ငန်းဆေး
ငန်းဆေး
ပြင်ဆင်ရန်သံယုတ်ပါဠိတော်၊ အင်္ဂုတ္ထိုရ်ပါဠိတော်များတွင် မြတ်စွာ ဘုရား ဟောကြားတော်မူသော နာခြင်းအကြောင်း ရှစ်ပါး ရှိသည်။ ထိုရှစ်ပါးကား (၁) လေဓာတ်ပျက်၍နာခြင်း၊ (၂) သည်းခြေပျက်၍ နာခြင်း၊ (၃) သလိပ်ပျက်၍ နာခြင်း၊ (၄) သလိပ်၊ သည်းခြေ၊ လေ ၃ ပါးစုံပျက် သန္နိပါတ်ဆိုက်၍ နာခြင်း၊ (၅) ဥတုဖောက်ပြန်ပြောင်းလဲ၍ဖြစ်သော နာခြင်း၊ (၆) မိမိကိုယ်ကို မသင့်မတင့်အောင် ဆောင်ရွက်သဖြင့် နာခြင်း၊ (၇) မိမိလုံ့လ၊ သူတပါးလုံ့လနှင့် နာအောင်၊ သေ အောင် တမင်အားထုတ်မှုကြောင့် နာခြင်း၊ (၈) ဥပစ္ဆေဒကကံ အတင်းနှိပ်စက်၍ နာခြင်းဟူသတည်း။ ထိုနာခြင်း ရှစ်မျိုးတို့ကို မြန်မာ့လက်သုံးဆေးဖြစ်သော ငန်းဆေးဖြင့် ထိုက်သလို ပျောက် ကင်းအောင် ကုမနိုင်သည်ဟု ဆိုသည်။ အနာရောဂါကိုလိုက်၍ ငန်းဆေးမှာ အမျိုးမျိုး ရှိ၏။ ငန်းဆေးတစ်မျိုးစီတွင် အနာ ရောဂါ၏ လက္ခဏာကိုကြည့်၍ တိုက်ကျွေးရန် ဆေးညွှန်းများ လည်း ရှိကြသည်။ ငန်းဆေးသည် အထူးသဖြင့် သန္နိပါတ် ဆိုက်၍နာသော ရောဂါများတွင် ပို၍ အစွမ်းထက်သည်။ ထိုသန္နိပါတ်ဆိုက်၍နာသော ရောဂါကို ငန်းရောဂါဟု ခေါ် သည်။ ဓာတုဝိဘာဂကျမ်းတွင် ပြတက် ၃ ပါး၊ ဒွေးဝမ်း ၃ ပါး၊ သန္နိပါတ် ၁ ပါး ပေါင်း ၇ ပါးသော ရောဂါတို့သည် မြန်စွာတိုးတက်လျက် မြွေနဂါးအဆိပ်တက်သကဲ့သို့ ပြင်းထန် စွာ ဖြစ်လာခြင်းကြောင့် ငန်းနာဟူ၍ ခေါ်ဆိုရာသည်ဟု ဆို ထားလေသည်။ ထိုရောဂါစွဲကပ်သောလူနာ၏ မျက်စိ၊ မျက်နှာ၊ လျှာ၊ လက်ဝါး၊ ဖဝါး၊ ကိုယ်ရေကိုယ်သားတို့မှာလည်း စိမ်း၊ နီ၊ ညို၊ ဝါ၊ နက်ပြာ၊ ပြောက်ကျား၊ အဆင်းအရောင်ပြား လျက် ငန်းမြွေတို့၏ အမျိုးအစားများသကဲ့သို့ရှိခြင်းကြောင့် ငန်းဖျား၊ ငန်းနာ၊ ငန်းရောဂါခေါ်သည်ဟု အချို့ဆရာတို့က ဆို၏။ ထိုငန်းဖျား၊ ငန်းနာရောဂါတွင် (၁) လေနှင့်ယှဉ်သော ငန်းရောဂါ၊ (၂) သလိပ်နှင့်ယှဉ်သော ငန်းရောဂါ၊ (၃) သည်းခြေနှင့်ယှဉ်သော ငန်းရောဂါဟူ၍ သုံးမျိုးရှိသည်။ ထို သုံးမျိုးတွင် လေချည်းသက်သက်၊ သလိပ်ချည်းသက်သက်၊ သည်းခြေချည်းသက်သက် တစ်မျိုးတည်း ယှဉ်၍ဖြစ်လျှင် ပြတက်၊ လေနှင့်သလိပ်၊ သလိပ်နှင့် သည်းခြေ၊ သည်းခြေနှင့် လေဟူ၍ နှစ်မျိုးယှဉ်၍ဖြစ်လျှင် ဒွေးဝမ်း၊ လေ၊ သလိပ်၊ သည်းခြေ သုံးပါးစုံယှဉ်၍ဖြစ်လျှင် သန္နိပါတ်ဟူ၍ ခေါ်ကြောင်း အဆိုရှိ၏။ ဓာနွန္ဒြီကျမ်းရင်းကြီးအလိုအားဖြင့် ၂၁ ပါးသော ငန်းရောဂါတို့ ရှိကြကုန်၏။ ယင်းတို့ကား
- ငန်းတွန့်၊
- ငန်းလိမ်၊
- ငန်းသက်၊
- ငန်းနှုတ်ထောက်၊
- လေငန်း၊
- နားအူငန်း၊
- အတုန်ငန်း၊
- ဆုံဆို့ငန်း၊ (ဤကား သလိပ်နှင့် လေ နှစ်ဌာန၌ဖြစ်၏။)
- ကိုယ်လက် လေးလံသောငန်း၊
- အကြောအခြင် တွန့်သောငန်း၊
- ငန်းဖြူ၊
- ငန်းမွဲ၊
- ငန်းဝါ၊
- ငန်းမောင်း၊
- ငန်းနီ၊
- ငန်းသပြေရောင်၊
- ချိန်းညို၊
- ငန်းနက်၊
- ငန်းပြောက်၊
- ငန်းကွက်၊
- ငန်းဆန်ကွဲ တို့ ဖြစ်သည်။
ငန်းရောဂါဖြစ်သော် သမားတို့ ဆေးပေး၍ ချမ်းသာမည်၊ မချမ်းသာမည်ကိုသိရန် ကြည့်ရမည့် လက္ခဏာခြောက်ပါး ရှိ၏။ ထိုလက္ခဏာခြောက်ပါးနှင့် စပ်လျဉ်း၍ ဓာနွန္ဒြီကျမ်းရင်း ကြီးတွင် 'ဆိုခဲ့ပြီးသော တြိဒေါသငန်းသန္နိပါတို့၌ အထက်သို့ လေ၊ သလိပ်၊ သွေးလူးခြင်း၊ အောက်သို့သက်ခြင်း၊ ဟိုက်ခြင်း၊ ရှိုက်ခြင်း၊ တကိုယ်လုံးဖျော့ခြင်း၊ မျက်စိမမြင်ရှိခြင်း၊ ဤခြောက် ပါးသော လက္ခဏာတို့နှင့် ပြည့်စုံလျှင် မချွတ်သေမည်။ တစ်ပါး နှစ်ပါးသာ ဖြစ်မူကား ကုစား၍ဖြစ်၏ဟု သကျ ရှင်ရသေ့ဆိုတော်မူ၏။'ဟု ဖော်ပြထားလေသည်။ ကုစား၍ ချမ်းသာမည့် ငန်းရောဂါများကို ရောဂါအမျိုး အစားအလိုက် ငန်းဆေးကို ထိုက်သလိုပေးခြင်းဖြင့် ထိုရောဂါ ကို နိုင်နင်း၏။ ဤုကိုရည်၍ ဦးတိုး၏ ရာမရကန်တွင် 'အမူးအမှိုင်၊ အထိုင်အလွန့်၊ အတွန့်အငင်၊ ကောက်ကျိ ကောက်ကျစ်၊ ဖြစ်ချင်သမျှ၊ လေးဘက်တွားထလို့မှ၊ အပကြီး ဝင်၊ ငါးမွေကင်လိုက်အောင်၊ ကြောကော့ရောင်များနှင့် မြောက် တောင်ရင်သီ၊ အင်္ကျီထီးလွှား၊ ပြေးသွားမရပ်၊ နှာနှပ်ချက်စဉ်း၊ အကျဉ်းဆို့ဆေး၊ ဓာတ်လေးပါးညီ၊ ဓာနွန္ဒြီ၊ ဓာထုဒီပနီ၊ ကတ္တရသင်္ချီ၊ စမုံနီ၊ စမုံဖြူ၊ ကန့်ပလူဒါရူ၊ ကြက် သွန်ဖြူ၊ တမြိတ်ပါ၊ ဝိသမ္ဘယာ၊ မဟာပဒက္ချ၊ သီဟဗလ၊ ဩသဓ ကက္ကောလီ၊ သန္နိပါတ်ငန်းနိုင်။'ဟု ငန်းရောဂါ၏ ဖြစ်တတ်ပုံနှင့် ငန်းနိုင်ဆေးအကြောင်းကို အမြွက်မျှ ရေးသားပြ ထားသည်ကို မတွေ့ရ၏။
ဘေးသဇ္ဇဒီပနီတွင်မူကား 'လူတို့၌င်၊ ခဲအင်လှငြား၊ ငါးပါး ငန်းတက်၊ ကုစားခက်၏၊ ငန်းသက်၊ ငန်းနီ၊ အညီငန်းနက်၊ တစ်ချက်ငန်းပေါက်၊ အနာရောက်မူ၊ ငန်းဟူမှန်ဘိ၊ လက်မထိရ၊ နာကျင်လှ၏၊ ခြေကတက်ငြား၊ ရင်ဘတ်ကားမူ၊ ငန်းတက် ဟူလာ့၊ ခေါင်းမူးလည်းခဲ၊ မေးကဆွဲလျက်၊ ငန်းသက်အနာ၊ ရှိတို့ရာ၏၊ အနာငန်းနီ၊ ဝေသီမူးမှိုင်၊ နေထိုင်တိမ်းဘိ၊ မျက်စိ ကြက်တက်၊ ခြေလက်ရွေ့လှုပ်၊ လေးဘက်ကုပ်၏၊ အဟုန် ငန်းနက်၊ တစ်ကျည်းတက်သို့၊ ဝမ်းပျက်ပြုငြား၊ ငန်းပါးပါးကို ကုစားမည်ကြောင်း၊ လက်နက်ကောင်းကာ၊ မြင်းခေါင်းနှာ ယောင်၊ ရအောင်ယူမှ၊ ဘဂ‡သစ်ဆွဲလွဲ၊ ရှင်ကစ္စဲနှင့်၊ တစ်ကွဲ ရှင်ဗာကူ၊ နန်းတူခွေးတောက်၊ ပိတောက်နှစ်ယူ၊ မအူမထောက် ရှာ၊ နှိုင်းရာမဲ့ဘဲ၊ ဘိန်းနွဲအိုးပွတ်၊ သပွတ်သိမ်က၊ ခင်ပုပ် စသည်၊ တပဆေးဖြီး၊ သက်ရင်းကြီးကို သွေးပြီးသောထွေ၊ ပုံရေးနှင့်ပင်၊ ပြင်ကလိမ်းမြောက်၊ အတွင်းသောက်ရ၊ ဧကျင် လှမူ၊ ကြပ်ကြပ်ရှူလော့၊ နာသူငန်းတက်၊ ဖက်တုံတပဆေး၊ မထွေးငန်းပေါက်၊ တစ်စွက်လှောင်လျက်၊ သောက်တည့် လိမ်းလျှင်၊ ကိုယ်တွင်ရောဂါ၊ ကင်းပျောက်ကွာသည်'ဟူ၍ ငန်းပါးကို လက္ခဏာအသီးသီးနှင့်ပြပြီးနောက် ငန်းဆေး နည်းနှင့် ကုထုံးကိုပြ ဆိုထား၏။ နရသုခိဆေးကျမ်းတွင်မူ 'မိုးနံတွင်မှန်း၊ သလိပ်ငန်းနှင့်၊ လေငန်းပြယ်ရိုး၊ အကင်းမျိုးကို နိုင်ကျိုးနပ်လှ'ဟူ၍ သလိပ် ငန်းနှင့် လေငန်းတို့ကို နိုင်နင်းသောဆေးကို ပြဆိုထားသည်။ ဤသို့ဖြင့် မြန်မာဆေးကျမ်းတို့တွင် အသီးသီး အမျိုးမျိုးသော ငန်းရောဂါနိုင်ဆေးတို့ကို ဖော်ပြထားလေသည်။ ထိုငန်းဆေး ပေါင်း များစွာတို့တွင် ဓာတုဝိဘာဂကျမ်းလာ နာဂနိဗ္ဗာန် ငန်းဆေးနည်းမှာ တြိကဋုက် ၃ ပါး၊ ပန်းမျိုး ၅ ပါး၊ စမုန် မျိုး ၅ ပါး၊ သစ်ကြံပိုး၊ ဖာလာ၊ ကရဝေး၊ အိပ်မွေ့၊ ဇာဒိပ္ဖိုလ် သီးပွင့်၊ လေးည|င်း၊ ကံ့ကော်ဝတ်ဆံ၊ ရှိန်းခို၊ မဟောရာကြိး၊ ကွက္ကရာ၊ စပါးကြီးသည်းခြေ၊ လိပ်ကျောက်ဆူး၊ နံ့သာနီ ဖြူ၊ ပတ္တရသင်္ချေ(ကတြသင်္ချာ)တို့ကို အမျှစီအမှုန့်ပြု၍ ကြက်သွန်ဖြူ ရေနှင့် ကြိတ်ပြီးလျှင် နေလှန်းရမည်။ ခြောက်လျှင် တစ်ကြိမ် ထပ်၍ ကြိတ်။ ထိုနောက် ကြိတ်မှန်ရေနှင့် ထပ်ကြိတ်ပြီးလျှင် နေလှန်းရာသည်။ ဆီးကင်းခန့်ကို လူနာအား တစ်ပဟိုရ်လျှင် ၂ ကြိမ်၊ ၃ ကြိမ် တိုက်ရာ၏ဟု ဖော်ပြထားသည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)