲ့ဖြင့် မအုပ်စိုးတော့ဘဲ ကိုယ်တိုင်ပင် အုပ်စိုး လေတော့သည်။

၁၆ဝ၃ ခုနှစ်၌ အင်္ဂလန်ပြည့်ရှင် အယ်လစ်ဇဗက်ဘုရင်မ နတ်ရွာစံသောအခါ ဂျိမ်းဘုရင်လည်း ပထမဂျိမ်းအဖြစ်နှင့် အင်္ဂလန်ထီးနန်းကို ဆက်ခံစိုးစံရပြန်သည်။ စကော့တလန်ပြည် နှင့် အင်္ဂလန်ပြည်သည် ဤနည်းအားဖြင့် ဘုရင်တစ်ပါးတည်း ၏ အုပ်ချုပ်စိုးစံခြင်းခံရသော်လည်း နိုင်ငံရေးအရမူ အန်ဘုရင်မ လက်ထက်တိုင် စည်းရုံးခြင်း မရှိခဲ့ချေ။ ပထမဂျိမ်းဘုရင်သည် ငယ်စဉ်က ကျန်းမာရေးချို့တဲ့ရှာ သဖြင့် ကိုယ်အောက်ပိုင်းကောင်းစွာ မသန်ရကား အသက် ၇ နှစ် အရွယ်တိုင်အောင် အကိုင်မရှိဘဲ မထနိုင်ချေ။ ဘုရင် ဖြစ်လာသည့်တိုင်အောင် ခေါင်းကြီးကိုယ်သေး ဖြစ်နေရရှာ သဖြင့် ရာဇရုပ် မပေါ်လွင်လှချေ။

ပထမဂျိမ်းသည် ထီးနန်းကို သိမ်းပိုက်အုပ်စိုးနိုင်သည့်အချိန် မှစ၍ ဘုရင်ဟူသည် ဘုရားသခင်ကအုပ်စိုးနိုင်ခွင့်ပေးထားသည် ဟူသော ဝါဒကို စွဲမြဲယုံကြည်ခဲ့သည်။ ထိုဝါဒအရ ဘုရင်တို့၏ အခွင့်အရေး တန်ခိုးအာဏာသည် ဘုရားသခင်ထံမှ ရရှိသော ကြောင့် ဘုရင်များသည် လူထု၏ဆန္ဒကို လိုက်လျောရန်မလိုဘဲ အုပ်ချုပ်ပိုင်ခွင့် ရှိသည်ဟု ယုံကြည်လေသည်။ သို့ဖြစ်ရကား အင်္ဂလိပ်ပါလီမန်နှင့် ဘုရင်တို့ မကြာခဏ အချင်းများကြရ ပြီးလျှင် ပထမဂျိမ်းဘုရင် ဆောင်ရွက်ပေးသမျှကို အင်္ဂလိပ်မှူး မတ်မျိုးများ၊ ပြည်သူပြည်သားများက သဘောကျ ကျေနပ် သည်ဟူ၍ မရှိခဲ့ချေ။

ပထမဂျိမ်းသည် စတာလင်ရဲတိုက်တွင် နေထိုင်စဉ် ငယ်ငယ် ကပင် အယူဝါဒတရားကို ကျနစွာ သင်ယူလေ့လာခဲ့၏။ မယ် တော်မှာ ဗရင်ဂျီဂိုဏ်းဝင် ဖြစ်လင့်ကစား ဂျိမ်းဘုရင်မှာမူ ပရို တက် စတန့်ဂိုဏ်းကို လေးလေးနက်နက် သက်ဝင်ယုံကြည်သူ တစ်ယောက် ဖြစ်သည်။ တိုင်းသူပြည်သားတို့အားလည်း အယူ ဝါဒတရား၌ လွတ်လပ်စွာ ကိုးကွယ်ခွင့်မပေးဘဲ ရေဖျန်းဂိုဏ်း သို့ ဝင်စေသည်။ ထို့ကြောင့် ဗရင်ဂျီဂိုဏ်းဝင်များနှင့် ပျူရီတန် များကို များစွာ ည|ဉ်းပန်း နှိပ်ကွပ်ခြင်းပြုရာ ဗရင်ဂျီဂိုဏ်းဝင် အချို့သည် ၁၆ဝ၅ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့ ပါလီမန် ဖွင့်ပွဲ၌ ပါလီမန်ကို ဖောက်ခွဲဖျက်ဆီးကာ ဗရင်ဂျီဂိုဏ်းဝင် တစ်ဦးအား နန်းတင်ရန် ကြံစည်ခဲ့သည်။ သို့သော် ထိုအကြံမှာ ပေါက်ကြားသွားသဖြင့် ခေါင်းဆောင်များမှာ ကွပ်မျက်သတ် ဖြတ်ခြင်း ခံရသည်။ ပျူရီတန်တို့သည်လည်း ဘုရင်၏ ဖိနှိပ် ချုပ်ချယ်မှုကို မခံနိုင်ကြသဖြင့် ၁၆ဝ၇ ခုနှစ်တွင် အမေရိက တိုက်သို့ သွားရောက်ကာ ပထမဆုံး အင်္ဂလိပ် ကိုလိုနီနယ်သစ် များကို အခြေစိုက် တည်ထောင်ကြလေသည်။ ပထမဂျိမ်းဘုရင်သည် နိုင်ငံရေးသဘောတရားများ၌လည်း သူ့ကိုယ်သူ ကျွမ်းကျင်လှသည်ဟု အထင်ကြီး၏။ ထိုကြောင့် ဘုရင်နှင့် ပါလီမန်သည် နိုင်ငံခြားရေးရာများ၌လည်း သဘော ကွဲလွဲဲကြရ၏။ ဂျိမ်းဘုရင်သည် ဗရင်တိုင်းပြည်ဖြစ်သော စပိန် နိုင်ငံနှင့် မဟာမိတ် ဖြစ်လို၏။ သားတော်ချားကိုပင် စပိန် မင်းသမီးတစ်ဦးနှင့် လက်ဆက်ရန် ကြံရွယ်ခဲ့သည်။ ပါလီမန် ကမူ ဥရောပ နှစ်သုံးဆယ်စစ်ပွဲတွင် ဂျာမန် ပရိုတက်စတန့် များအား ကူညီ၍ စပိန်နိုင်ငံကို တိုက်ခိုက်လို၏။ ဤသို့ သဘောကွဲနေရာ နောက်ဆုံးတွင် စပိန်နှင့် မဟာမိတ် မဖြစ်နိုင် တော့သည့် အချိန်ကျမှ ဂျိမ်းသည် စပိန်နိုင်ငံကို စစ်ကြေညာ ရန် သဘောတူလိုက်ရ၏။ ပြည်သူလူထု အကြည်ညိုပျက်မှုကို အများဆုံး ခံယူရအောင်ဖြစ်ရသော ဂျိမ်း၏ပြုမူချက်တစ်ခုကား ဆာဝေါ်လတာရော်လီကို ကွပ်မျက်လိုက်ခြင်းပင် ဖြစ်၏။ ( ရော်လီ ဆာဝေါ်လတာဂျိမ်း။)ဂျိမ်း၏ ဆောင်ရွက်ချက်များ အနက် တိုင်းပြည်လူထု၏ ကျေနပ်မှုအများဆုံး ခံယူရသော အချက်မှာ ၁၆၁၁ ခုနှစ်တွင် သမ္မာကျမ်းစာကို အင်္ဂလိပ်ဘာသာ သို့ ပြန်ဆိုစေခြင်းပင် ဖြစ်သည်။ ထိုကျမ်းစာမှာ သမ္မာကျမ်းစာ များအနက် အရေးအသား အကောင်းဆုံး ဖြစ်၍ ယခုတိုင် ကျော်ကြားလေသည်။ ၁၅၈၉ ခုနှစ်တွင် ဒိန်းမတ်မင်းသမီးအန်နှင့် ဂျိမ်းဘုရင်သည် လက်ဆက်ခဲ့ရာ သားတော်နှစ်ပါးနှင့် သမီးတော်တစ်ပါး ထွန်း ကားသည်။ သားတော်ကြီး ဟင်နရီသည် ၁၆၁၂ ခုနှစ်တွင် ကွယ်လွန်၍ သားတော်ငယ်ချားက ဂျိမ်း၏ အရိုက်အရာကို ဆက်ခံလေသည်။ သမီးတော်အယ်လစ်ဇဗက်ကို ဂျာမန်မင်းသား ပလက်တနိတ်နယ်စားကြီးနှင့် လက်ဆက်ခဲ့ရာ ယင်းတို့မှ ဆင်း သက်ပေါက်ဖွားသော ဟန်နိုဗာမြို့စားဂျော့သည် ပထမဂျော့ ဘုရင်အဖြစ် ၁၇၁၄ ခုနှစ်တွင် အဂ‡လန်ထီးနန်းကို ဆက်ခံခဲ့ သည်မှအစ ဟန်နိုဗာမင်းဆက် ပေါ်ပေါက်ခဲ့သည်။


ဒုတိယဂျိမ်းဘုရင် (၁၆၃၃-၁၇ဝ၁)

ပြင်ဆင်ရန်

ဒုတိယဂျိမ်းဘုရင်မှာ ပထမဂျိမ်း၏မြေးတော် ဖြစ်သည်။ ပထမချားဘုရင်နှင့် ပြင်သစ်မင်းသမီး မရီယာတို့မှ ပေါက်ဖွား သော သားတော်အငယ် ဖြစ်သည်။ ၁၆၈၅ ခုနှစ်တွင် နောင် တော်ကြီးဖြစ်သူ ဒုတိယချားဘုရင် နတ်ရွာစံသောအခါ ဂျိမ်း သည် ထီးနန်းဆက်ခံရသည်။ ဘိုးတော် ပထမဂျိမ်းဘုရင် ကဲ့သို့ ပင် ဘုရင့်အခွင့်အရေးဝါဒ၌ အယူသည်းသူ ဖြစ်၏။ နောင်တော် ဒုတိယချားဘုရင်သည် အင်္ဂလန်ပြည်၏ ဘုရင် ဖြစ်လာသောအခါ ဂျိမ်းသည် ယော့မြို့စားမင်းသားအဖြစ်နှင့် ရေတပ်ဗိုလ်ချုပ်ရာထူးကို ပေးအပ်ခြင်း ခံရလေသည်။ သူသည် ရဲစွမ်းသတ္တိနှင့် ပြည့်စုံ၍ ရွပ်ရွပ်ချွံချွံ ကြိုးပမ်းဆောင်ရွက်တတ် သည့်ပြင် ရိုးသားဖြောင့်မတ်သူတစ်ဦးလည်း ဖြစ်ပေသည်။ ဂျိမ်း မင်းသားသည် ဗရင်ဂျီဂိုဏ်းသို့ ဝင်လိုက်ပြီးနောက် ဗရင်ဂျီဂိုဏ်း ဝင် အမျိုးသမီးတစ်ဦးနှင့် လက်ဆက်လိုက်သည်တွင် တိုင်းပြည် က မကျေမနပ် ဖြစ်ကြလေသည်။ ပါလီမန်ကလည်း ဗရင်ဂျီ ဂိုဏ်းဝင်များအား အလုပ်အကိုင်ရာထူး မပေးရန် တားမြစ်သည့် ဥပဒေတစ်ရပ်ကို ထုတ်ပြန်လိုက်လေသည်။ ဂျိမ်းလည်း ရေတပ် ဗိုလ်ချုပ်ရာထူးမှ နုတ်ထွက်ကာ အင်္ဂလန်ပြည်မှ ထွက်ခွာသွား သည်။ ဂျိမ်းသည် ၁၆၈၅ ခုနှစ်အသက် ၅၂ နှစ်အရွယ်၌ အင်္ဂလန် ပြည်သို့ ပြန်လည်လာရောက်၍ ထီးနန်းစိုးစံရလေသည်။ ဂျိမ်း နန်းတက်သည်နှင့် တစ်ပြိုင်နက် မွန်းမတ်နယ်စား ခေါင်း ဆောင်သော သူပုန်နှင့် အားဂျိုင်းနယ်စားခေါင်းဆောင်သော သူပုန်တို့ ထကြွကြလေသည်။ သို့ရာတွင် ဂျိမ်းဖက်မှ ပြည်သူ လူထုတစ်ရပ်လုံးက စည်းလုံးစွာ ကူညီထောက်ခံကြသဖြင့် သူပုန်တို့ အရေးရှုံးနိမ့်သည်။ သို့သော် မွန်းမတ်ပုန်ကန်မှုတွင် နောက်လိုက်နောက်ပါအဖြစ် ပါဝင်သူ ၃၂ဝ ကို ရက်စက်စွာ သတ်ပစ်လိုက်ခြင်းကြောင့် တိုင်းသူပြည်သားတို့က မကျေမနပ် ဖြစ်ကြပြန်သည်။ ဂျိမ်းသည် သူ၏အဓိကရည်ရွယ်ချက် ၂ ချက် ဖြစ်သောပါလီမန်ကို ပယ်ဖျက်၍ ပါလီမန်၏ အကူအညီမပါဘဲ တိုင်းပြည်ကို အုပ်ချုပ်ရန်နှင့် ဗရင်ဂျီဂိုဏ်းကို အဂ‡လန်ပြည်တွင် ပြန်လည် ထွန်းကားလာအောင် ပြုလုပ်ရန်တို့ကို ချက်ချင်းပင် ကြိုးစား ဆောင်ရွက်သည်။ ထိုကြောင့် အင်္ဂလန် ပြည်သူ ပြည်သား အားလုံးလိုလိုပင် ဂျိမ်းအား ပိုမို မုန်းတီးလာကြ လေသည်။ ၁၆၈၇ ခုနှစ်တွင် ပြည်သူလူထုအား လွတ်လပ်စွာ ကိုးကွယ် ခွင့်ပေးသည့် ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်၏။ ထိုကျေညာ ချက်အရ ဗရင်ဂျီဂိုဏ်းဝင်များ အကျိုးကျေးဇူး ပို၍ ခံစားရမည် ကို အဂ‡လန်ပြည်သူပြည်သားများက များစွာ စိုးရိမ်ကြ၏။ ထို အခိုက်တွင် ဂျိမ်းဘုရင်၏ ဗရင်ဂျီဂိုဏ်းဝင် မိဖုရားမှ သားတော် တစ်ပါး ဖွားမြင်လေသည်။ ထိုအခါ သမီးတော် အကြီးနှစ်ပါး ဖြစ်သူ မေရီနှင့် အန်တို့မှာ ပရိုတက်စတန့်ဂိုဏ်းဝင် ဖြစ်လင့် ကစား အင်္ဂလန် ထီးနန်းကို ဆက်ခံရန်အကြောင်း မရှိတော့ပေ။ သို့ဖြင့် တိုင်းပြည်လည်း မငြိမ်မသက်ဖြစ်ကာ ပါလီမန်က ၁၆၈၈ ခုနှစ်တွင် သမီးတော်မေရီ၏ခင်ပွန်း ဩရိန်းနယ်စား ဝီလျံမင်းသားအားခေါ်ယူကာ အင်္ဂလန်ပြည် ထီးနန်းကို စိုးစံ လေသည်။ ထိုပုန်ကန်မှုကြီးကို ၁၆၈၈ ခု သွေးမြေမကျ တော်လှန်မှုဟု ခေါ်လေသည်။ ဂျိမ်းလည်း ထီးနန်းကို စွန့်ခွာပေး လိုက်ရပြီးနောက် ထောက်ခံအားပေးမည်သူ ကင်းမဲ့သည့်အတိုင်း ပြင်သစ်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်နေရလေသည်။ ပြင်သစ်နိုင်ငံမှ ၁၄ ဆက်မြောက် လူဝီဘုရင်က ဂျိမ်းအား ဆီးကြိုပြုထားပြီးလျှင် အင်္ဂလန်ပြည်ကို ပြန်လည် တိုက်ခိုက် ရန် စစ်တပ်စသည့် လိုအပ်သော အကူအညီများလည်း ပေး၏။ ၁၆၈၉ ခုတွင် အိုင်ယာလန်ပြည်ကို ဝင်ရောက်တိုက်ခိုက်ခြင်း ဖြင့် ထီးနန်းကို ပြန်လည်ရရှိအောင် ကြိုးစားသေးသည်။ သို့သော် ဂျိန်းသည် ဗွိုင်းစစ်ပွဲတွင် နာလန်မထူနိုင်အောင် အရှုံး ကြီး ရှုံးသွားသဖြင့် ပြင်သစ်ပြည် ပါရစ်မြို့ စိန်ဂျားမိန်းရပ်၌ ၁၇ဝ၁ ခု ကွယ်လွန်သည့်တိုင်အောင် နေရတော့သည်။

[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)