ငါးစို့ဝန် ပြင်ဆင်ရန်

ငါးစို့ဝန်ဟူသည် အစိုး ၅ စို့ ခေါ် အသင်းအဖွဲ့ ၅ ခုကို အုပ်ချုပ်ရသူဖြစ်၏။ မြန်မာတပ်ဖွဲ့စည်းပုံတွင် စစ်သည် ၅ ယောက် ၁ အိုးစား ၁ ကြပ် ၊ ၅ ကြပ် ၁ သွေးသောက် ၂ သွေးသောက် ၁ တပ်မှူး ၊ ၅ တပ်မှူး ၁ ဗိုလ် ၊ ၅ ဗိုလ် ၁ စို့ ဟူ၍ ရှိရာ အစိုး ၅ စို့ အတွက် အုပ်ချုပ်ရန်ဝန် တစ်ဦးထားရှိခြင်း ဖြစ်သည်။ ယင်းငါးစို့ဝန် အုပ်ချုပ်သည့်တပ်တွင် ခြေသည်တပ် ၊ ဆင်တပ် ၊ မြင်းတပ် အစုံအလင် ပါရှိရကြောင်း သိရှိရ၏။

နေမျိုးစည်သူကျော်ထင် ပြင်ဆင်ရန်

မြေဒူးမင်း လက်ထက်တွင် ငါးစို့ဝန်အဖြစ် နေမျိုးစည်သူကျော်ထင်အား ခန့်အပ်ခဲ့သည်။ ငါးစို့ဝန်ဦးစီးသော တပ်သည် ၁၇၆၉ ခုနှစ်၊ တရုတ်မြန်မာ စတုတ္ထအကြိမ် စစ်ပွဲဖြစ်ပွားစဉ်က ချီတက်လိုက်ပါ စစ်မှုထမ်းခဲ့ရသည်။ ထို့ပြင် ၁၃ ဒီဇင်ဘာ ၁၇၆၉ တွင် စစ်ပြေငြိမ်းရေးကိစ္စ စကားပြောကြစဉ်ကလည်း ငါးစို့ဝန် နေမျိုးစည်သူကျော်ထင် တက်ရောက်ခဲ့၏။

ငါးစို့ဒိုင်းဝန် ပြင်ဆင်ရန်

ငါးစို့ဝန်ရာထူး နှင့် ဒိုင်းဝန်ရာထူးတို့ကို ပူးတွဲခန့်အပ်ဟန်ရှိသည့် ငါးစိုးဒိုင်းဝန်အရာကို တစ်ကြိမ်သာ တွေ့ဖူးပါသည်။ ၁၇၈၂ ခုနှစ်တွင် မင်္ဂလာအိမ်တော်ပါ အမှုထမ်း ၁၂ ဦးအဝင် တုရင်တင့်မှန်အား ငါးစို့ဒိုင်းဝန်အရာ ခန့်အပ်လိုက်ပါသည်။ သို့သော် တုရင်တင့်မှန်မှာ ငါးစို့ဒိုင်းဝန်အဖြစ် နှစ်အနည်းငယ်သာ အမှုထမ်းရွက်ခဲ့ရဟန် ရှိသည်။

ငါးစို့ဝန် ဦးမြတ်နိုး ပြင်ဆင်ရန်

ဦးမြတ်နိုးကို ဘိုးတော်ဘုရားလက်ထက်တွင် မင်းရဲကျော်ခေါင်ဘွဲ့ဖြင့် ငါးစို့ဝန်အရာ ခန့်အပ်ခဲ့သည်။ သူသည် အင်းဝမြို့ ဇာတိဖြစ်ပြီး ဝေသန္တရပျို့ ၊ ဇနက ပျို့စသည့် ပျို့ကဗျာများ ၊ ဟောစာများကို ရေးဖွဲ့ခဲ့သူ စာဆိုတော် တစ်ဦးလည်း ဖြစ်သည်။ လက်ရုံးရည် နှလုံးရည်နှင့်လည်း ပြည့်စုံသူဖြစ်၏။ ငါးစို့ဝန် ဦးမြတ်နိုးသည် ၁၇၈၆ ခုနှစ်တွင် အိမ်ရှေ့မင်း ဦးပေါ်အား မဟာမြတ်မုနိသမိုင်းပျို့ကို ဆက်သခဲ့သည်။