ဂျွန် ဂျယ်လီကို

တော်ဝင် ရေတပ် အရာရှိ

ဗြိတိသျှ ရေကြောင်းဖက်တွင် ထင်ရှားသောပုဂ္ဂိုလ်ကြီးများ တွင် ဆာဂျွန်ရပ် ရှဝပ်ဂျယ်လီကို(John Rushworth Jellicoe, 1st Earl Jellicoe)လည်း တစ်ယောက် အပါအဝင် ဖြစ်သည်။ ဂျယ်လီကိုသည် ၁၈၅၉ ခုတွင် ဆောက်သမ္ပတန်မြို့၌ ဖွားမြင်သည်။ ငယ်စဉ်အခါကပင် ရေကြောင်းဖက်၌ စိတ်အားထက်သန်သဖြင့် ၁၈၇၂ ခုနှစ် ၁၃ နှစ်သားအရွယ်တွင် ရေတပ်သို့ ဝင်ခဲ့သည်။ သူ၏ဖခင်မှာ ကုန်သွယ်ရေကြောင်းဆိုင်ရာတွင် မာလိန်မှူးဖြစ်၍ သူ၏ဘေးမှာ စစ်ပွဲပေါင်းများစွာ၌ ပါဝင်တိုက်ခိုက်သဖြင့် ပွဲရခဲ့သော ဒုတိယရေကြောင်းဗိုလ်ချုပ်ကြီး ဖိလစ်ပက်တန် ဖြစ်သည်။

နယူးဇီလန်၏ ဒုတိယ ဘုရင်ခံချုပ် ဂျွန် ဂျယ်လီကိုး

ဂျယ်လီကိုသည် ရေတပ်သို့ဝင်ပြီး၍ ၈ နှစ်ကြာသောအခါ ရေတပ်ဗိုလ်ကြီးရာထူးသို့ တိုးမြှင့်ပေးခြင်းခံရသည်။ ဂျယ်လီ ကိုသည် ရေကြောင်းဖက်တွင် အမှုထမ်းသက်ရင့်လေလေ၊ အရည်အချင်း တိုးတက်ထူးချွန်လေလေဖြစ်ရကား အရေးကြီးသော တာဝန်များကို ရွပ်ရွပ်ချွံချွံ ဆောင်ရွက်နိုင်ခဲ့သဖြင့် ဆုတံဆိပ်မြောက်မြားစွာဖြင့် ခြီးမြှင့်ခြင်း ခံရလေသည်။ ရာထူးများလည်း တိုးတက်လာလေသည်။ ၁၉ဝ၇ ခုနှစ်တွင် ရေကြောင်း ဗိုလ်ချုပ်ကလေးအဖြစ် ခန့်အပ်ခြင်းခံရပြီးနောက် ၁၉၁၄ ခုနှစ် ပထမကမ္ဘာစစ်ကြီးတွင် ဂျယ်လီကိုသည် ရေကြောင်း သေနာပတိချုပ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရ၍ မဟာရေတပ်မတော်ကို အုပ်ချုပ်ရသည်။ ၁၉၁၆ ခုနှစ် မေလ ၃၁ ရက်နေ့တွင် တိုက်ခိုက်သော ဂျတ်တလန်စစ်ပွဲတွင် ဂျာမန် ရေတပ်ကြီးကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နှိမ်နင်းလိုက်သောကြောင့် ဘွဲဲ့ထူးဂုဏ်ထူးများစွာဖြင့် သူကောင်းပြုခြင်း ခံရလေသည်။

ထိုနှစ် နိုဝင်ဘာလမှစ၍ ပထမရေကြောင်းဆိုင်ရာ အမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည်။ ၁၉၁၈ ခုနှစ်တွင် ဗိုင်းကောင့်ခေါ် သူကောင်းဘွဲ့ဖြင့် ချီးမြေ|ာက်ခြင်း ခံရပြီးနောက် ၁၉၁၉ ခုနှစ်တွင် ရေကြောင်းဗိုလ်ချုပ်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ထိုကြောင့် ဂျယ်လီကိုသည် ပထမကမ္ဘာစစ်၏ ရေကြောင်းအာဇာနည်အဖြစ် ယခုတိုင် ကျော်ကြားလျက် ရှိသည်။ ၁၉၂ဝ ပြည့်နှစ်မှ ၂၄ ခုနှစ်အထိ နယူးဇီယန်ကျွန်းတွင် ဘုရင်ခံချုပ် ဖြစ်လာသည်။ ၁၉၂၅ ခုနှစ်အထိ ပဉ္စမဂျော့ဘုရင်မင်းမြတ်က'အား'ခေါ် သူကောင်းဘွဲ့ဖြင့် မှူးမတ်ငယ်အဖြစ် အပ်နှင်းချီးမြှင့် ပြန်လေသည်။ ဂျယ်လီကိုကား ရေကြောင်းအမြောက်ပစ်အတတ်များတွင် ထူးချွန်သော ပါရဂူတစ်ဦးဖြစ်သည့်အလျောက် သူ၏ဆောင်ရွက်ချက်အရ ဗြိတိသျှအမြောက်ဌာနသည် အထူးပင် တိုးတက်ခဲ့လေသည်။ ထိုရေကြောင်းအာဇာနည် ပုဂ္ဂိုလ်ကြီးကား ၁၉၃၅ ခုနှစ် နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် ကွယ်လွန်ရာ သူ၏ ရုပ်အလောင်းကို အခြားသော ဗြိတိန်အာဇာနည်ပုဂ္ဂိုလ်ကြီးများနှင့်အတူ စိန်ပေါဘုရားရှိခိုးကျောင်းတွင် မြှုပ်နှံထား လေသည်။ ထိုပုဂ္ဂိုလ်ကြီး ရေးသားခဲ့သော 'မဟာရေတပ်မတော်' (၁၉၁၄-၁၆)နှင့် 'ရေကြောင်းစစ်ပွဲ၏ အဖြစ်အပျက် များ'ဟူသော စာအုပ် ၂ အုပ်ကား ဗြိတိသျှရေကြောင်းဆိုင်ရာ မှတ်တမ်းကြီးများသဖွယ်ဖြစ်ရာ ရာဇဝင်ကို အထောက်အပံ့ အလွန်ပေးသော အဖိုးတန်သည့်စာအုပ်ကြီးများပင် ဖြစ်ပေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)