ငပြုတ်သခွား၏ ရုက္ခဗေဒအမည်မှာ Cucumis trigonus ဖြစ်သည်။ ၎င်းကို ကဆစ်သခွားဟူ၍လည်း ခေါ်ဝေါ်ကြသေးသည်။ ၎င်းသည် အလေ့ကျပေါက်သော အရိုင်းမျိုးနှင့် ယာခင်းတွင် စိုက်ပျိုးကြသော အယဉ်မျိုး ဟူ၍ ၂ မျိုးရှိသည်။ အရိုင်းမျိုး၏ အသီးသည် ချောမွတ်၍ ဖခဲခါးကဲ့သို့ အဝါစင်းကြောင်းများရှိ၏။ အယဉ်မျိုး၏ အသီးမှာ အမွေးနုကလေးများရှိ၍ ဟင်းလျာအဖြစ်အသုံးပြုကြ၏။ ယာခင်းတွင် စိုက်ပျိုးကြသည်။

အရသာအနေဖြင့် အရိုင်းမျိုး၏ အသီးသည် ခါး၏။ အခါးမျိုးသည် ကြေကျက်သွားသောအခါ (ဝိပါက)၌ ချဉ်၏။ ဝမ်းကို သက်စေသည်၊ လေ၊ သည်းခြေကို နိုင်၏။ အယဉ်မျိုး၏ အသီးသည် ချို၏။ လေး၏။ အချိုမျိုးအမှည့်သည်ပူသော သတ္တိရှိ၏။ ၎င်းအချိုမျိုးသည် ဝမ်းကို ချုပ်စေ၏။ သလိပ်၊ သည်းခြေကို နိုင်သည်။ အချိုမျိုးအမှည့်သည် သည်းခြေ ဒေါသကို ဖြစ်စေ၏။ ၎င်းအသီးမှည့်အခြောက်သည် သလိပ်နှင့် လေဒေါသကို နိုင်၏။ ဝမ်းမီးကို တောက်စေသည်။ အပွင့်သည် ဒေါသ ၃ ပါးကို နိုင်၏။ ဝမ်းမီးကို တောက်စေ၏ ဟု ဆိုသည်။

အချိမျိုး၏ အပွင့်သည် ထိပ်ခတ်နာကို ပျောက်ကင်းစေ၏။ နှုတ်မြိန်စေ၏။ ၎င်းအစေ့သည် လေဖောက်ပြန်ခြင်းကြောင့်ဖြစ်သော ရောဂါများကို နိုင်၏။ ဆာလောင်မွတ်သိပ်ခြင်းကို ဖြစ်စေ၏။ ကာမကို အားပေး၏။ နှလုံး၊ အသိပညာနှင့် အူများကို အားရှိစေ၏။ လိပ်ခေါင်းနှင့် လေငန်းရောဂါတို့ကို လည်း နိုင်၏။ လေကြောင့်ဗိုက်အောင်ရာ၌ ဤအစေ့အမှုန့်သည်ထူးခြားစွာပျောက်ကင်းစေတတ်သည်ဟု ဆိုသည်။[]

  1. အရှင်နာဂသိန် ပုံပြဆေးအဘိဓာန်(ပတွဲ-စာ၂၀၇)