ဂျွန် ဒေးဗစ် မက္ခဖီး (၁၉၄၅ စက်တင်ဘာ ၁၈ - ၂၀၂၁ ဇွန် ၂၃) သည် ဗြိတိန်-အမေရိကန် ကွန်ပျူတာပရိုဂရမ္မာ၊ စီးပွားရေးသမားနှင့် နှစ်ကြိမ်တိုင် သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်ဖူးသူ ဖြစ်သည်။ ၁၉၈၇ တွင် ပထမဆုံး စီးပွားဖြစ် အန်တိုင်ဗိုင်းရပ်စ်ဆော့ဝဲလ်ကို ရေးပြီး ၎င်းကိုရောင်းရန် မက္ခဖီးရောင်းရင်းများလုပ်ငန်းကို ထောင်သည်။ ၁၉၉၄ ခု၌ ကုမ္ပဏီမှ ရှယ်ယာအားလုံးကို အင်တဲလ်သို့ရောင်းကာ ၎င်းလုပ်ငန်းမှ ထွက်သည်။

၎င်းနောက်တွင် မက္ခဖီးသည် အလုပ်မဖြစ်သော ဟန်ပြဆော့ဝဲလ်သာဖြစ်သည်ဟု ဝေဖန်ကာ ထိုအန်တိုင်ဗိုင်းရပ်စ်ဆော့ဝဲလ်အား ဖြုတ်ရန် သုံးစွဲသူတို့ကို အဓိကတိုက်တွန်းသူ ဖြစ်လာသည်။ အင်တဲလ်က အမည်ပြောင်းရန် ခေတ္တမျှ ကြိုးပမ်းဖူးသော်လည်း နောက် မက္ခဖီးဟူသောအမည်အတိုင်း ပစ္စည်းတံဆိပ်ကို ဆက်ထားခဲ့သည်။

၂၀၀၇ ခုတွင် ဒေါလာ သန်း ၁၀၀ မျှ ကြွယ်ဝဖူးသည်။ သို့သော် စီးပွားပျက်ကပ်၌ မသင့်လျော်သော ရင်းနှီးမြှုပ်နှံမှုတို့ကြောင့် ကံကောင်းမှုတို့ ပြုန်းလေသည်။ သူပိုင်ကုမ္ပဏီမှ ထွက်ပြီးနောက် ပေါဝေါ စကားပြောပရိုဂရမ်ထုတ်သည့် ထရစ်ဘယ်လ်ဗွိုက်စ်၊ ကိုရမ်အိက်စ်၊ ဖျူးချားတန့်စ် စန်ထရယ်၊ အဲဗားကီး၊ အမ်ဂျီတီ အရင်းရင်းနှီးမြှုပ်နှံမှု၊ လက်စကိုးနှင့် အခြားသော လုပ်ငန်းများကို ထူထောင်ဖူးသည်။ စမတ်ဖုန်းအက်ပ်၊ ဝှက်စာသွင်းငွေကြေးစနစ်၊ ယောဂနှင့် စိတ်ပျော်ဆေးလုပ်ငန်းများတွင် ကျင်လည်သည်။ ဘလိဇ်၌ နှစ်အတန်ကြာအခြေချသော်လည်း ၂၀၁၃ ခု၌ လူသတ်မှုတွင် သံသယရှိသူအဖြစ် အဖမ်းအဆီးပြုခြင်းကို ရှောင်ရန် အမေရိကန်သို့ ပြန်လာသည်။

၂၀၂၀ အောက်တိုဘာလတွင် အခွန်ရှောင်မှုအတွက် အမေရိကန်နိုင်ငံကိုယ်စား စပိန်က မက္ခဖီးကို ဖမ်းသည်။ အမေရိကန်ဖယ်ဒရယ်အစိုးရရှေ့နေတို့က မက္ခဖီးသည် လေးနှစ်ကြာ ဝင်ငွေခွန်ပေးရန် ရှောင်လွှဲနေကြောင်း အမှုတင်ပြီးသောကြောင့်တည်း။

စပိန်က အမေရိကန်သို့ လွှဲတော့မည်ဟု ကြေညာပြီး မရှေးမနှောင်းကာလဖြစ်သော ၂၀၂၁ ခု၊ ဇွန်လ ၂၃ ရက်တွင် မက္ခဖီးကို ဘာစီလိုနာအနီးရှိအကျဉ်းခန်းထဲ၌ ကြိုးဆွဲ၍သတ်သေကြောင်း တွေ့ရသည်။