စာပုံနှိပ်စက်ကို တီထွင်သူ ဂျိုဟန် ဂူတင်ဘတ်ကို ဂျာမနီနိုင်ငံ မိန့်ဇ်မြို့တွင် ၁၄၀၀ပြည့်နှစ်က ဖွားမြင်သည်။ သာမန်လူလတ်တန်းစားတစ်ဦးဖြစ်မည်ဟုသာ ခန့်မှန်းနိုင်ပြီး သူ၏ဘဝအခြေအနေနှင့်ပက်သက်၍ ကောင်းစွာ မသိရှိရပေ။ အမှုမှတ်တမ်းတစ်ခုတွင် သူပိုင်ပစ္စည်းအချို့ကို စီးပွားဖက်ဖြစ်သူ ဂျိုဟန်ဖတ် ကသိမ်းယူသွားသည်ဟု ပါရှိသဖြင့် စီးပွားရေးအခြေအနေ မကောင်းဟုသာ သုံးသပ်နိုင်သည်။ ၁၄၆၈ခုနှစ်၊ မိန့်ဇ်မြို့တွင်ပင် ကွယ်လွန်သည်။

ပုံနှိပ်စက်စတင်တီထွင်သူ ဂူတင်ဘတ်


စာပုံနှိပ်စက်ကို တီထွင်သည်ဆိုသည့်တိုင် ဂူတင်ဘတ်၏ လုပ်ဆောင်ချက်မှာ ရွှေ့ပြောင်းတပ်ဆင်နိုင်သည့် စာလုံးပုံဆောင်ခွက် (movable type) ကိုတီထွင်ခြင်းပင်ဖြစ်သည်။ ထိုပုံစံမျိုးကို ၁၁ရာစုများက တရုတ်နိုင်ငံတွင် ပိရှန် (Pi Sheng) ဆိုသူမှ တီထွင်ခဲ့ပြီး ဖြစ်သည်။ သို့သော် ရွှံ့ပြားဖြင့်လုပ်သော ထိုပုံစံမှာ ရေရှည်အသုံးအစွဲမခံပေ။ တရုတ်တို့နောက်တွင် ကိုရီးယားတို့ကလည်း သတ္တုဖြင့် ပြုလုပ်သည့် ပုံဆောင်ခွက်ကို ၁၅ရာစုနှောင်းပိုင်းတွင် သုံးစွဲခဲ့ကြသည့် အထောက်အထားများ ရှိသည်။ သို့ဖြင့် ခေတ်သစ်ဥရောပ ကမ္ဘာအတွက် တိုးတက်သော စာပုံနှိပ်စက်ကို တီထွင်ရန်အတွက် ဂူတင်ဘတ်ကြိုးပမ်းခဲ့သည်။ ထိုသို့ကြိုးပမ်းရာတွင် အရေးပါသော အဆင့်များအဖြစ် -

  1. ရွှေ့ပြောင်းစာခွက်တွင် စာစီခြင်း၊ စာလုံးပုံစံများကို လိုအပ်သလို စွဲမြဲနေစေရန် တပ်ဆင်ခြင်း
  2. စာပုံနှိပ်စက်
  3. မင်
  4. စက္ကူ

စသည်ဖြင့် လိုအပ်ပေသည်။


အခြေခံအားဖြင့် စက္ကူမှာ ၁၅ရာစုတွင် ရှားပါးပစ္စည်းများ မဟုတ်တော့သဖြင့် သက်သာသည် ဆိုသော်လည်း ရွှေ့ပြောင်းစာခွက်နှင့် စာလုံးပုံစံများထုတ်လုပ်ရာတွင် အထူးအားစိုက်ရသည်။ စာပုံနှိပ်အက္ခရာပုံစံများအတွက် သင့်တော်မည့် သတ္တုကို လေ့လာရှာဖွေရသည်။ ထိုနောက်တွင်မှ ညီညွတ်သော ပုံစံတုံးများရရှိရန် ပုံစံခွက်(mould) ပုံလောင်း ရပြန်သည်။ ထိုအဆင့်အောင်မြင်သည့်နောက်တွင်လည်း ဆီဖြင့်ဖော်စပ်ရသည့် မင်ကိုလည်းကောင်း စာရိုက်နိုင်မည့် စာဖိစက်ကိုလည်းကောင်း တီထွင်ရသည်။


ထိုအရာများကို တစ်ခုခြင်းအလိုက် တီထွင်ပြီးသည့်နောက်တွင်မှ အရေးပါဆုံးဖြစ်သည့် စာပုံနှိပ်စက်ကို တီထွင်ရသည်။ ပုံနှိပ်ခြင်းသဘောတရားအရ အရေအတွက်များများကို အချိန်တိုအတွင်း ထုတ်လုပ်နိုင်ရေးဖြစ်သည့်အလျှောက် ထိုစံနှုန်းကို လိုက်မီရန် အားထုတ်ကြိုးပမ်းရသေးသည်။ သူ၏တီထွင်မှုရလဒ်အဖြစ် ၁၄၅၄ခုနှစ်တွင် ဂူတင်ဘတ်သမ္မာကျမ်းစာအုပ်ကို ရိုက်နှိပ်ထုတ်ဝေ နိုင်ခဲ့သည်။


ဂူတင်ဘတ်၏ တီထွင်မှုကြောင့် ဥရောပတိုက်တွင် အသိပညာပြန့်ပွားရေး များစွာကျယ်ပြန့်လာပြီး အချိန်တိုအတွင်းတွင် အသိပညာအရပ်ရပ်တို့သည် နေရာဒေသများစွာသို့ ပြန့်ပွားနိုင်ခဲ့ပြီး ခေတ်သစ်တစ်ရပ်ကို စတင်နိုင်ခဲ့သည်ဟု ဆိုနိုင်သည်။