ရှိတ်စပီးယားမှတစ်ပါး အထင်ပေါ် အကျော်စောဆုံးသော အင်္ဂလိပ်ကဗျာဆရာကြီးမှာ ဂျွန်မီလတန်(ခရစ် ၁၆ဝ၈ - ၁၆၇၄) ဖြစ်လေသည်။ ထိုပုဂ္ဂိုလ် ကြီးကား ကဗျာစာဆိုကြီး တစ်ဦးသာမက နိုင်ငံရေးစာရေးဆရာကြီး လည်း ဖြစ်ပေသည်။ မီလတန်သည် ၁၆ဝ၈ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် လန်ဒန်မြို့၌ မွေးဖွားခဲ့ရာ ရှိတ်စပီးယား မကွယ်လွန်မီ ၈ နှစ်ခန့်ကဖြစ်၏။ ဖခင်ဖြစ်သူမှာ စာချုပ်စာတမ်းများရေးသူနှင့် ငွေချေးကိုယ်စားလှယ်အလုပ်ဖြင့် အသက်မွေးသူ ဖြစ်လေသည်။

ဂျွန် မီလတန်၏ ပုံတူပန်းချီကား

သို့သော် တူရိယာဂီတဖက်တွင် ဝါသနာထုံ၍ သီချင်းများလည်း ရေးတတ်၏။ စာပေလည်း အတော်အတန် တတ်မြောက်လေသည်။ သူ၏ အလုပ်အကိုင်ဖြင့် ဝင်ငွေလမ်းဖြောင့်နေသော လူရည်တတ် တစ်ဦးဖြစ်သည့်အတိုင်း သားဖြစ်သူ ဂျွန်မီလတန်အား အိမ်၌ ဆရာများဖြင့် ပညာသင်စေပြီးလျှင် သူကိုယ်တိုင်လည်း သင်ကြားပေးခဲ့လေသည်။ မီလတန်သည် ဖခင်ဖြစ်သူကဲ့သို့ပင် အတီးအမှုတ် တော်သည့်ပြင် အသံကောင်းကောင်းနှင့် အဆိုပိုင်သူတစ်ဦး ဖြစ်လေ သည်။ ၉ နှစ်သားအရွယ်မှစ၍ ကဗျာများစတင် ရေးသားခဲ့လေ သည်။

၁၂ နှစ်အရွယ်တွင် စိန်ပေါကျောင်းသို့ တက်ရောက်ပညာသင်ယူ၏။ ဂရိ၊ ပြင်သစ်၊ အီတာလျံ၊ ဟီဗြူဘာသာစာပေတို့နှင့် အက်ဒမန် ဆပင်စာ၏ ကဗျာများကို လေ့လာဆည်းပူးခဲ့၏။ နောင်အခါတွင် သူ၏ စိတ်ကူးစိတ်သန်းများမှာ ဆပင်စာ၏ ကဗျာများကို လေ့လာရာမှ ပေါ်ပေါက်ခဲ့သည်ဟု ဝန်ခံလေသည်။

ထိုနောက်တွင် ကိမ်းဗရစ်တက္ကသိုလ် ခရိုက်ကောလိပ်တွင် ၁၇ နှစ်အရွယ်မှ ၂၄ နှစ် အရွယ်တိုင်အောင် ၇ နှစ်မျှ ပညာဆည်းပူးခဲ့ရာ စာပေများကို အထူးလေ့လာလိုက်စားခဲ့လေသည်။ မီလတန် မှာ ပိန်ပိန်ပါးပါးနှင့် ရုပ်ရည်သန်ပြန့်တင့်တယ်သူ ဖြစ်လေသည်။ 

ပညာဉာဏ် ပါရမီထူးခြားသူဖြစ်၍ စာပေ သင်အံလေ့ကျက်ရာ၌ တစ်တန်းထဲနေ အခြားသူများထက် ပေါက်ရောက်တတ်မြောက်ခဲ့လေသည်။ မိမိ၏ အကျင့်စာရိတ္တတွင် မှဲ့တစ်ပေါက်အစွန်းမခံရအောင် ခပ်တည်တည် ခပ်အေးအေး နေတတ်သဖြင့် ပညာချွန်သော်လည်း ခင်မင်ရင်းနှီးသူ မများလှချေ။

မီလတန်မှာ ငယ်ရွယ်စဉ်ကပင် အယူဝါဒဘက်တွင် ရိုသေကိုင်းရှိုင်းသူဖြစ်ရာ၊ မိဘများက သူ့ကို သာသနာ့ဝန်ထမ်း ဖြစ်စေလို၏။ သို့သော် ထိုစဉ်က အင်္ဂလန်သာသနာရေးဂိုဏ်း၏ စည်းမျဉ်း နှင့် ဝါဒများကို မီလတန်သည် သဘောမကျခဲ့သဖြင့် သာသနာ့ဘောင်သို့ ဝင်ရန်အကြံကို နောင်အခါတွင် စွန့်လွှတ်လိုက်လေသည်။

တက္ကသိုလ်မှထွက်ပြီးသည့်နောက်တွင် မီလတန်မှာ ပညာဆည်းပူး၍ မပြည့်စုံသေးဟု ယူဆထားသဖြင့် စာပေကို ဆက်လက် လေ့လာလိုက်စားလိုသော ဆန္ဒရှိနေခဲ့သေး၏။ ထိုအခါ သားဖြစ်သူ၏ အစွမ်းအစ တိုးတက်လာရေးအတွက် ဆောင်ရွက်ပေးလိုသော ဆန္ဒ အမြဲပင်ရှိနေခဲ့သောဖခင်ဖြစ်သူသည် သားဖြစ်သူ အလိုရှိသည့်အတိုင်း လန်ဒန်မှ မိုင် ၂ဝ ဝေးသော ဗတ်ကင်ဟမ်ရှိုင်ယာနယ် ဟော်တန်မြို့ရှိ သူပိုင်သော တောပိုင်းအိမ်တွင် စိတ်တိုင်းကျ စာပေများ ဆက်လက်လိုက်စားကာ အေးချမ်းစွာ နေထိုင်နိုင်အောင် စီစဉ်ပေးခဲ့လေသည်။ မီလတန်သည် ထိုအိမ်တွင် ၆ နှစ်မျှ အသက် ၇ဝ ကျော် ဖခင်အိုကြီးနှင့်အတူ နေထိုင်၍ ရှိတ်စပီးယားနှင့် ဆပင်စာတို့၏ စာပေများ၊ အခြားစာကြီးပေကြီးများ၊ ဂရိနှင့် အီတာလျံ သမိုင်းနှင့် စာပေတို့ကို ဖတ်ရှုလေ့လာ လိုက်စားခဲ့လေ၏။ ထိုအတောအတွင်း သူ၏ အကောင်းဆုံးကဗျာများဟု ဆိုလောက်သည့် သီချင်းကဗျာများကိုလည်း စပ်ဆိုခဲ့လေသည်။

၁၆၃၇ ခုနှစ်တွင် မိခင် ကွယ်လွန်သွားပြီးနောက် ၁၆၃၈ ခုနှစ် အသက် ၃ဝ အရွယ်တွင် မီလတန်သည် ဥရောပတိုက်သို့ ဒေသန္တရခရီးထွက်ခဲ့လေသည်။ ယင်းသို့ ခရီးထွက်ခဲ့ရာတွင် ထို ခေတ်အခါက ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်ကြီးများနှင့် တွေ့ဆုံခဲ့ ရလေ၏။ ၁၅ လခန့် ဥရောပတိုက်တစ်လွှားတွင် လည်ပတ်နေခဲ့စဉ် အင်္ဂလန်ပြည်တွင် ဘုရင်နှင့် ပါလီမန်တို့ အာဏာလုနေသည့်အတွက် ပြည်တွင်းစစ် ဖြစ်လုဆဲဆဲရှိနေသည်ဟူသော သတင်းကို ကြားရလေသည်။

ထိုအခါ မိမိ၏ တိုင်းပြည်တွင် လှုပ်လှုပ်ရွရွဖြစ် နေစဉ် မိမိက စိတ်လက်အေးချမ်းပျော်ရွှင်စွာဖြင့် လည်ပတ်မနေလို သည့်ပြင် မိမိ၏တိုင်းသူပြည်သားများကို လွတ်လပ်ရေးအတွက် တိုက်ခိုက်ရာတွင် ကူညီလိုသောဆန္ဒကြောင့် အင်္ဂလန်ပြည်သို့ ပြန်ခဲ့လေသည်။

အဂ‡လန်ပြည်သို့ ပြန်ရောက်သောအခါ လန်ဒန်မြို့တွင် နေထိုင်၍ ပါလီမန်နှင့်ပျူရီတန်တို့ဖက်မှ အားပေးကူညီခဲ့လေသည်။ သူသည် ပါလီမန်နှင့် ပျူရီတန်တို့အား ထောက်ခံအားပေးသည့် စာရွက်စာတမ်း အများအပြားရေးသားခဲ့၏။ ထိုကြောင့် ယခင်ကကဲ့သို့ ကဗျာများကို မရေးသားတော့ဘဲ စကားပြေဖြင့်သာ နိုင်ငံရေးရာများကို ကလောင်ဝင့်ခဲ့လေသည်။ ၁၆၄၂ ခုနှစ်တွင် ပါလီမန်နှင့် ပထမချားတို့ အာဏာလုပွဲမှာ လက်နက်စွဲကိုင် တိုက်ခိုက်သည့် ပြည်တွင်းစစ် အဖြစ်သို့ ပြောင်းလဲသွားလေ၏။

မီလတန်မှာ ကိုယ်တိုင်တိုက်ခိုက်ခြင်း မပြုသော်လည်း ပျူရီတန်တို့အား များစွာ ကူညီ ခဲ့လေသည်။ ထို့ပြင် ပါလီမန်ဘက်တော်သားများအတွက် ဝါဒဖြန့် စာရွက်စာတမ်းများစွာ ရေးသားထုတ်ဝေခဲ့၏။ ၁၆၄၉ ခုနှစ်တွင် ချားဘုရင်အား ခေါင်းဖြတ်သတ်သည့် အခါ၌လည်း ပျူရီတန်တို့မှာ ဝတ္တရားရှိလာသောကြောင့်သာ ဘုရင်အား စီရင်ရကြောင်း ရှင်းလင်းချက် စာတမ်းပင်ရေးသားထုတ်ဝေခဲ့လေသည်။

၁၆၄၃ ခုနှစ် လောက်တွင် မီလတန်သည် ဘုရင့်ဘက်တော်သား မြေပိုင်ရှင်တစ်ဦး၏ သမီး မေရီပေါင်ဝယ်ဆိုသူနှင့် လက်ထပ်ခဲ့လေသည်။ ထိုမိန်းကလေးမှာ အသက် ၁၇ နှစ်မျှသာ ရှိသေးရာ သူ၏အသက်၊ ထက်ဝက်သမျှ ငယ်သေး၏။ ထို့ပြင် အပူအပင်မရှိဘဲ ပျော်ပျော်နေတတ်သူကလေးဖြစ်ရာ မီလတန်က တည်ကြည်အေးစက်စွာ ပြောဆိုဆက်ဆံသည်ကို သည်းမခံနိုင် ဖြစ်လာသောကြောင့် လက်ထပ်ပြီး တစ်လခန့်အကြာတွင် မိဘရပ်ထံသို့ ခေတ္တဆိုကာ ပြန်သွားရာ ၃ နှစ်ကြာမှ ပြန်လာခဲ့၏။ ၁၆၅၂ ခုနှစ်တွင်ကား ထိုဇနီးသည်ကလေး သေဆုံးသွားခဲ့ရာ သမီး ၃ ယောက် ကျန်ခဲ့လေသည်။ ယင်းသို့ဖြင့် မီလတန်၏ အိမ်ထောင်ရေးမှာ ချမ်းမြေ့သာယာခြင်းမရှိ ဖြစ်ခဲ့ရပေသည်။ မီလတန်သည် မိမိ၏အိမ်ထောင်ရေး မသာယာမှုကို အကြောင်းပြုကာ လွတ်လပ်စွာလင်မယား ကွာရှင်းနိုင်ရေးကို ထောက်ခံသော စာတမ်းတစ်စောင် ရေးသားခဲ့၏။

ယင်းစာတမ်းနှင့်စပ်လျဉ်း၍ လူများအတော်လှုပ်လှုပ်ရွရွ ဖြစ်ခဲ့သည့်ပြင် ပြင်းပြင်းထန်ထန် ဝေဖန်ခြင်းလည်း ခံရလေသည်။ ချားဘုရင်အား ခေါင်းဖြတ် အဆုံးစီရင်ပြီးသည့်နောက်တွင် ကွမ်မွန်းဝဲ့အစိုးရ၏ နိုင်ငံခြားဘာသာ စကားများဆိုင်ရာ အတွင်းရေးမှူးအဖြစ် ခန့်ထားခြင်း ခံရလေသည်။ ထိုအလုပ်မှာ နိုင်ငံခြား တိုင်းပြည်များနှင့် ဆက်ဆံရာတွင် အလဲအလှယ် ပေးပို့ကြသော သဝဏ်လွှာများကို လက်တင်ဘာသာသို့ ပြန်ဆိုခြင်းနှင့် နိုင်ငံအစိုးရ၏ သဘောထား ဝါဒများကိုလည်း တိုင်းတစ်ပါးတို့ သိရှိရန် စာတမ်းများကို လက်တင်ဘာသာဖြင့် ရေးသားထုတ်ဝေရခြင်း ဖြစ်လေသည်။ ထိုကြောင့် မီလတန်အား လက်တင်အတွင်းရေးမှူးဟုလည်း ခေါ်ကြလေသည်။

မီလတန်သည် ကရွမ်းဝဲအား လေးစားကြည်ညိုခဲ့သူ ဖြစ်လေရာ ကရွမ်းဝဲကိုယ်တိုင်ခန့်ထားသည့် ထိုရာထူးတွင် ထမ်းရွက်ရာ၌ တာဝန်ကျေပြွန်အောင် အထူးပင် ကြိုးစားလုပ်ကိုင် ပေးခဲ့လေ၏။ ထိုကြောင့် ငယ်စဉ်ကပင် စာပေလေ့လာလွန်း၍ မျက်စိမှုန် ခဲ့သူ မီလတန်မှာ ၁၆၅၂ ခုနှစ်တွင် မျက်စိလုံးလုံးကွယ်ခဲ့လေသည်။ သို့သော် မီလတန်သည် မိမိ၏ရာထူးကို လက်မလွှတ်သေးဘဲ ငယ်သားတို့၏ အကူအညီဖြင့် ၁၆၅၇ ခုနှစ်တိုင်အောင် ဆက်လက် လုပ်ကိုင်ခဲ့၏။

၁၆၆ဝ ပြည့်နှစ်တွင်ကား မျက်စိကွယ်သည်ထက် မီလတန်အား ပိုမိုစိတ်ထိခိုက်သည့် ပြောင်းလဲမှုကြီး ဖြစ်ပေါ်ခဲ့လေသည်။ ထိုနှစ်တွင် မီလတန် အထင်ကြီးကြီးနှင့် မျှော်လင့်အားထားခဲ့သော ကွမ်မွန်းဝဲ့အစိုးရ အုပ်ချုပ်မှု ပျက်ပြားသွား၍ ဘုရင့်အုပ်စိုးမှု ပြန်လည်ထွန်းကားလာလေသည်။ မီလတန်တို့ ခေါင်းဖြတ်အဆုံးစီရင်ခဲ့သော ချားဘုရင်၏ သားတော် ဒုတိယချား နန်းတက်လေရာ၊ မီလတန်အား ဖိနှိပ် ညှဉ်းပန်းခြင်းမှာ အဆန်းမဟုတ်ချေ။ အသတ် မခံရခြင်းပင် ကုသိုလ်ကောင်းသည်ဟု ဆိုရပေမည်။ မီလတန်သည် နာမည်ကြီးသော ကဗျာဆရာဖြစ်သဖြင့်သာ အသက်ဘေးမှ လွတ်ခဲ့ရသည်ဟုဆိုလေသည်။ မည်သို့ဖြစ်စေ အောက်လွှတ်တော်အမိန့်ဖြင့် ထောင်သွင်းအကျဉ်းချခြင်းကား ခံခဲ့ရ၏။ သို့သော် မျက်နှာကြီး မိတ်ဆွေကောင်းများက ကူညီစောင့်ရှောက်သောကြောင့် ထောင်မှ လွတ်ခဲ့ရလေ၏။

မီလတန်မှာ အသက် ၅၂ နှစ် တတိယအရွယ်တွင် ကံဆိုးမိုးမှောင် ကျခဲ့သည်ဟု ဆိုနိုင်လေသည်။ သူသည် ထောင်မှလွတ်ခဲ့သော်လည်း ပစ္စည်းဥစ္စာလည်း ပျက်ပြား၊ လူကလည်း ကောင်းစွာမမာသည့်ပြင်၊ မျက်စိလည်း ကွယ်နေလေသည်။ ထို့ပြင် ပထမဇနီးနှင့်ရသည့် သမီးများမှာလည်း စောင့်ရှောက်ထိန်းသိမ်းမည့် သူမရှိဘဲ ကြီးပြင်းလာရသည့် အားလျော်စွာ စာမတတ်ဘဲ၊ တစ်ကိုယ်ကောင်းစိတ်မွေးကာ ဖြုန်းတီးရန်သာတတ်သဖြင့် မီလတန်မှာ သူတို့အတွက် များစွာ စိတ်ဆင်းရဲခဲ့ရလေ၏။ ၁၆၅၆ ခုနှစ်တွင် ကက်သရင်းဟုကော့ အမည်ရှိ အမျိုးသမီးတစ်ဦးနှင့် လက်ဆက်ပြန်ရာ ၁၆၅၇ ခုနှစ်တွင် မီးတွင်း၌ ဆုံးသွားလေသည်။ ၁၆၆၃ ခုနှစ်မှ စ၍ကား မီလတန်မှာ အိမ်ထောင်ရေးသုခကို အတော်ကလေး ခံစားရလေသည်။ အကြောင်းမှာ ထိုနှစ်တွင်လက်ထပ်ခဲ့သည့် တတိယ ဇနီး အယ်လစ်ဇဗက်မင်ရှယ်သည် မီလတန်ထက် အသက် ၃ဝ ခန့် ငယ်သော်လည်း မီလတန်အား ချစ်ခင်ယုယစွာ လုပ်ကျွေးပြုစုခဲ့ သောကြောင့် ဖြစ်လေသည်။

မီလတန်သည် ထောင်မှ လွတ်ပြီးနောက် ဟောတန်မြို့ရှိ တောအိမ်တွင် ပြောင်းရွှေ့နေထိုင်ပြီးသော သူရည်ရွယ်ခဲ့ရင်းအတိုင်း စာပေရေးသားခြင်း လုပ်ငန်းကို ပြန်လည် လုပ်ကိုင်ခဲ့လေသည်။ ဒုက္ခမုန်တိုင်း အမျိုးမျိုး ကြုံခဲ့ရပြီးနောက် သူ၏ တတိယအရွယ် နောက်ပိုင်းတွင် ချမ်းမြေ့သာယာမှုကလေးများ ရခဲ့သဖြင့် မီလတန် မှာ သူရေးသားရန် ကြံရွယ်ခဲ့သည့် 'ဆုံးရှုံးရသည့် လောကနိဗ္ဗာန်' ဟူသော ကဗျာရှည်ကြီးကို ရေးသားနိုင်ခဲ့လေ၏။ ၁၆၆၇ ခုနှစ်တွင် ထိုကဗျာကြီးကို ပုံနှိပ်ထုတ်ဝေခဲ့လေရာ လူကြိုက်အလွန်များ၍ မီလတန်၏ အမည်မှာ တမုဟုတ်ခြင်း ဟိုးလေးတကျော် ဖြစ်သွား လေသည်။ ထိုကဗျာကြီးကား မီလတန်၏ အမည်ကို ကမ္ဘာတည် သရွေ့ အဓွန့်ရှည်စွာ ဥဒါန်းတွင်စေမည့် ကောင်းခြင်း အဝဝနှင့် ပြည့်စုံလှသည့် ကဗျာကြီးပေတည်း။ မီလတန်မှာ ဘုရား တရား အလွန်ကြည်ညိုသူ ဖြစ်လေရာ ထိုကဗျာကြီးကို သမ္မာကျမ်းစာပါ အာဒမ်နှင့် ဧဝတို့၏အကြောင်းကို မူတည်လျက် ရေးသားထား သဖြင့် အလွန်ခန့်ညားလှသည့် သမ္မာကျမ်းလာ ကဗျာကြီးဟု ခေါ် ထိုက်လှပေသည်။

ထိုကဗျာကြီးအပြင် နောင်အခါတွင် လောကနိဗ္ဗာန် ပြန်ရခြင်း ကဗျာနှင့် ဆမ္မန်၏သောက ကဗျာကြီးများကို ရေးသားခဲ့သေး၏။ သို့သော် ဆုံးရှုံးရသည် လောကနိဗ္ဗာန် လောက် မကောင်းလှချေ။ မီလတန်၏ စာပေများကို အချိန်ကာလအလိုက် ၃ ပိုင်းခွဲခြားနိုင်ပေသည်။ ပြည်တွင်းစစ်မဖြစ်မီ ပထမကာလတွင် မီလတန်သည် သီချင်းကဗျာတိုကလေးများကို ရေးသားခဲ့၏။ ပြည်တွင်းစစ်ခေတ်အတွင်း ဒုတိယကာလ၌မူ နိုင်ငံရေး စာပေများကို စကားပြေဖြင့် ရေးသားခဲ့သည်။ တတိယကာလတွင် ရေးသားခဲ့ သည့် ဆုံးရှုံးရသည့် လောကနိဗ္ဗာန် စသည့် ကဗျာရှည်ကြီး များကား အလွန်တရာ တင့်တယ်ခန့်ညားလှ၍ ခေတ်အမျိုးမျိုးပြောင်း သော်လည်း တသမတ်တည်း အဓွန့်ရှည်စွာ ကျော်ကြားနေမည့် မီလတန်၏ အကောင်းဆုံး လက်ရာများဖြစ်ပေသည်။ ဆုံးရှုံးရသည့် လောကနိဗ္ဗာန် ကဗျာ ကြီးမှာ သမ္မာကျမ်းစာနှင့် ရှိတ်စပီးယား၏ ပြဇာတ်များမှလွဲ၍ အင်္ဂလိပ် လူမျိုးတို့၏ စာပေနှင့် အတွေးအခေါ်ကို အလွှမ်းမိုးဆုံးသော ကဗျာ ဖြစ်လေသည်။

မီလတန်ကား မိမိ၏ ယုံကြည်အားထားချက်ကို စွဲစွဲလမ်းလမ်းနှင့် အနစ်နာခံကာ ဆောင်ရွက်ခဲ့သူ ဖြစ်၏။ ပျူရီတန်တို့၏ ဝါဒကို ယုံကြည်လေးစားသူ ဖြစ်သည့်အတိုင်း ပျူရီတန်တို့ ခေါင်း ဆောင်သည့် ကွမ်မွန်ဝဲ့အစိုးရအဖွဲ့အတွက် မျက်စိနှစ်လုံး အကွယ်ခံကာ ဆောင်ရွက်ခဲ့လေသည်။ မီလတန်ကား အကျင့်စာရိတ္တတွင် မှဲ့ တစ်ပေါက်မစွန်းရလေအောင် တည်ကြည် ဖြောင့်မှန်စွာ နေခဲ့လေ၏။ ဤကဲ့သို့သော အရည်အချင်းများနှင့်ပြည်စုံခဲ့သည့် စာဆိုကြီးသည် ၁၆၇၄ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် အနိစ္စရောက်သွားလေ သည်။

ထိုအချိန်တွင် သူ၏စာပေအရေးအသားတို့ကြောင့် သူ့ရန်သူ ဟောင်းများပင် မီလတန်အား ချစ်ခင်လေးစားလာကြပြီဖြစ်၏။ မီလတန် ကွယ်လွန်ပြီးနောက်တွင်ကား သူ၏စွမ်းရည်ကို မှီအောင် လိုက်နိုင်သည့် စာဆိုများ မပေါ်ပေါက်ခဲ့သေးချေ။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)