ငွေဇင်ယော်ဦး(မိုးကုတ်)၊ စာရေးဆရာမ

စာရေးဆရာမ ငွေဇင်ယော်ဦးကို မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၌ အဖ ဦးချစ်လှိုင်၊ အမိ ဒေါ်ခင်မေတို့မှ ၁၉၈၄-ခုနှစ်တွင် မွေးဖွားသည်။ ၂၀၀၄- ခုနှစ် အောက်တိုဘာလထုတ် ရွှေအမြုတေ မဂ္ဂဇင်းတွင် လက်တွဲဖော် ဝတ္ထုတိုမှာ ပထမဆုံး ပုံနှိပ်ဖော်ပြခံရသော စာမူဖြစ်သည်။ ၂၀၀၆-တွင် အသံမမြည်သော ခေါင်းလောင်းများ ဝတ္ထုတိုဖြင့် ရွှေအမြုတေ စာပေဆု (မျိုးဆက်သစ်ဆု)၊ ပုံသေနည်းမဲ့ ပုစ္ဆာ ဝတ္ထုတိုဖြင့် ပရိသတ် အကြိုက်ဆုံး ရွှေနှလုံးသားဆု၊ ၂၀၁၃-တွင် ဒီရေကျချိန် ဝတ္ထုတိုဖြင့် ရွှေအမြုတေ စာပေဆု (ဝတ္ထုတိုဆု)ကို ရရှိခဲ့သည်။ ၂၀၁၀-တွင် မိုးတွေရွာနေတယ် ဝတ္ထုတိုစု အမည်ဖြင့် ပထမဆုံး ဝတ္ထုတိုပေါင်းချုပ်ကို ထုတ်ဝေခဲ့ပြီး ထိုစာအုပ်ဖြင့် တော်ဘုရားလေး စာပေဆု (၂၀၁၀) ရရှိခဲ့သည်။ ခင်ချမ်းမြေ့ဇော် ကလောင်အမည်ဖြင့် Treasure Land မဂ္ဂဇင်းတွင် ထူးချွန်ထင်ရှားသူများနှင့် တွေ့ဆုံခြင်း ကဏ္ဍကို ပင်တိုင်ယူထားပြီး ထင်ရှားသော နိုင်ငံရေးသမား၊ စီးပွားရေး သမားများနှင့် တွေ့ဆုံခန်း ၊ အတ္ထုပ္ပတ္တိ ဆောင်းပါးများ ရေးသားခဲ့သည်။

၂၀၁၁-တွင် ဆရာမချောအိမာန်(မန္တလေး)နှင့် တွဲဖက်၍ ချောအိမာန် ပြီးတော့ ငွေဇင်ယော်ဦး ငွေဇင်ယော်ဦး ပြီးတော့ ချောအိမာန် စာအုပ်၊ ၂၀၁၃-တွင် မအေးကြွယ် ထီပေါက်ခြင်း ဝတ္ထုတိုစုများ ထုတ်ဝေထားပြီး ယနေ့အထိ ဝတ္ထုတိုရှည် အပုဒ်ရေ ၈၀-ကျော် ရေးသားပြီး ဖြစ်သည်။ [၁]

  1. စနေဝတ္ထုတိုများ စာအုပ်၊ ၂၀၁၈.ဒီဇင်ဘာ. ၂၅၊ စာ-၁၂