ဂျော့ဘုရင်များ (အင်္ဂလိပ်)

ဂျော့ဘုရင်များ (အင်္ဂလိပ်) ပြင်ဆင်ရန်

အင်္ဂလန်ပြည်၌ ဂျော့အမည်နှင့် ဘုရင် ၆ ပါး မင်းပြုခဲ့ကြရာ ပထမ ၄ ဦးမှာ ဟန်နိုဗာ အနွယ်များဖြစ်၍ ကျန် ၂ ဦးမှာ ပထမကမ္ဘာစစ်အပြီးတွင် အမည်ပြောင်းလဲခဲ့သော ဝင်ဆာအနွယ် များ ဖြစ်ကြသည်။

ခရစ် ၁၇၁၄ ခုနှစ်တွင် အင်္ဂလန်ပြည့်ရှင် အန်ဘုရင်မကြီး တွင် ထီးမွေနန်းမွေ ဆက်ခံရန် သားထောက်သမီးခံ မကျန် ရစ်ခဲ့ရကား ဂျာမန်အဆက်အနွယ်ဖြစ်သည့် ဂျော့မင်းသားက အင်္ဂလိပ်ထီးနန်းကို ဆက်ခံစိုးစံလေသည်။

ပထမဂျော့ (ခရစ် ၁၆၆ဝ-၁၇၂၇) သည် အင်္ဂလန်ပြည် ပထမဂျိမ်းဘုရင်၏ သမီးတော် အယ်လစ်ဇဗက် မင်းသမီးမှ ပေါက်ဖွားသော အနွယ်ဖြစ်၍ ဂျာမနီ ဟန်နိုဗာနယ်စားမင်းသား ဖြစ်၏။ အင်္ဂလိပ်ထီးနန်းကို ရှေးဦးစွာ ဆက်ခံစိုးစံသူ ပထမ ဂျော့သည် ၁၆၆ဝ ပြည့်နှစ် မတ်လ ၂၈ ရက်နေ့တွင် ဟန်နိုဗာ ၌ ဖွားမြင်၍ ၁၆၉၈ ခုနှစ်တွင် ထိုနယ်ကိုစားရသော မင်းသားကြီး ဖြစ်လာပြီးသည့်နောက် ၁၄ ဆက်မြောက် ပြင်သစ်ဘုရင် လူဝီအား ဆန့်ကျင်သည့် လုပ်ငန်းများတွင် ထိရောက်စွာ ဆောင်ရွက်ခဲ့၏။ နန်းတက်သောအခါ ဂျော့မှာ ၅၄ နှစ်မျှပင် ရှိခဲ့လေပြီ။

သူသည် အင်္ဂလန်ထက် ဂျာမနီနိုင်ငံရှိ မြေများကို ပိုမိုစွဲလမ်းခဲ့၏။ တိုင်းရေးပြည်မှုကိုလည်း စိတ်ပါဝင်စားခြင်း မရှိလှဘဲ အင်္ဂလိပ်အမတ်ကြီးများနှင့်သာ လွှဲအပ်ထားခဲ့ရာ နန်းရင်းဝန် ရောဗတ်ဝါလပိုကသာ နိုင်ငံကြီးကို ကြိုးကိုင်ခဲ့လေသည်။ သူ့လက်ထက်၌ စတူးဝပ်အဆက်အနွှယ်ဖြစ်သည့် ဂျိမ်းစတူးဝပ်သည် ၁၇၁၅ ခုနှစ်တွင် စကော့တလန်သို့ လာရောက်ကာ တောင်ပေါ်သားများနှင့်ပူးပေါင်း၍ သူပုန်ထလေသည်။ မင်း လောင်းဂျိမ်း၏ ဘက်တော်သားများကို ဂျက္က ဗိုက်ဟုခေါ်၍ ထိုပုန်ကန်မှုကြီးကကို ဂျက္ကဗိုက်ပုန်ကုန်မှုကြီး ဟုခေါ်၏။ ( ဂျက္ကဗိုက်။)

သို့သော် ဂျိမ်းမှာ နောက်ဆုံး၌ အရေးနိမ့်၍ ထွက်ပြေးရ၏။ ပထမဂျော့ဘုရင်သည် ၁၇၁၇ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ကံတော်ကုန်လေသည်။

ဒုတိယဂျော့ (ခရစ် ၁၆၈၃-၁၇၆ဝ) ပြင်ဆင်ရန်

ပထမဂျော့ဘုရင် နတ်ရွာလွန်လျှင် သားတော် ဒုတိယဂျော့ နန်းတက်သည်။ သူသည်လည်း ဟန်နိုဗာနယ်များကို အင်္ဂလန်ထက်ပင် ပို၍ ခင်တွယ်ခဲ့၏။ ဖခင်ကဲ့သို့ပင် တိုင်းရေးပြည်မှုများကို မှူးကြီးမတ်ကြီးများသို့ လွှဲအပ်ထားလျက် သူ၏ နန်းစံချိန်ရှေ့ပိုင်းတွင် နန်းရင်းဝန် ရောဗတ်ဝါလပိုက၎င်း၊ နောက်ပိုင်းတွင် ဝီလျံပစ် အကြီးက၎င်း စီမံခန့်ခွဲကြ၏။ သူ့လက်ထက်၌ ပြင်သစ်တို့နှင့် ဖြစ်ပွားသော စစ်ပွဲများတွင်နိုင်သဖြင့် ကနေဒါနိုင်ငံကို အပိုင်ရလိုက်၍ အိန္ဒိယပြည်တွင်လည်း ရောဗတ်ကလိုက်၏ စွမ်းရည်ဖြင့် နယ်ပယ်အချို့ကို အနိုင်ရခဲ့လေသည်။

၁၇၄၅ ခုနှစ် သူ၏လက်ထက်တွင် ထကြွသော ဂျက္ကဗိုက် ပုန်ကန်မှုမှာ သူ့ဖခင်လက်ထက်ကထက်ပင် ဆိုးရွားခဲ့၏။ ဂျိမ်းစတူးဝပ်၏သား ချာလီမင်းသားကလေးသည် စကော့တလန်သားများ၏ အကူအညီဖြင့် အစကနဦးတွင် အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့သော်လည်း ၁၇၄၆ ခုနှစ် 'ကလော့ဒင်' တိုက်ပွဲတွင် အရှုံးကြီးရှုံးပြီးနောက် အင်္ဂလန်မှ နောက်ဆုံး ထွက်ခွာသွားရလေသည်။

ဒုတိယဂျော့ဘုရင်၏ မိဖုရားကယ်ရိုလိုင်းမှာ စွမ်းလွန်းတမံဆောင်ရွက်နိုင်သူဖြစ်၍ ဘုရင်ကြီးအား အကူအညီပေးခဲ့၏။ ဒုတိယဂျော့ဘုရင်သည် အလှအပ အခမ်းအနားတို့ကို အထူးနှစ်သက်၏။ အသုံးအစွဲ အနေအထိုင်၌မူ အလွန် စေ့စပ်သေချာပြီးလျှင် စစ်စီလှသော ဘုရင်တစ်ပါး ဖြစ်လေသည်။ သို့စဉ်လျက် ထိုမင်းလက်ထက်တွင် ခုနစ်နှစ်စစ်ပွဲများဖြစ်ခြင်းကြောင့် နိုင်ငံတော်အကြွေးမှာ နှစ်ဆမျှ တိုးတက်ခဲ့လေသည်။ ( ခုနစ်နှစ်စစ်ပွဲ။)

ဒုတိယဂျော့ဘုရင်သည် ၁၆၈၃ ခုနှစ် နိုဝင်ဘာလ ၁ဝ ရက်နေ့တွင် ဟန်နိုဗာ၌ဖွားမြင်၍ အင်္ဂလန်ထီးနန်းကို ၁၇၂၇ ခုနှစ်မှ ၁၇၆ဝ ပြည့်နှစ်ထိ ၃၃ နှစ်တိုင် စိုးစံခဲ့ပြီးနောက် ၁၇၆ဝ ပြည့်နှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကံကုန်လေ သည်။

ထိုမင်းကွယ်လွန်ပြီးနောက် အိမ်နိမ့်စံဘဝကပင် ကွယ်လွန်ခဲ့သော သားတော် အိမ်ရှေ့ဥပရာဇာဖရက်ဒရစ်၏သား တတိယဂျော့က ထီးမွေနန်းလျာကို ရရှိခဲ့၏။

တတိယဂျော့(ခရစ် ၁၇၃၈-၁၈၂ဝ)သည် ၁၇၃၈ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် အင်္ဂလန်၌ ဖွားမြင်၍ ပထမနှင့် ဒုတိယဂျော့ဘုရင်များနှင့်မတူဘဲ အင်္ဂလန်မွေး အင်္ဂလန်ကြီးဖြစ်ရကား အင်္ဂလိပ်ဖြစ်ရသည်ကိုပင် ဂုဏ်ယူသော ပထမဆုံးသောဟန်နိုဗာမင်းဆက် ဖြစ်လေသည်။

ငယ်စဉ်ကပင် 'မျိုးချစ်ဘုရင်ဝါဒ'ကို သင်ယူခဲ့ရသဖြင့် အစိုးရဝန်ကြီးအဖွဲ့က တိုင်းပြည်အား ဘုရင့်ကိုယ်စား အုပ်ချုပ်ခြင်းကို၎င်း၊ အစိုးရအဖွဲ့ကို ထောက်ခံသည့် အင်အားကောင်းသည့် ပါတီက အုပ်ချုပ်ရေးဝါဒကို ဘုရင့်ကိုယ်စားဖန်တီးသည်ကို၎င်း မလိုလားမနှစ်သက်ခဲ့ချေ။ ၁၇၆ဝ ပြည့်နှစ်တွင် ဘုရင်ဖြစ်လာသောအခါ သူသည်တိုင်းပြည်ကို စိုးမိုးအုပ်ချုပ်ရုံမျှသာမက စနစ်တကျလည်း အုပ်ချုပ်ရန် သန္နိဋ္ဌာန်ချထားသည့်အတိုင်း ပါလီမန်တွင် ဝှစ်ပါတီလွှမ်းမိုးခြင်းကိုစတင် ဖြိုဖျက်လေသည်။

ပြည်တွင်းရန် အေးစေရန် ပြည်ပရန်ကိုလည်း ငြိမ်းစေရမည်ဖြစ်သဖြင့် ဂျော့ဘုရင်သည် နန်းရင်းဝန်ပစ်အား ခုနစ်နှစ်စစ်ပွဲကို ရပ်စဲစေ၏။ ပစ်လည်း ဘုရင်နှင့် စိတ်ဝမ်းကွဲပြားကာရာထူးမှ နုတ်ထွက်လေတော့၏။ ၁၇၆၂ ခုနှစ်တွင် သူ၏ငယ်ဆရာဖြစ်သော ဗျူအားနန်းရင်းဝန်ခန့်၍ ဘုရင့်အလိုတော်ကျ အစိုးရအဖွဲ့ပေါ်ပေါက်လာစေ၏။ ခုနစ်နှစ်စစ်ပွဲရပ်စဲရန် စာချုပ်နှင့်စပ်လျဉ်း၍ နာမည်ပျက်သဖြင့် ဗျူလည်းရာထူးမှနုတ်ထွက်ရပြန်၏။ ထို့နောက် ဘုရင့်ဩဇာစူးရှမည့် နန်းရင်းဝန်များမပေါ်ပေါက်ဘဲ ရှိနေခဲ့၏။ သို့နှင့်ပင် အလျှော့မပေးဘဲ တရားသောနည်း၊ မတရားသောနည်းတို့ကိုသုံး၍ တိုရီများနှင့် ပူးပေါင်းကာ ၁၇၇ဝ ပြည့်နှစ်တွင် ဘုရင့်ပါတီတစ်ခုကို ပါလီမန်၌ ထူထောင်နိုင်ခဲ့လေသည်။ ထိုအခါ တိုရီဂိုဏ်းဝင် လော့နော့သည်ဘုရင့်အလိုတော်ကျ အစိုးရအဖွဲ့တွင် နန်းရင်းဝန်ဖြစ်လာလေသည်။ ထိုအခါမှစ၍ ဘုရင်နှင့် လော့နော့တို့သည် တိုင်းပြည်အုပ်ချုပ်ရေးဝါဒကို လွတ်လပ်စွာ ဖန်တီးနိုင်ခဲ့ကြ၏။ သို့သော် သူတို့ ၂ ဦး၏ ညံ့ဖျင်းမှု၊ မလိမ်မာမှုတို့ကြောင့် ထိုအချိန်အတွင်း အမေရိကန် လွတ်လပ်ရေးစစ် ဖြစ်ပွားကာ အမေရိကန်ကိုလိုနီနိုင်ငံများ ဆုံးရှုံးခဲ့ရလေသည်။

ဘုရင်ကြီးမှာ မကြာခဏ စိတ်ဖောက်ပြန်တတ်သော ရောဂါရှိသဖြင့် သားတော် အိမ်ရှေ့မင်းက သူ၏ကိုယ်စား အုပ်ချုပ်ရလေရာ ၁၈၁၁ ခုနှစ်တွင် ဘုရင်ကြီးမှာ လုံးလုံးရူးသွပ်သွားရှာလေသည်။၁၈၂၀တွင်ဂျော့ဘုရင်နတ်ရွာစံ၏။စတုတ္ထဂျော့ဘုရင်သည်တတိယဂျော့ဘုရင်၏သားတော်ဖြစ်ပြီး ပြည်သူလူထု မုန်းတီးရွံရှာဆုံးဘုရင် ဖြစ်သည်။ ငယ်စဉ်ကပင် ရုပ်ရည်သန့်ပြန့် ခန့်ညား၍ အနေအထိုင်အားဖြင့် သိမ်မွေ့သူတစ်ယောက်ဖြစ်ခဲ့သော်လည်း ကြီးပြင်းလာသောအခါ အသုံးအဖြုန်း လွန်ကဲခြင်း၊ မသင့်လျော်သောအပေါင်းအသင်းများနှင့် ပေါင်းဖော်ခြင်း၊ မလျော်ပတ်သောအပျော်အပါးတို့ကို လိုက်စားခြင်းတို့ကြောင့် တိုင်းသူပြည်သားများ၏ အကြည်ညိုပျက်ခြင်းကို ခံရ၏။

၁၇၈၈ ခုနှစ်တွင် ဖခင် တတိယဂျော့ဘုရင် စိတ်ဖောက်ပြန်သွားသည့်အခါ တိုင်းပြည်ကို ခေတ္တမျှ တစ်ကြိမ်အုပ်ချုပ်ခဲ့ပြီးနောက် ၁၈၁၁ ခုနှစ်တွင် ဘုရင်ကြီး လုံးလုံးရူးသွပ်သွားသည့်အခါ ၉ နှစ်ကြာမျှ ဒုတိယအကြိမ် အုပ်ချုပ်ခဲ့ရပြန်သည်။

၁၈၂၀တွင်နန်းရပြီးနန်းစံ ၁ဝ နှစ်အတွင်း သူသည် တိုင်းရေးပြည်မှုနှင့် စပ်လျဉ်း၍ ထိရောက်ကျနစွာ ဆောင်ရွက်ခြင်း မရှိခဲ့သည့်ပြင် ဂရိတ်ဗြိတိန်နိုင်ငံနှင့်တကွ ဟန်နိုဗာနယ်များ၏ အုပ်ချုပ်ရေးရာတို့ကိုအမတ်ကြီးများအား လွှဲအပ်ထားခဲ့လေသည်။

မှတ်သားသင့်သော အချက်တချက်မှာ သူ၏ လက်ထက်တွင် ပထမအင်္ဂလိပ်မြန်မာစစ် ဖြစ်ခဲ့၏။ ထိုစစ်မှာ ၁၈၂၄ခုနှစ်တွင် စတင်ဖြစ်ပွား၍ ၁၈၂၆ခုနှစ်တွင် ရန္တပိုစာချုပ်ဖြင့် ပြေငြိမ်းရပ်စဲခဲ့သည်။ အင်္ဂလိပ်တို့သည် ထိုစစ်ပွဲအပြီးတွင် အာသံ၊ ရခိုင်နှင့် တနင်္သာရီနယ်များကို မြန်မာတို့လက်မှ ရရှိလေသည်။ ထိုမင်းလက်ထက် အခြားထင်ရှားသော အဖြစ်အပျက်များမှ ရေတပ်ဗိုလ်ရပ်ကော့ရင်းတန် ဦးစီးသော အင်္ဂလိပ်ရေတပ်သည် ၁၈၂၇ ခုနှစ်တွင် တူရကီရေတပ်အား'နာဗာရီးနိုး' စစ်ပွဲ၌ အနိုင်ရခြင်း၊ အယူဝါဒ နှိပ်ကွက်ရေး ဥပဒေများကို ၁၈၂၈ခုနှစ်တွင် ဖျက်သိမ်းခြင်း၊ ဗရင်ဂျီများ ချုပ်ချယ်မှုလွတ်လပ်ရေး အက်ဥပဒေတရပ်ကို ၁၈၂၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ခြင်း စသည်တို့ဖြစ်လေသည်။

စတုတ္ထဂျော့သည် ၁၈၃ဝ ပြည့်နှစ် ဇွန်လ ၂၆ ရက်နေ့တွင်ကံကုန်ခဲ့ရာ သူ၏တစ်ဦးတည်းသော သမီးတော်မှာလည်း ဘုရင်ကြီးအရင် ကွယ်လွန်ခဲ့သဖြင့် ထီးနန်းအရိုက်အရာကိုညီတော်ဖြစ်သူ စတုတ္ထဝီလျံက ဆက်ခံစိုးစံလေသည်။ စတုတ္ထဂျော့အား ရွံရှာမုန်းတီးသလောက် တိုင်းသူပြည်သားတို့၏ ချစ်ခင်လေးစားခြင်းကို ခံရသူကား ပဉ္စမဂျော့ပင် ဖြစ်လေတော့သည်။

ပဉ္စမဂျော့ (ခရစ် ၁၈၆၅-၁၉၃၆) ပြင်ဆင်ရန်

ထိုမင်းသည် တိုင်းပြည်အုပ်ချုပ်မှုရေးရာများတွင် အသိအလိမ္မာ ဉာဏ်ပညာ အမြော်အမြင်ကြီး၍ သူ၏ခမည်းတော် သတ္တမအက်ဒွပ်ဘုရင်နှင့် သူ၏ဖွားတော် ဝိတိုရိယဘုရင်မကြီးတို့၏ ခြေရာကို ကောင်းစွာနင်းနိုင်သောဘုရင် ဖြစ်၏။ သတ္တမအက်ဒွပ်ဘုရင်နှင့် အက်လက်ဇန္ဒြာမိဖုရားတို့၏ ဒုတိယ သားတော်ဖြစ်၍ ၁၈၆၅ ခုနှစ် ဇွန်လ ၃ ရက်နေ့၌ လန်ဒန်မြို့ မာလဗာရာစံအိမ်တော်တွင် ဖွားမြင်၏။ ၆ နှစ်ကျော်ခန့်အရွယ်တွင် သူ့ထက် ၂ နှစ် မျှကြီးသော နောင်တော် အဲလဗတ်မင်းသားနှင့်အတူ စာပေသင်ကြားခဲ့ပြီးနောက် ၁၂ နှစ်သားအရွယ်တွင် ရေတပ်သို့ ဝင်ရောက် အမှုထမ်းခဲ့ရာ ၁၈၉ဝပြည့်နှစ်၌ ရေကြောင်း ဗိုလ်မှူးကြီးရာထူးကို ရရှိခဲ့လေသည်။

ထိုနောက် ၁၈၉၂ ခုနှစ်တွင် နောင်တော် ကွယ်လွန်သဖြင့်နန်းညွန့်နန်းလျာ အဖြစ်သို့ ရောက်ရှိပြီးလျှင် ရေတပ်၌အမှုထမ်းခြင်းကိုလည်း စွန့်လွှတ် လိုက်ရလေတော့သည်။ ၁၈၉၂ ခုနှစ်၌ ယော့နယ်စားဘွဲ့(Duke)ကို ခံယူခဲ့ပြီးနောက် ၁၈၉၃ ခုနှစ်တွင် ဒျုဘွဲ့ရတက်နယ်စားကြီး၏ သမီးတော် မေရီမင်းသမီးနှင့် စုံဖက်၏။ ဂျော့နှင့် မေရီတို့တွင် သားသမီး ၆ယောက် ထွန်းကားခဲ့ရာတစ်ယောက် ပျက်စီးသဖြင့် သား ၄ ယောက်နှင့် သမီးတစ်ယောက် ကျန်ရှိ၏။ သားတော်များမှာ အဋ္ဌမအက်ဒွပ်ဘုရင်၊ ဆဋ္ဌမဂျော့ဘုရင်၊ ဂလော့စတာနယ်စား ဒျုဘွဲ့ရ ဟင်နရီမင်းသားနှင့် ကင့်နယ်စား ဒျုဘွဲ့ရဂျော့မင်းသားတို့ ဖြစ်ကြ၍ တစ်ပါးတည်းသော သမီးတော်မှာ မင်းသမီးကြီးမေရီ ဖြစ်သည်။

ခမည်းတော် သတ္တမအက်ဒွပ်ဘုရင်ကြီးကဲ့သို့ပင် ဘုရင်မဖြစ်မီ ဗြိတိသျှ အင်ပိုင်ယာကို လှည့်လည်ခဲ့၏။ ပင်လယ်ရပ်ခြားရှိ ဗြိတိသျှပိုင်နယ်များအကြောင်းကို မျက်မြင်ကိုယ်တွေ့လေ့လာကြည့်ရှုခဲ့၏။ ၁၉ဝ၁ ခုနှစ်တွင် ဩစတြေလျ၊ နယူးဇီလန်၊ တောင်အာဖရိကနှင့် ကနေဒါနိုင်ငံများသို့ သွားရောက်လည်ပတ်ခဲ့၏။ ဩစတြေလျသို့ ရောက်စဉ်ကပထမဆုံးဖြစ်သော ပါလီမန်ကို ဖွင့်လှစ်ခဲ့၏။ ထိုနှစ်၌ပင် ဝေလမင်းသားဘွဲ့ကို ခံယူခဲ့သည်။ ခမည်းတော်လွန်သည့် ၁၉၁ဝ ပြည့် နှစ် မေလ ၆ ရက်နေ့တွင် ထီးနန်းဆက်ခံ၍ ၁၉၁၁ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင်မှ ရာဇဘိသေကကို ခံယူသည်။ ထိုနှစ်၌ပင် ဂျော့ဘုရင်သည် အိန္ဒိယပြည်သို့ မေရီမိဖုရားကြီးနှင့်အတူတိုင်းခမ်းလှည့်လည်လေသည်။

သူ၏လက်ထက်တွင် ပထမကမ္ဘာစစ်ကြီး (၁၉၁၄-၁၈) ဖြစ်ပွားခဲ့သည်။ ထိုအတွင်း ဂျော့ဘုရင်သည် စစ်မြေပြင်ရှိရာ ပြင်သစ်နိုင်ငံသို့ အခေါက်ခေါက်အခါအခါ သွားရောက်ပြီးလျှင်စစ်သည်တော်သားများအား ကြည့်ရှု စစ်ဆေးအားပေး၏။ ၁၉၁၇ ခုနှစ်တွင် ဂျာမန်အဆောင်အယောင်များကို စွန့်ပယ်ပြီးနောက် 'ဝင်ဆာမင်းမျိုး'ဟူ၍ ကျေညာခဲ့လေသည်။ သူ၏လက်ထက်တွင် တိုင်းသူပြည်သားများက ဘုရင်အား ကြည်ညိုလေးစားမှု တိုးတက်ခဲ့၏။ အင်္ဂလန်နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးရသော ဒိုမီနီယန်တိုင်းပြည်များကြားတွင် ဘုရင်သည် အဓိကအဆက်အသွယ်ကြီး ဖြစ်လာတော့သည်။

၁၉၃၅ ခုနှစ် မေလတွင် မင်းသက် ၂၅ နှစ်မြောက်အထိမ်းအမှတ်အဖြစ် ဆီးလဗားဂျူဗလီပွဲကို အင်္ဂလန်နှင့်တကွဗြိတိသျှ အင်ပိုင်ယာနိုင်ငံ တစ်ဝန်းလုံးတွင် သိုက်မြိုက်စည်ကားစွာ ကျင်းပကြ၏။ ဤပွဲ မကျင်းပမီ ၁၉၂၈-၂၉ ခုနှစ်တွင် ဂျော့ဘုရင် အသည်းအသန် နာမကျန်းဖြစ်သော အခါ၌ ပြည်သူပြည်သားတို့ ကြောင့်ကြစိုးရိမ်ကြပုံ၎င်း၊ ၁၉၃၆ ခုနှစ် ဇန်နဝါရီ ၂ဝ ရက်နေ့၌ ဘုရင်ကံကုန်သည်တွင် အမျိုးနှင့်ချီ၍ ကြေကွဲဝမ်းနည်းကြပုံ၎င်း ထောက်ချင့်ခြင်းအားဖြင့် ဤဘုရင်အားမည်မျှလောက် ခင်မင်လေးစားကြသည်ကို ထင်ရှားစွာ သိနိုင်လေသည်။

ပဉ္စမဂျော့ဘုရင်သည် တိုင်းသူပြည်သားများအား အသံလွှင့်ဌာန ပထမဆုံး မိန့်ခွန်းစကားမြွက်ကြားခဲ့သော အင်္ဂလိပ်ဘုရင်ဖြစ်၏။ သူ၏ လက်ထက်တွင် ထင်ရှားသော အဖြစ်အပျက်အချို့မျာ မိန်းမများ မဲဆန္ဒပေးခွင့်ရရှိခြင်း၊ ပထမကမ္ဘာစစ်ကြီးဖြစ်ပွားခြင်း၊ ၁၉၂၂ ခုနှစ်တွင် အိုင်ယာလန်အား လွတ်လပ်ရေး ပေးခြင်၊ ၁၉၂၄ ခုနှစ်တွင် လေဘာအစိုးရ ပထမဆုံးအကြိမ်တက်လာခြင်းနှင့် ၁၉၂၆ ခုနှစ်တွင် အထွေထွေသပိတ်ကြီးပေါ်ပေါက်ခဲ့ခြင်းများဖြစ်၏။

ဆဋ္ဌမဂျော့(ခရစ် ၁၈၉၅-၁၉၅၂) ပြင်ဆင်ရန်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဆဋ္ဌမမြောက် ဂျော့ဘုရင်

ထိုမင်းသည် ပဉ္စမဂျော့၏ ဒုတိယသားတော် ဖြစ်၏။ ငယ်နာမည်မှာ အဲလဗတ်မင်းသားဖြစ်၍ ၁၈၉၅ ခု ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ဆန်ဒင်ဂမ်ရှိ ယော့အိမ်တော်ငယ်၌ ဖွားမြင်လေသည်။

အသက် ၁၄ နှစ်တွင် ရေကြောင်းအတတ်ကို သင်ယူပြီးနောက် ၁၇ နှစ်သားအရွယ်တွင် ရေတပ်သို့ ဝင်ရောက်အမှုထမ်းရင်း၊ အနောက်အိန္ဒိယကျွန်းစုနှင့် ကနေဒါနိုင်ငံများသို့လှည့်လည်ခဲ့၏။ ပထမစစ်ကြီးအတွင်း ၁၉၁၆ ခုနှစ်တွင်မြောက်ပင်လယ်၌ ဖြစ်ပွားသော ဂျတ်တလန်စစ်ပွဲ၌ ထူးချွန်စွာအမှုထမ်းခဲ့၏။ ၁၉၁၈ ခုနှစ်တွင် ရေတပ်လေကြောင်းဌာနခွဲ၌ ဗိုလ်မှူးကြီးရာထူးဖြင့် ခြီးမြှင့်ခြင်း ခံခဲ့ရ၏။

ထိုနောက် ကိမ်းဗရစ်တက္ကသိုလ်သို့ ဝင်ရောက်ကာ နိုင်ငံသမိုင်း၊ ဘောဂဗေဒ၊ အုပ်ချုပ်ရေးရာ၊ ပြည်သူ့နီတိနှင့် စက်မှုပညာရပ်များကို လေ့လာဆည်းပူးခဲ့၏။ ၁၉၂ဝ ပြည့်နှစ်တွင် ယော့နယ်စားဒျုဘွဲ့ကို ခံယူပြီးနောက် ၁၉၂၃ ခုနှစ်တွင် အားဘွဲ့ရ စထရက်မိုးနယ်စား၏သမီး အယ်လစ်ဇဗက်နှင့်လက်ထပ်ခဲ့လေသည်။ ကြင်ယာတော်မှာ စကော့မင်းသွေးပါသော မင်းသမီးတစ်ပါးဖြစ်၏။ သို့ဖြင့် ဇနီးမောင်နှံတွင်အယ်လစ်ဇဗက်နှင့် မာဂရက်ဟူ၍ သမီးတော်နှစ်ပါး ထွန်း ကားခဲ့ရာ သမီးတော်အကြီးဖြစ်သော အယ်လစ်ဇဗက်မင်းသမီးမှာ ထီးညွန့်နန်းလျာ ဖြစ်သည်။

ဂျော့သည် ယော့နယ်စားဘဝ၌ ကြင်ယာတော်နှင့်အတူ ၁၉၂၄ ခုနှစ်နှင့် ၁၉၂၅ ခုနှစ်များတွင် အာဖရိကတိုက်ရှိ ကင်းနယား၊ ယူဂန်ဒါးနှင့် ဆူဒန်နယ်များသို့၎င်း၊ ၁၉၂၇ ခုနှစ်တွင် ဩစတြေလျနှင့် နယူးဇီလန်၎င်း၊ သွားရောက် လည်ပတ်ခဲ့၏။ ဩစတြေလျသို့ရောက်စဉ် ဗရားမြို့၌ ပါလီမန်အဆောက်အအုံ ဖွင့်ပွဲကို တက်ရောက်ခဲ့လေသည်။

ဂျော့သည် ကစားခုန်စားဖက်တွင် ဝါသနာထုံလျက် ဘောလုံးကန်ခြင်း၊ တင်းနစ်ရိုက်ခြင်း၊ ပိုလိုရိုက်ခြင်း၊ အမဲလိုက်ခြင်းတို့တွင် နာမည်ရသူတစ်ဦး ဖြစ်၏။ ထီးနန်းမစိုးစံမီကပင် စက်မှုအလုပ်သမားဆိုင်ရာ သက်သာချောင်ချိရေး လုပ်ငန်းများ၌၎င်း၊ လူငယ်ကလပ်အသင်း လုပ်ငန်းများ၌၎င်း စိတ်ရောကိုယ်ပါ ဆောင်ရွက်ခဲ့၏။ ဘုရင်ဖြစ်ပြီးသည့်နောက်မှပင် ဆောက်သဝေါ၌ နှစ်စဉ်ကျင်းပသော လူငယ်တောစခန်းချပွဲသို့မပျက်မကွက် တက်ရောက်ခဲ့၏။

သူ၏နောင်တော် အဋ္ဌမအက်ဒွပ် နန်းတက်သောအခါ ဂျော့သည် ထီးညွန့်နန်းလျာ ဖြစ်လာပြီးနောက် ၁၉၃၆ ခုနှစ် ဒီဇဘာလ ၁၁ ရက်နေ့ အဋ္ဌမအက်ဒွပ်ဘုရင် နန်းစွန့်သည့်အခါတွင် ထီးမွေနန်းမွေကို ဆက်ခံခဲ့လေသည်။ သိဘိက်ပွဲကိုမူ ၁၉၃၇ ခုနှစ် မေလ ၁၂ ရက်နေ့တွင်မှ ကျင်းပခဲ့၏။ ၁၉၃၉ ခုနှစ်တွင် မင်းမိဖုရားနှစ်ပါးတို့သည် ကနေဒါနှင့် အမေရိကန်ပြည်ထောင်စုနိုင်ငံတို့သို့ တိုင်းခန်း လှည့်လည်ခဲ့ကြ၏။ ဒုတိယကမ္ဘာစစ်ကြီး (၁၉၃၉-၄၅) ဖြစ်လာသောအခါ မင်းမိဖုရားနှစ်ပါးတို့မှာ ကြီးလေးသောတာဝန်များကို ဆောင်ရွက်ကြရ၏။ စစ်ကြီးဖြစ်စဉ် ဂျော့ဘုရင်သည် ပြင်သစ်နိုင်ငံရှိ စစ်သည်တော်များထံသို့ ကိုယ်တိုင်သွားရောက် အားပေးခဲ့၏။ ၁၉၄၃ ခုနှစ် စစ်ပြင်းထန်နေစဉ်တွင် အာဖရိကမြောက်ပိုင်းရှိ မဟာမိတ်တပ်များသို့၎င်း၊ မော်လတာကျွန်းသို့၎င်း သွားရောက်ခဲ့၏။ ဗြိတိန်နိုင်ငံရှိ စစ်စခန်းများ၊ စစ်နှင့်ဆိုင်သောစက်ရုံများ၊ သင်္ဘောကျင်းများ၊ ဆေးရုံများနှင့် စစ်ဒဏ်ခံကြရသော နေရာများသို့ မင်းမိဖုရားနှစ်ပါးလုံးပင် သွားရောက် အားပေးခဲ့ကြ၏။

၁၉၄၇ ခုနှစ်တွင် ဂျော့ဘုရင်နှင့် မိဖုရားတို့သည် အယ်လစ်ဇဗက်မင်းသမီးနှင့်အတူ တောင်အာဖရိကနယ်ပယ်များသို့ တိုင်းခမ်း လှည့်လည်ခဲ့ကြ၏။ စစ်ဘေးစစ်ဒဏ် အလူးအလဲခံခဲ့ရသော နိုင်ငံတော်ကြီးကို ကစဉ့်ကလျားမဖြစ်စေရန် ထိန်းသိမ်း အုပ်ချုပ်ခဲ့လေသည်။

ဆဋ္ဌမဂျော့သည် ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် နတ်ရွာစံသည်။ ဆဋ္ဌမဂျော့ဘုရင်လက်ထက် ၁၉၄၈ ခုနှစ်ဦး၌ ကျွန်ုပ်တို့ မြန်မာနိုင်ငံသည် ဗြိတိသျှ လက်အောက်ခံနိုင်ငံအဖြစ်မှ လွတ်မြောက်၍ လွတ်လပ်သော အချုပ်အချာအာဏာပိုင်နိုင်ငံ ဖြစ်လာခဲ့လေသည်။


[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)