၁၉ ရာစုအစလောက်တွင် လူသိအများဆုံးဖြစ်ခဲ့သော အနာတမီပညာရှင် ရှော့ရှကူး ဗီယေသည် ၁၇၆၉-ခု၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် ပြင်သစ် နိုင်ငံ မွန်ဗေးလျားမြို့၌ ဖွားမြင်လေသည်။ ငယ်စဉ်ကပင် သဘာဝသမိုင်းပညာရပ်၌ စိတ်ဝင်စားခဲ့၏။ ကူးဗီယေသည် စတတ်ဂတ်တက္ကသိုလ်တွင် ၄ နှစ်မျှ ပညာ သင်ကြားသည်။ ထိုသို့ပညာသင်ကြားနေစဉ်က စာကြည့်တိုက် ရှိ သိပ္ပံပညာရပ်ဆိုင်ရာ စာအုပ်အားလုံးလိုလို ဖတ်ရှုခဲ့၍ တိရစ္ဆာန်ခွဲစိတ်နည်းကိုလည်း တတ်မြောက်ခဲ့သည်ဟု ဆိုလေ သည်။ ထိုနောက် ၁၉ နှစ်သားအရွယ်တွင် နော်မန်ဒီကမ်းခြေ အနီးရှိ ကန်းမြို့၌ လူကုံထံတစ်ဦး၏သားကို စာပေပို့ချ ရသော နည်းပြဆရာအလုပ်ကို ရရှိခဲ့လေသည်။ ကန်းမြို့၌ နေထိုင်ခဲ့စဉ် က ပင်လယ်ကမ်းခြေသို့မကြာခဏ သွားရောက်ခွင့် ရသည့် အလျောက် ငါး၊ ပုစွန်၊ ကနန်း အစရှိသော ရေသတ္တဝါတို့ကို ခွဲစိတ်လေ့လာနိုင်ခဲ့လေသည်။ ထို့ပြင် ကျောက်ဖြစ် ရုပ်ကြွင်း အမြောက်အမြားကိုလည်း တွေ့ရှိလေ့လာခဲ့ရ၏။ ထိုနောက် သူကဲ့သို့ပင် သဘာဝသမိုင်းပညာရပ်တွင် စိတ်ဝင်စား သူ အက်ဗေးတက်ဆီယေးဆိုသူနှင့် တွေ့ရှိခဲ့ရာ၊ တက်ဆီယေးက သူ့အား ပါရစ်မြို့သို့သွားရောက်၍ အလုပ်အကိုင်ကောင်းများ ရှာဖွေရန် တိုက်တွန်းခဲ့လေသည်။ ပါရစ်မြို့တွင် ကူးဗီယေသည် တဖြည်းဖြည်း နာမည် ကျော်ကြားလာခဲ့၏။ ၁၇၉၅ ခုနှစ်တွင် ပါရစ်မြို့ရှိ ဇာဒင်းဒါ ပလန့် ခေါ် ရုက္ခဗေဒနှင့် ပါဏဗေဒဆိုင်ရာ ဥယျာဉ်ကြီးတွင် ယှဉ်ပြအနာတမီပညာရပ်ဆိုင်ရာ လက်ထောက်ပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့ရပြီးနောက်၊ ၁၈ဝ၂ ခုနှစ်တွင် ပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့လေသည်။ ၁၇၉၅ ခုနှစ်တွင် ပြင်သစ်နိုင်ငံတော်ပညာမြှင့်တင်ရေးအဖွဲ့သို့ ရွေးကောက်တင်မြှောက်ခြင်းခံရ၏။ ၁၈ဝ၂ ခုနှစ်တွင် နပိုလီ ယန် ကသူ့အားပညာဝန်အဖြစ်ခန့်ထားခဲ့၏။ ၁၈ဝ၃ ခုနှစ်တွင် သိပ္ပံပညာတံခွန်အသင်း၏ အမြဲတမ်း အတွင်းရေးမှူးအဖြစ် ရွေးချယ် ခြင်းခံရလေသည်။ ထို့ပြင် နိုင်ငံတော်ပညာရေး ပြန်လည်ပြုပြင်မှုအတွက် ၁၈ဝ၈ ခုနှစ်တွင် ဆောင်ရွက်ခဲ့ရပြီးနောက်၊ နပိုလီယန်အထွတ် အထိပ်မှ လျှောမကျမီကလေးတွင် နိုင်ငံတော်ကောင်စီဝင်လူကြီး အဖြစ် ဆောင်ရွက်ခဲ့ရသေးသည်။ ထိုနောက်တွင် ပါရစ်တက္ကသိုလ်အဓိပတိအဖြစ် ရွေးချယ်ခြင်း ခံရပြန်သည်။ ၁၈ ဆက်မြောက် လူဝီဘုရင်လက်ထက်တွင် ဂုဏ်ထူးဘွဲ့ထူးများဖြင့် ချီးမြှင့်ခြင်းခံရပြီးလျှင် အစိုးရအဖွဲ့ ဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့ရသော်လည်း၊ ဒသမ ချားဘုရင် လက်ထက်တွင်ကား လွတ်လပ်စွာ ရေးသားဝေဖန်ခွင့်အတွက် ထောက်ခံပြောဆိုခဲ့သောကြောင့် ချားဘုရင်၏အငြိုအငြင်ကို ခံခဲ့ရလေသည်။ သို့သော် လူဝီဖိလစ် ဘုရင်လက်ထက်တွင် ဗဲရွန်ဘွဲ့ ပေးအပ်ချီးမြှင့်ခြင်းခံခဲ့ရသည့်ပြင် ၁၈၃၂ ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးအဖြစ် ရွေးချယ်ခန့်ထားခြင်း ခံခဲ့ရလေသည်။ ထိုသို့ ပြည်ထဲရေးဝန်ကြီးအဖြစ် နိုင်ငံတော်အကျိုးကို ထမ်းဆောင်လျက်ရှိစဉ် ၁၈၃၂ ခု မေလ ၁၃ ရက်နေ့တွင် လေဖြတ်သဖြင့် ရုတ်တရက် ကွယ်လွန်လေသည်။ ၁၈ဝဝ ပြည့်နှစ်မှ ၁၈ဝ၅ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော သူ၏ယှဉ်ပြအနာတမီပညာဆိုင်ရာ ကျမ်း ၅ တွဲမှာ ထိုစဉ်က ထင်ရှားကျော်ကြားလေသည်။ ယှဉ်ပြအနာတမီပညာ စနစ် တကျလေ့လာရေးအတွက် ပထမဦးစွာပေါ်ထွက်လာသော စာအုပ်များ ဖြစ်ပေသည်။ ၁၈၁၇ ခုနှစ်တွင် 'တိရစ္ဆာန်လောက' ခေါ်စာအုပ်ကို ရေးသားပုံနှိပ်ထုတ်ဝေခဲ့၏။ ယင်းစာအုပ်မှာ သူ၏အကောင်းဆုံး သောလက်ရာ ဖြစ်ပေသည်။ ထိုစာအုပ်တွင် သူလေ့လာစူးစမ်း ရှာဖွေတွေ့ရှိခဲ့သော နည်းများအရ၊ တိရစ္ဆာန်တို့ကို အမျိုးအစား ခွဲခြားဖော်ပြခဲ့လေသည်။ နှစ်ပေါင်းအတော်ကြာပင် ပါဏဗေဒ ပညာရပ်အတွက် များစွာအထောက်အထားပြုခဲ့ရသော စာအုပ် ဖြစ်သည်ဟု ဆိုလေသည်။ ထို့ပြင် ၁၈၁၂ ခုနှစ်တွင် ရေးသားထုတ်ဝေခဲ့သော ခြေလေး ချောင်းသတ္တဝါများဆိုင်ရာ ကျောက်ဖြစ်ရုပ်ကြွင်းများ စာအုပ် ကြောင့်၊ ရှေးခေတ် ကျောရိုးသတ္တဝါများဆိုင်ရာ ရုပ်ကြွင်း ကျောက်ပညာ ပေါ်ထွန်းခဲ့ရသည်ဟုဆို၏။[၁]

ပြင်သစ်သဘာဝသိပ္ပံပညာရှိ ဂျော့ရှ် ကူးဗီယေ

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)