ငါးတံခွန်သည် ငါးသံရှည်မင်းကြားနှင့်အတူ တြိုင်ကီရီဒီ မျိုးရင်းတွင် ပါဝင်သည်။ ပါဏဗေဒအမည်မှာ တြိုင်ကီးရပ် ဟော်မဲလား ဖြစ်သည်၊ ငါးတံခွန်၏ ကိုယ်မှာသေး၍ ကြိုးပြားပုံ သဏ္ဌာန်မျိုး ရှိသည်။ ဆူးတောင်သည် တစ်ဆက်တည်းဖြစ်သည်။ မေးရိုးမှာ ရှည်၍ ချွန်ထွက်လျက်ရှိသည်။ အမြီးဆူးတောင်မရှိဘဲ အမြီးသည် ဆံခြည်ကဲ့သို့ သေးသေးမျှင်မျှင် ဖြစ်သည်။ ပါးဟက်ဝကျယ်သည်။ ဦးခေါင်းဘေးတွင် မျက်စိရှိသည်။ ကိုယ်၌ အကြေးခွံများ ရှိသည်။ အရောင်မှာ ငွေရောင်ရှိပြီး၊ ဆူးတောင်များမှာ ဝါကြန့်ကြန့်အရောင် ရှိသည်။ ငါးတံခွန် သည် အရှည် ၅ ပေအထိ ကြီးထွားသည်။ ငါးတံခွန်ကို အခြောက်လုပ်၍ ရသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)