ဂျုံမှုန့်

ပြင်ဆင်ရန်

ဂျုံမှုန့်သည် ဂျုံစေ့မှ ကြိတ်ယူသောအမှုန့်ဖြစ်၍ ပေါင်မုန့်၊ ဗီစကွတ်မုန့် စသည်တို့ကို ဂျုံမှုန့်နှင့် ပြုလုပ်ကြသည်။ ဂျုံစေ့ သည် စပါးစေ့ထက် အနည်းငယ်ပိုရှည်၍ အလုံးပိုကြီးသည်။ သို့ရာတွင် စပါးစေ့လောက် ထိပ်နှစ်ဖက် မချွန်ချေ။ ဂျုံစေ့၏ ဘေးတစ်ဖက်တွင် အရှည်လိုက် ကွဲကြောင်းတစ်ခု ရှိ၏။ ဂျုံစေ့ တစ်ခုလုံး၏ အပြင်ဘက်တွင် အဝါရင့်ရောင် အခွံဖုံးလွှမ်းထား ၏။ ကြိတ်လိုက်သောအခါ ထိုအခွံများကို ဂျုံဖွဲအဖြစ်ဖြင့် ရရှိ သည်။ အခွံအတွင်း၌ ကစီအများပါရှိသော အစေ့ဖြူရှိသည်။ ထိုအစေ့ကို ကြိတ်လိုက်သောအခါ ဂျုံမှုန့်အဖြူကို ရသည်။ ဂျုံစေ့တစ်ဖက်စွန်းတွင် အဆန်ကလေးတစ်ခု ရှိသည်။ ထို အဆန်သည် ဂျုံ၏ဗီဇဖြစ်၍ မြေတွင်စိုက်လျှင် အညောက်ထွက် လာသည်။ ရှေးအခါက ဂျုံကို ကျောက်ဆုံနှင့် ကျောက်ကျည်ပွေ့များဖြင့် သာ ထောင်းခဲ့ကြသည်။ ထိုနောက် လက်ကြိတ်ဆုံများ ပေါ်လာ သည်။ ထိုလက်ကြိတ်ဆုံများသည် မြန်မာနိုင်ငံ၌ ယခုတိုင် အသုံးပြုလျက်ရှိသော မုံ့ကြိတ်ဆုံမျိုးကဲ့သို့ပင် ဖြစ်သည်။ လက်ကြိတ်ဆုံတွင် ကျောက်ပြားဝိုင်း ၂ ခုကို ၂ ဆင့် တပ် ထား၍ အပေါ်ဘက်ကျောက်ပြားအလယ်တွင် အပေါက် ဖောက်ထားသည်။ ဂျုံကြိတ်လိုသောအခါ ထိုအပေါက်တွင်းသို့ ဂျုံစေ့များကို ချပေးကာ အပေါ်ဘက်ကျောက်ပြားကို လက်ကိုင်ဖြင့် လှည့်ပေးရ သည်။ ထိုမှတဆင့် ကာလအတန်ကြာသော် နွားဖြင့်လှည့်ရ သော အလားတူ ကြိတ်ဆုံ အကြီးစားများ ပေါ်ပေါက်လာပြန် သည်။ နွားများကို အသုံးပြုနေရာမှတစ်ဖန် ရေစီးအားနှင့် လေအားကို အသုံးပြုရသော ဂျုံကြိတ်စက်မျိုးကို တစ်ဆင့်တိုး၍ တီထွင်လာကြပြန်သည်။ ရေစီးအားကိုသုံးသော စက်များတွင် ကျောက်ပြားကို ရေစီးအားဖြင့် လည်စေသည်။ ထိုကြောင့် ချောင်းများရှိရာအရပ်တွင် ထိုစက်မျိုးများ အလျှိုလျှို ပေါ်ပေါက် ခဲ့ကြသည်။ ရေအားမရနိုင်သော နေရာများတွင်မူ လေအားကို အသုံးပြုကြရ၏။ ဟော်လန်နိုင်ငံ၌ ယခုတိုင်အောင် အဆိုပါ လေအားဖြင့်လည်သော ဂျုံကြိတ်စက်မျိုး အမြောက်အမြား ရှိနေ သေးသည်။ ထိုစက်မျိုးများတွင် လေရဟတ်ကြီးများဖြင့် ကျောက်ပြားကို လည်စေလေသည်။ ကျောက်ပြားတစ်ချပ်ပေါ် တွင် အခြားတစ်ချပ်ကို လှည့်ပေး၍ ဂျုံကြိတ်လာခဲ့ရာမှ ၁၈၇ဝ ပြည့်နှစ်လောက်သို့ ရောက်သောအခါ ပျော့ကြောင်းကလေးများ ထိုးထားသော ဒလိမ့်တုံးများဖြင့် ကြိတ်ပေးသည့်နည်း ပေါ်လာ သည်။ ယခုခေတ် ဂျုံကြိတ်စက်များတွင် အသုံးပြုနေကြသော နည်းမှာ ဤဒလိမ့်ကြိတ်နည်းပင်ဖြစ်၍ ထိုစက်များတွင် သံမဏိ ဒလိမ့်တုံးများကို အသုံးပြုထားကြသည်။ ယခုအခါ ဥရောပတိုက် နှင့် အမေရိကန်နိုင်ငံရှိ ဂျုံစက်ကြီးများမှာ ခေတ်မှီစက်များဖြင့် လည်ရ၍ ရှေးကနှင့်စာလျှင် မနှိုင်းယှဉ်သာအောင် အဆပေါင်း များစွာ တိုးတက်ကောင်းမွန်လာလေပြီ။ ခေတ်သစ် ဂျုံကြိတ်စက်များ၌ အထပ်ပေါင်း ၈ ထပ်မှ ၁ဝ ထပ်ခန့်အထိရှိ၍ ဂျုံကြိတ်သည့်အလုပ်ကို အပေါ်ဆုံးထပ်မှ အောက်ဆုံးထပ်တိုင်အောင် အဆင့်ဆင့် လုပ်ကိုင်၍ သွားကြ သည်။ ဂျုံကြိတ်စက်သို့ရောက်လာသော ဂျုံစေ့များသည် အမှိုက် သရိုက်များနှင့် ရောနေတတ်သောကြောင့် မကြိတ်မီ စင်ကြယ် အောင် ပထမပြုလုပ်ပေးရသည်။ ထိုနောက် ဂျုံစေ့များကို စက်၏ အပေါ်ဆုံးထပ်သို့ တင်ပေးလိုက်သောအခါ တစ်ထပ်ပြီးတစ်ထပ် အလိုအလျောက်ကြေညက်၍ အောက်သို့ဆင်းလာသည်။ အထပ် တိုင်း၌ ဒလိမ့်တုံးများ အသီးသီးရှိကြရာ ပထမအဆင့်တွင် တစ်ခါတည်း ညက်သွားအောင် မကြိတ်ဘဲ အခွံနှင့် အဆန် ကွဲရုံသာ ကြိတ်ပေးလိုက်သည်။ နောက်အဆင့်များသို့ရောက်မှ တခါထက်တခါညက်၍ လာသည်။ ညက်သော ဂျုံမှုန့် များနှင့် မညက်သေးသော ဂျုံမှုန့်များကို ပိုးဆန်ခါစိပ်များနှင့်ချ၍ ခွဲ ထုတ်ပြီးလျှင် မညက်သေးသော ဂျုံမှုန့်များကို တစ်ဖန် ထပ်၍ ကြိတ်ရပြန်သည်။ဤသို့ ကြိတ်ယင်းမှာပင် စက်က ဂျုံကြမ်းနှင့် ဂျုံဖွဲကို တစ်ခြားစီ ခွဲထုတ်ပေးသွားသည်။ဤသို့ဖြင့် နောက်ဆုံး အလွန်ညက်သော ဂျုံမှုန့်အဖြူသည်၎င်း၊ ဂျုံကြမ်းနှင့် ဂျုံဖွဲများ သည်၎င်း၊ တစ်နေရာစီ ခွဲခြား၍ ထွက်လာကြသည်။ ဂျုံအမျိုး ကိုလိုက်၍ အချို့သော ဂျုံမှုန့်သည် မဖြူဘဲ အဝါရောင်ဖြစ်နေ တတ်သည်။ လူအများကလည်း ဂျုံအဖြူကိုသာပို၍ နှစ်သက်ပုံ ရသည်။ ထိုကြောင့် စက်ပိုင်ရှင်များက ဂျုံမှုန့်ဝါများကို ဖြူ အောင် ချွတ်၍ ပေးလေ့ရှိကြသည်။ ကြိတ်ပြီးသောအခါ ဂျုံမှုန့်ကို အရွယ်အမျိုးမျိုးရှိသော အိတ်များဖြင့်ထည့်၍ ရပ်ဝေးရပ်နီးသို့ တင်ပို့ရောင်းချသည်။ ဂျုံမှာ အမျိုးမျိုးရှိသဖြင့် ဂျုံမှုန့်လည်း အမျိုးမျိုး ရှိပေသည်။ တစ်ဖန်ဂျုံမှုန့် အကြမ်းအနုကိုလိုက်၍၎င်း၊ ပါဝင်သော ဂျုံဖွဲ အနည်းအများကို လိုက်၍၎င်း၊ ဂျုံမှုန့်အစားအစား ရှိပြန်သည်။ တစ်နှစ်တစ်နှစ်လျှင် တစ်ကမ္ဘာလုံး၌ ဂျုံမှုန့် အမြောက်အမြား ကို ပေါင်မုံ့၊ ဗီစကွတ်မုံ့ စသည်တို့ပြုလုပ်၍ စားသောက် လျက်ရှိကြသည်။ ဂျုံကြိတ်ရာမှ ဘေးထွက်ပစ္စည်းအဖြစ်ဖြင့် ထွက်လာသော ဂျုံဖွဲ၊ ဂျုံကြမ်း စသည်တို့ကိုမူ ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ကြက်၊ ဝက် တို့အား ကျွေးမွေးကြရသည်။


[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)