ဂျိမ်းစ် ဟာဂ်ရီဗ်စ်

(ဂျိမ်း ဟားဂရီး မှ ပြန်ညွှန်းထားသည်)

ရှေးအခါက မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ အမျိုးသမီးများသည် ခြည်ငင်သည့်အတတ်ကို တတ်ကြရလေသည်။ ထိုအခါက လူများသည်စာရေးစာဖတ်ပင် မတတ်ကြသေးချေ။ ခြည်မျှင်၊ သို့မဟုတ် သိုးမွေးမျှင် များကိုငင်စဉ်ကျစ်ပေးနိုင်ကြရသည်။ သို့မှခြည်ကြိုး၊ သိုးမွေး ကြိုးများကို ရရှိနိုင်မည်ဖြစ်ပြီးလျှင် ထိုကြိုးများဖြင့် အထည်များဖြစ်အောင် ရက်လုပ်နိုင်ကြလေသည်။

ဂျိမ်းစ် ဟာဂ်ရီဗ်စ်

ထိုအခါ ဗိုင်းငင်ရာတွင် အသုံးပြုသောကရိယာမှာ တုတ်တံတစ်ခုမျှသာဖြစ်သည်။ ထိုတုတ်တံ၏ အဖျားတစ်ဖက်တွင် အထစ်ကလေးတစ်ခုပြုလုပ်ထားသည်။ ထိုအထစ်ကလေးတွင် ကျစ်မည့်ခြည်စ သို့မဟုတ် သိုးမွေးစ ကလေးကိုချည်ထားရသည်။ ထိုတုတ်တံကို ညီညာစွာလည်နိုင်စေရန် အလယ်တွင် ဘီးကလေးတစ်ခု တပ်ထားလေသည်။ အမျိုးသမီးကခြည်ကိုငင်ပြီးလျှင် တုတ်ကို လှည့်ပေးလိုက်ခြင်းဖြင့် ခြည်မျှင်သည် ကျစ်ပြီးဖြစ်သွား လေတော့သည်။ ကျစ်ပြီးကြိုးကိုတုတ်တွင် ရစ်ထားလိုက်ရ လေသည်။ အလုပ်တွင်ကျွမ်းကျင်သော အမျိုးသမီးသည် ညီညာ၍ သေးငယ်ပြီးလျှင် ခိုင်ခန့်သော ခြည်မျှင်များကို ပြုလုပ်ပေးနိုင်လေသည်။ ခြည်ငင်သည့်အလုပ်သည် အပြောလွယ်သော်လည်း လုပ်နေမကျလျှင်အတော်ပင်ခဲယဉ်းလေသည်။ လုပ်နေမကျသူ တစ်ဦးအဖို့ အတော်ကြာကြာပင် လေ့လာယူရလေသည်။ သို့သော် ရှေးခေတ်အမျိုးသမီးကလေးများသည် ထိုအလုပ်ကို ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်ကြလေသည်။ ထိုသို့ဖြစ်သည်မှာ မိခင်နှင့်အစ်မများလုပ်ကိုင်နေကြသည်ကို မြင်နေကျဖြစ်ခြင်း ကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ထိုနည်းဖြင့်ခြည်၊ သို့မဟုတ် သိုးမွေးများကို ငင်လာကြရာ နှစ်ပေါင်းအတော်ကြာသည့်တိုင် အောင်ခြည်ငင်သည့် စံနစ်သစ်ကို မတီထွင်နိုင်ခဲ့ကြချေ။ နှစ်ပေါင်းအတော်ကြာလာသည့်အခါတွင်မှ ဝင်ရိုးတံကို လည်စေနိုင်သောဘီးကြီးတစ်ခုကို ထွင်နိုင်ခဲ့ကြလေသည်။ ထိုတီထွင်မှုသည် မပြောပလောက်ဟု ဆိုနိုင်သော်လည်း ထိုစဉ်အခါကမူ ကြီးမားသည့်တိုးတက်မှုကြီးတစ်ရပ်ဟုပင် ဆိုရပေမည်။ ထိုနောက်တွင်မှ မွေးဖွားသည့်ခုနှစ်နှင့်နေရာကိုပင် အတိအကျမပြောနိုင်သောပုဂ္ဂိုလ်တစ်ဦး၏ ကျေးဇူးကြောင့် တစ်ကြိမ်လျှင် ပထမ၌ခြည်မျှင်နှစ်မျှင် ငင်ခြင်းနှင့် ကျစ်ခြင်းတို့ကို ပြုလုပ်ပေးနိုင်သော စက်ကို တီထွင်နိုင်ခဲ့လေသည်။ အဆိုပါပုဂ္ဂိုလ်ကြီးမှာ အင်္ဂလိပ်လူမျိုးဖြစ်ပြီးလျှင်သူ၏အမည်မှာ ဂျိမ်းဟားဂရီး ဖြစ်လေသည်။ အချို့ကထိုပုဂ္ဂိုလ်ကြီးသည် ၁၇၂၂ ခုနှစ်တွင် မွေးဖွားသည်ဟုပြောကြ၍ အချို့ကမူ ၁၇၃ဝ ပြည့်နှစ်တွင် မွေးဖွားသည်ဟုဆိုကြသည်။ သူမွေးသည့်နေရာကိုလည်း ထိုနည်း အတူ အတိအကျမပြောနိုင်ကြချေ။ ဟားဂရီးသည် ၁၇၆၄ ခုနှစ် ၁၇၆၇ ခုနှစ်ကြားတွင် ပထမခြည်မျှင်ပေါင်းရှစ်မျှင်ကို တစ်ကြိမ်တည်း ငင်ပြီးလျှင် ကျစ်ပေးနိုင်သော စက်တစ်ခုကို တီထွင်နိုင်ခဲ့လေသည်။ သို့သော် ဟားဂရီးသည် သူ၏စက်ကို ၁၇၇ဝ ပြည့်နှစ်တိုင်အောင် မူပိုင်ခွင့်မှတ်ပုံမတင်ခဲ့ချေ။ ခြည်ငင်သူအချို့သည် ဟားဂရီး၏အိမ်သားများ အလုပ်တွင်ကျယ်သည်ကို မနာလိုကြချေ။ ထိုကြောင့် ထိုသူများက ဟားဂရီး၏အိမ်ကို ဖျက်၍ဝင်ကြပြီးလျှင် စက်ကိုဖျက်ဆီးပစ်လိုက်ကြလေသည်။ ဟားဂရီးသည် နော့တင်ဂမ်မြို့သို့ ပြောင်းရွှေ့သွားပြီးနောက် ၁၇၆၈ ခုနှစ်တွင် ခြည်ငင်ပြီးလျှင် ကျစ်ပေးနိုင်သော စက်တစ်လုံးကိုတည် ဆောက်လိုက်လေသည်။ ဟားဂရီးသည်သူ၏စက်ကို မူပိုင်ခွင့်မှတ်ပုံမတင်မီ စက်အချို့ကို ရောင်းချမိသဖြင့် သူ၏စက်အား မူပိုင်ခွင့်မှတ်ပုံတင်သောအခါတွင် မူပိုင်ခွင့်မှတ်ပုံတင်ခွင့် မရနိုင်တော့ချေ။ ထိုကြောင့်အခြား ခြည်မျှင်စက်တည်ထောင်သူများသည် ဟားဂရီး တီထွင်ခဲ့သောစက်၏ နမူနာကိုယူကြပြီးလျှင် စက်များကို တည်ထောင်ကြလေသည်။ ထိုသို့တည်ထောင်ကြသဖြင့်မူပိုင်ခွင့်၊ မှတ်ပုံတင်ခွင့်မရရှိသော ဟားဂရီးအား ပိုက်ဆံကြေးငွေ များပေးရန်မလိုကြချေ။ ထိုသို့အသစ်တည်ထောင်ကြ သောစက်များသည် ဟားဂရီးအသက်ရှင်စဉ်ကပင်လျှင် တစ်ကြိမ်တည်းနှင့်ခြည်မျှင်ပေါင်း ၂ဝအထိ ငင်နိုင် ကျစ်နိုင် ကြလေသည်။ ဟားဂရီးသည် ကျွမ်းကျင်သည့်လက်သမားနှင့် ခြည်ငင်သူတစ်ဦးဖြစ်သဖြင့် တစ်ကြိမ်တည်းနှင့် ခြည်မျှင်နှစ်မျှင်ငင်နိုင် ကျစ်နိုင်သော စက်တစ်စက် ဖြစ်မြောက်ရေးအတွက် ကြံစည်၍ပြုလုပ်နေလေသည်။ ထိုစဉ်အတွင်း ထောင်၍နေသော ဘီးနှင့် အလျားလိုက်တည်ရှိသော ဝင်ရိုးတံနှစ်ချောင်းကို သူ၏ကလေးတစ်ယောက်က လှဲပစ်လိုက်လေသည်။ ထိုအခါဝင်ရိုးတံများသည် ထောင်လိုက်ဖြစ် သွားကြကာ ခြည်မျှင်များသည် တစ်ခုနှင့်တစ်ခုမတွဲကြတော့ဘဲ ကွဲသွား ကြသည်ကို ဟားဂရီးတွေ့ခဲ့လေသည်။ ထိုအခါမှသူသည် အကြံ ရပြီးလျှင် ထိုစက်ကိုတီထွင်နိုင်ခဲ့သည်ဟုဆိုသည်။ ဟားဂရီး သည် ၁၇၇၈ ခုနှစ်တွင်ကွယ်လွန်လေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)