ပင်မမီနူးကို ဖွင့်ရန်

မာလဗာရာမြို့စားသည် အင်္ဂလန်ပြည်၏ ထင်ရှားသော ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်၏။ လက်ရုံးရည်နှင့်ပြည့်ဝသကဲ့သို့ပင် နှလုံးရည်နှင့်လည်းပြည့်ဝရကားနိုင်ငံရေးပရိယာယ်တွင်ကျွမ်းကျင်လိမ္မာ၏။ မာလဗာရာမြို့စား၏ အမည်ရင်းမှာ ဂျွန်ချာချီဖြစ် သည်။ မျက်မှောက်ခေတ်တွင် ထင်ရှားကျော်စောသော အင်္ဂလိပ် နိုင်ငံပြုသုခမိန် နန်းရင်းဝန်ဟောင်း ဆာဝင်စတန်ချာချီသည် မာလဗာရာမြို့စားမှ ဆင်းသက်ပေါက်ဖွားလာသူ ဖြစ်သည်။

ဂျွန်ချာချီသည် ခရစ် ၁၆၅ဝ ပြည့်နှစ်တွင် ဒက်ဗွန်ရှိုင်ယာနယ်၌ မွေးဖွားသည်။ သူ၏ဖခင်မှာ ဆာဝင်စတန်ချာချီဖြစ်၏။ ဂျွန်ချာချီသည် ၁၆၆၃ ခုနှစ်မှ ၁၆၆၅ ခုနှစ်အထိ စိန်ပေါ ကျောင်းတွင် ပညာသင်ယူ၏။ ၁၆၆၅ ခုနှစ်တွင် ဒျူဘွဲ့ရ ယော့မြို့ စား၏ထံတွင် လက်ပါးစေကလေး တစ်ဦးအဖြစ် အမှုထမ်းခဲ့၏။ ၁၆၆၇ ခုနှစ်တွင် စစ်ဖက်သို့ ဝင်ရောက်ကာ အမှုထမ်းရာ၌ တန်ဂျီးယားပြည်တွင် မူးဝါးလူမျိုးတို့နှင့် ပွဲဦးထွက် တိုက်ခိုက်ခဲ့ရ ၏။ ထိုနောက် ဒပ်ချ်တို့နှင့် တိုက်သော စစ်ပွဲတွင်လည်း ပါဝင် ဆင်နွှဲခဲ့ရ၍ ပြင်သစ် စစ်သူကြီး တူရင်းလက်အောက်တွင် အမှုထမ်း ခဲ့ရလေသည်။ တူရင်းမှာ ထိုခေတ်အခါက စစ်မှုရေးရာတွင် ပြောင်မြောက် ထင်ရှားသော ပုဂ္ဂိုလ်ကြီးဖြစ်သည်။ ဂျွန်ချာချီသည် ရာထူး အတက် အလွန်မြန်ခဲ့၏။ မတ်စတရစ်မြို့ကိုဝန်းရံလုပ်ကြံရာတွင် သူ၏ ပြုမူဆောင်ရွက်ချက်များကို သဘောကျကြသဖြင့် နာမည် ထင်ရှားလာကာ မကြာမီပင် ဒုဗြိုလ်မှူးကြီးရာထူးသို့ တိုးမြှင့်ပေး ခြင်းခံရ၏။ ဂျွန်ချာချီသည် ရဲစွမ်းသတ္တိနှင့် ပြည့်စုံသည်မှန်သော်လည်း သူ၏အစ်မသည် ဒျူဘွဲ့ရ ယော့မြို့စားနှင့်ရင်းနှီး သောကြောင့် လည်း ထိုသို့ ရာထူးတိုးတက်မှု မြန်ဆန်ခြင်း ဖြစ်ကောင်းဖြစ်ပေ မည်။

အင်္ဂလန်ပြည်သို့ ပြန်ရောက်သောအခါ အန်းမင်းသမီး၏ အပျိုတော်ဖြစ်သူ ဆယ်ရာဂျင်းနင်းနှင့် ထိမ်းမြား၏။ ဆယ်ရာဂျင်း နင်းကို အကြောင်းပြု၍ မင်းသမီး၏ အရေးပေးခြင်းကို ခံရလေ သည်။ ယော့မြို့စားသည် ဒုတိယ ဂျိမ်းဘုရင်အဖြစ် အင်္ဂလိပ် ထီးနန်းကိုဆက်ခံသောအခါ ဂျွန်ချာချီတို့ဇနီးမောင်နှံသည်ပိုမို ကောင်းစားခဲ့လေသည်။ ဂျိမ်းဘုရင် နန်းတက်ပြီးနောက် မကြာမီပင် ပုန်ကန်ထကြွမှု ဖြစ်ပွားရာတွင် ဂျွန်ချာချီသည် သူပုန်ရန်ကို ကိုယ်တိုင်ဦးစီးကာ ချေမှုန်းတိုက်ခိုက်အောင်မြင်ခဲ့လေသည်။သို့သော် ဒုတိယ ဂျိမ်းဘုရင်သည် တိုင်းပြည်လူထုနှင့် တစ်ဖက်တစ်လမ်း ပြုလာသောအခါ လူထုဖက်မှလိုက်ပါဆောင်ရွက်ခဲ့၍၊ ၁၆၈၈ ခုနှစ်တွင် ဩရိန်းမင်းသား ဝီလျံနှင့် မေရီမင်းသမီး တို့ကို နန်းတက်ရာ၌လည်း ဂျွန်ချာချီသည် ရှေးတန်းမှ ပါဝင်ခဲ့လေ သည်။ ဂျွန်ချာချီသည် နန်းကျဘုရင် ဂျိမ်းလက်ထက်က ချီးမြှင့် မြောက်စားခြင်း ခံရသူတစ်ဦးဖြစ်ကြောင်းကို လည်းကောင်း၊ နန်းကျဘုရင် ဂျိမ်းနှင့် အဆက်အသွယ်ရှိနေသေးကြောင်းကို လည်းကောင်း ဝီလျံဘုရင်သည် ကောင်းစွာ သိရှိခဲ့၏။သို့သော် ဂျွန်ချာချီသည် စစ်တပ်တွင် ဩဇာညောင်းသူဖြစ်ရကား၊ အားဘွဲ့ချီးမြှင့်ကာမာလာ ဗာရာမြို့စားအဖြစ် သူကောင်းပြုခဲ့၏။ ထိုပြင် စပိန်ထီးနန်းဆက်ခံ ရေးစစ်ပွဲတွင် နယ်သာလန်ရှိ အင်္ဂလိပ်စစ်တပ်များကို ဦးစီးကာ တိုက်ခိုက်စေခဲ့လေသည်။ ၁၆၉၂ ခုနှစ်တွင် မာလဗရာမြို့စားသည် ရာထူးမှ ရုတ်တရက် နုတ်ပယ်ခြင်းခံရကာ လန်ဒန်မျှော်စင်တွင် သစ္စာ ဖောက်မှုဖြင့် အကျဉ်းချထားခြင်း ခံရ၏။ သို့သော် များမကြာမီပင် အကျဉ်းမှ လွန်မြောက်လျက် ရှေးကကဲ့သို့ပင် ပြန်လည်ချီးမြောက် ခြင်းခံရကာ ကြီးမြင့်သော ရာထူးများတွင် ခန့်ထားခြင်း ခံရလေ သည်။ ၁၇ဝ၂ ခုနှစ်၌ အန်းမင်းသမီး ထီးနန်း ဆက်ခံရ၏။ မာလဗာရာ မြို့စားကတော်သည် အန်းဘုရင်မ၏ အပျိုတော်ဖြစ်ခဲ့ရာ ဘုရင်မအပေါ်တွင် ဩဇာညောင်းလျက်ပင် ရှိသောကြောင့် မာလ ဗာရာမြို့စားနှင့် မြို့စားကတော်တို့သည် ပိုမို၍ တန်ခိုးကြီးမားလာ လေသည်။ အန်းဘုရင်မသည် မာလဗာမြို့စားအား လက်နက်ကိုင်တပ် ဟူသမျှ၏ သေနာပတိအဖြစ် ခန့်ထား၏။ မာလဗာရာ မြို့စားသည် လည်း ချီးမြေ|ာက်ထိုက်သော အရည်အချင်းများနှင့် ပြည့်စုံသူ ဖြစ်လေသည်။ ၁၇ဝ၂ ခုနှစ်မှ ၁၇၁၃ ခုနှစ်အထိ ဖြစ်ပွားသော စပိန်ထီးနန်း ဆက်ခံရေးစစ်ပွဲတွင် မာလဗာရာမြို့စားသည် မိမိ၏ မနှိုင်းရှည့်သာအောင် ထူးခြားသောစစ်မှုရေးရာ ကျွမ်းကျင်မှုကို ထုတ်ဖော်ပြသခဲ့လေသည်။ ထိုစစ်ပွဲတွင် ဒပ်ချ်စစ်တပ်များကို ဦးစီး ခဲ့ရ၏။ ပြင်သစ်တို့နှင့် တိုက်ခိုက်ရာတွင် အထူးတလည် အောင် မြင်ခဲ့၏။ ယင်းသို့ စွမ်းစွမ်းတမံ၊ အမှုတော်ကို ထမ်းရွက်ခဲ့သည့် အတွက် ဒျုဘွဲ့ဖြင့် ထပ်လောင်း ချီးမြှင့်သူကောင်းပြုခြင်း ခံရပေ သည်။ ယင်းသည့်နောက် ၁၇ဝ၄ ခုနှစ်၌ ဩစတြီးယန်းမင်းသား ကြီး ယူဂျင်းနှင့်တွဲဖက်၍ ဗလင်းနင်းတိုက်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့ ရာတွင် ပြင်သစ်တို့အား အပြတ်အသတ် အနိုင်ရလိုက်လေသည်။ ထိုတိုက်ပွဲသည် သူ့အား ဥရောပတိုက်တွင် ထိပ်တန်းအကျဆုံး ဗိုလ်ကြီးအဖြစ် ထင်ရှားစေခဲ့လေသည်။

ထိုမျှမကသေး၊အင်္ဂလန်ပြည်သူပြည်သားတို့က ဗလင်းနင်းတိုက်ပွဲ တွင် အောင်မြင်မှုအတွက် သူ့အားဂုဏ်ပြုသောအားဖြင့် အောက်စဖို့ ရှိုင်ယာနယ်ရှိ ကျယ်ပြန့်လှသော ဝုစတော့ခြံကြီးနှင့်တကွ ထိုခြံကြီး အတွင်း ခမ်းနားကြီးကျယ်သော ဗလင်းနင်းနန်းတော် ကြီးကို ဆောက်လုပ်ကာ လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြ လေသည်။ ထိုနောက် ရမ်းမီးယီး(၁၇ဝ၆)၊ အိုဒနဒ်(၁၇ဝ၈)နှင့် မာလပလာကေး (၁၇ဝ၉) တိုက်ပွဲများတွင်လည်း ဆက်ကာဆက်ကာ အောင်မြင်လေ သည်။ ယင်းသည့် အောင်ပွဲများကြောင့်ပင် စစ်ပြီး၍ ယူးထရက် စစ်ပြေငြိမ်းရေး စာချုပ်ကို ချုပ်ဆိုရာတွင် အခွင့်အရေးများ တပန်း သာအောင် ရခဲ့လေသည်။

သို့သော် မာလာဗာရာမြို့စား၏ ကံကြမ္မာသည် ညိုးမှိန်စ ပြုလာပြီးလျှင် ဩဇာလွှမ်းမိုး တန်ခိုးထွားခဲ့သောပုဂ္ဂိုလ်ကြီး အဖြစ်မှ လျှောကျနောက်ဆုံးရှိချေသော ဘဝသို့ရောက်စေသော အကြောင်းများ ဖန်လာတော့၏။ အန်းဘုရင်မနှင့် အလွမ်းသင့်လှသဖြင့် ဘုရင်မအပေါ်တွင် ဩဇာလွှမ်းမိုးကာ မာနတံခွန်ထူခဲ့သော မြို့စား ကတော်သည် ဘုရင်မနှင့် စိတ်သဘောချင်း မညီညွတ်တော့သဖြင့် မသင့်မတင့် ဖြစ်လာကြ ၏။ တစ်စတစ်စနှင့် သည်းမခံနိုင်သည့် အလျောက် ဘုရင်မသည် မြို့စားကတော်အား နန်းတော်မှ နှင်ထုတ် လေ၏။ မာလဗာရာမြို့စားလည်း ရာထူးမှ နုတ်ပယ်ခြင်းခံရ၏။ ထိုမျှမကသေး အစိုးရငွေကို အလွဲသုံးစားပြုလုပ်သည်ဟု မလိုသူတို့ က သူ့အားစွပ်စွဲပြောဆိုခြင်းကိုလည်း ခံရလေသည်။ မြို့စားကြီး၏ စိတ်နေသဘောထားနှင့် စပ်လျဉ်း၍ အကျိုး အပြစ်ပြကာ ဝေဖန်စရာရှိသော်လည်း၊ သူ၏ စစ်မှုရေးရာအရည် အချင်းနှင့် စပ်လျဉ်း၍ကား မည်သူမျှ အပြစ်မပြောနိုင်ပေ။ မြို့စား ကြီးကား မိမိဖက်သို့ သူတစ်ပါး ပါလာအောင် ဆွဲဆောင်နိုင်သည့် ဥပဓိရုပ်ရှိ၍ နိုင်ငံရေးပရိယာယ်တွင်လည်း ကျွမ်းကျင်လိမ္မာသူ ဖြစ် လေ၏။ မြို့စားကြီး နိမ့်ကျသွားရခြင်းမှာ သူ၏အရည်အချင်းချွတ် ယွင်းမှုကြောင့် မဟုတ်ဘဲ၊ မောက်မာဝင့်ဝါလှသော မြို့စားကတော် ကြောင့်သာ ဖြစ်လေသည်။ မြို့စားကတော်ကြောင့် ကောင်းကျိုးခံ စားခဲ့ရသလောက် ဆိုးပြစ်ကိုလည်း ခံစားခဲ့ရ၏။

၁၇၁၄ ခုနှစ်တွင် အန်းဘုရင်မ ကွယ်လွန်၍ ပထမ ဂျော့ဘုရင် နန်းတက်လာသောအခါ မြို့စားကြီးအား စစ်ဗိုလ်ချုပ် ရာထူးကို ပြန်လည် နှင်းအပ်ခဲ့လေသည်။ သို့ရာတွင် မြို့စားကြီး ကား ယခင်ကကဲ့သို့ ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိတော့ ချေ။ ၁၇၂၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် မြို့စားကြီး ကွယ်လွန်လေရာ၊ ဝက်စမင်စတာအက်ဗေးအတွင်း ခမ်းနားစွာ မြှုပ်နှံသင်္ဂြိုဟ်ခဲ့၏။ နောင်အခါတွင်မူ ဗိုလ်ချုပ်ကြီး၏ ရုပ်အလောင်း ကို ဗလင်းနင်းနန်းတော် ဘုရားရှိခိုးကျောင်းဝင်းအတွင်းသို့ ရွှေ့ ပြောင်းမြုပ်နှံခဲ့လေသည်။[၁]


ကိုးကားပြင်ဆင်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)